နှလုံးပြဿနာများနှင့် ရင်ဆိုင်နေရသည့် အဂွဲရိုးနှင့် အဲရစ်ဆင်တို့ကို ကစားသမားဘဝမှ အနားယူရန် မူအမ်ဘာ တိုက်တွန်း

နှလုံးပြဿနာများနှင့် ရင်ဆိုင်နေရသည့် အဂွဲရိုးနှင့် အဲရစ်ဆင်တို့ကို ကစားသမားဘဝမှ အနားယူရန် မူအမ်ဘာ တိုက်တွန်း
Photo: Barcelona Twitter
Photo: Barcelona Twitter
Published 4 November 2021

အင်္ဂလန်ကွင်းလယ်လူဟောင်း မူအမ်ဘာက နှလုံးပြဿနာများနှင့် ရင်ဆိုင်နေရသည့် ဘာစီလိုနာတိုက်စစ်မှူး အဂွဲရိုးနှင့် အင်တာမီလန်ကွင်းလယ်လူ အဲရစ်ဆင်တို့ကို ကစားသမားဘဝမှ အနားယူရန် တိုက်တွန်းပြောကြားခဲ့သည်။

အောက်တိုဘာ (၃၀)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဘာစီလိုနာ (၁-၁) အလာဗတ်စ်ပွဲတွင် ဘာစီလိုနာတိုက်စစ်မှူး အဂွဲရိုးသည် နှလုံးခုန်နှုန်းပုံမှန်မဟုတ်သော ဖြစ်စဉ်ကြောင့် အသက်ရှူကျပ်သည့်ဝေဒနာ ခံစားခဲ့ရကာ ဆက်ကစားနိုင်ခြင်းမရှိသဖြင့် ပွဲချိန် (၄၂)မိနစ်တွင် ကော်တင်ဟိုနှင့် လူစားလဲခဲ့ရသည်။

ယင်းနောက် အဂွဲရိုးကိုဆေး ရုံတင်ပို့ခဲ့ရပြီး နောက်ဆက်တွဲစစ်ဆေးမှုများအရ ၎င်းအနေဖြင့် ဘောလုံးကစားခြင်းမှ (၃)လခန့် အနားယူရမည် ဖြစ်ကြောင်း သိရသည်။

အင်တာမီလန်အသင်းမှ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်မှာမူ ဇွန်လ (၁၂)ရက်က ကစားခဲ့သည့် ယူရို-၂၀၂၀ အုပ်စုပွဲစဉ် ဒိန်းမတ် (၀-၁) ဖင်လန်ပွဲတွင် ပထမပိုင်းပြီးခါနီးတွင် နှလုံးခုန်ရပ်ကာ မေ့မြောလဲကျခဲ့ပြီး အရေးပေါ်ကုသမှုများ ပြုလုပ်ခဲ့ရသည်။

အဲရစ်ဆင်အနေဖြင့် နှလုံးအကူစက်တပ်ဆင်ကာ ကစားရန် စီစဉ်နေသော်လည်း အီတလီနိုင်ငံတွင် ခွင့်မပြုခြင်းကြောင့် အခက်တွေ့နေကြောင်း သိရသည်။

မူအမ်ဘာသည် ဘော်လ်တန်အသင်းတွင် ကစားနေစဉ် ၂၀၁၂ မတ်လတွင် အဲရစ်ဆင်ကဲ့သို့ပင် ကွင်းအတွင်း နှလုံးရပ်ကာ လဲကျမေ့မြောခဲ့ပြီး ယင်းနှစ်နှောင်းပိုင်းတွင် ကစားသမားဘဝမှ အနားယူခဲ့သည်။

ထို့ကြောင့် မူအမ်ဘာက အဂွဲရိုးနှင့် အဲရစ်ဆင်တို့ကိုလည်း အသက်ရှင်သန်နိုင်ရေးအတွက် ကစားသမားဘဝမှ အနားယူရန်တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

၎င်းက ''အဲရစ်ဆင်အနေနဲ့ ကွင်းအတွင်း လဲကျဖူးတာကြောင့် ဘောလုံးဆက်ကစားဖို့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်ကတော့ သူ့ကို ကစားသမားဘဝက အနားယူဖို့ဘဲ တိုက်တွန်းလိုပါတယ်။ အဂွဲရိုးကတော့ ကွင်းအတွင်း လဲကျခဲ့တာ မဟုတ်ပါဘူး။ ဒါက အဲရစ်ဆင်ရဲ့ဖြစ်စဉ်နဲ့ ခြားနားတယ်လို့ ထင်ရပေမဲ့ တူတာတွေလည်း ရှိပါတယ်။ သူ့အနေနဲ့ ရင်ဘတ်နာတာကို ခံစားနေရပြီဆိုရင် နောက်လည်း အဲဒီလိုဖြစ်နိုင်ပြီး သူ့ကိုလည်း ကစားသမားဘဝက အနားယူဖို့ပဲ ပြောချင်ပါတယ်''ဟု ဆိုခဲ့သည်။ 

 

Most Read

Most Recent