■ နည်းပြ ဆိုးလ်ရှား၏ မန်ယူကစားသမားဘဝ သွင်းဂိုးအရေအတွက်ကို စီရော်နယ်လ်ဒို ကျော်ဖြတ်

■ နည်းပြ ဆိုးလ်ရှား၏ မန်ယူကစားသမားဘဝ သွင်းဂိုးအရေအတွက်ကို စီရော်နယ်လ်ဒို ကျော်ဖြတ်
Photos : AP, Gettyimages
Photos : AP, Gettyimages
Published 4 November 2021

မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်လ် ဒိုသည် နိုဝင်ဘာလ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သော အတ္တလန်တာအသင်းနှင့် နှစ်ဂိုးစီ သရေကျသည့်ချန်ပီယံလိဂ်ပွဲစဉ်တွင် အသင်းအတွက် နှစ်ဂိုးစလုံး သွင်းယူပေးပြီးနောက် နည်းပြဖြစ်သူ ဆိုးလ်ရှား၏မန်ယူကစားသမားဘဝ သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းပွဲတွင် အတ္တလန်တာအသင်းက  အီလီချစ်(၁၂ မိနစ်)နှင့် ဇာပါတာ(၅၆ မိနစ်)တို့၏ဂိုးများဖြင့် နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပြီးနောက် စီရော်နယ်လ်ဒိုတစ်ဦးတည်းက ပထမပိုင်းနှင့် ဒုတိယပိုင်း နာကျင်အချိန်ပိုများတွင် ချေပဂိုးများ ပြန်လည်သွင်းယူနိုင်ခဲ့ ခြင်းဖြစ်သည်။ 

အဆိုပါဂိုးများကြောင့် စီရော်နယ်လ်ဒိုသည် မန်ယူအသင်း၌ ပထမအကြိမ်ကစားခဲ့စဉ်က သွင်းဂိုးများအပါအဝင် ပြိုင်ပွဲ စုံ ၃၀၃ ပွဲတွင် ၁၂၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး နည်းပြ ဆိုးလ်ရှား၏ မန်ယူကစားသမားဘဝ သွင်းဂိုးအရေအတွက်ကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။ 

ဆိုးလ်ရှားသည် မန်ယူအသင်းတွင် ၁၉၉၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားသွားခဲ့ပြီး ပြိုင်ပွဲစုံပွဲပေါင်း ၃၆၆ ပွဲကစားခဲ့ရာတွင် ၁၂၆ ဂိုး သွင်းယူပေးခဲ့သည်။ 

စီရော်နယ်လ်ဒိုနှင့် ဆိုးလ်ရှားသည် မန်ယူအသင်းတွင် ၂၀၀၃ ခုနှစ်မှ ဆိုးလ်ရှား ကစားသမားဘဝမှအနားယူသည့် ၂၀၀၇ ခုနှစ်အထိ အတူတွဲ ကစားခဲ့ခြင်းဖြစ်သည်။ 

စီရော်နယ်လ်ဒိုအနေဖြင့် မန်ယူအသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစာရင်း၌ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့် ဘရိုင်ယန်မက်ကလဲနှင့် သွင်းဂိုးတူညီနေသော်လည်း ပွဲအရေအတွက်လျော့နည်းသဖြင့် အဆင့် ၁၅ နေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။ 

စီရော်နယ်လ်ဒိုသည် မန်ယူအသင်းသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ပြိုင်ပွဲစုံ ၁၁ ပွဲတွင် ကိုးဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် လေးပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။  

''ခက်ခဲတဲ့ပွဲတစ်ပွဲပါပဲ။ ဘာဂါမိုမှာ ကျွန်တော်တို့ လာကစားတဲ့ပွဲတိုင်း အမြဲခက်ခဲလေ့ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အဆုံးထိတိုင်အောင် ကျွန်တော်တို့ ယုံကြည်မှုရှိခဲ့ပါတယ်။ ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ဟာ လွယ်လွယ်နဲ့ အလျှော့မပေးခဲ့သလို၊ ပွဲပြီးဆုံးချိန်အထိ ယုံကြည်မှုရှိခဲ့တာဟာ အသင်းအတွက် ကောင်းမွန်တဲ့အဖြေပါပဲ။ ပွဲအစမှာ ခက်ခဲခဲ့ပြီး အတ္တလန်တာက ဖိအားအတော်ပေးမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ သူတို့မှာ အလွန်ကောင်းတဲ့ နည်းပြတစ်ဦးရှိပြီး ဂျူဗင်တပ်စ်မှာ ကစားခဲ့ချိန်ကတည်းက သူတို့နဲ့ ရင်ဆိုင်ရတဲ့ပွဲတိုင်း အမြဲခက်ခဲခဲ့ပါတယ်။ အဆုံးသတ်မှာတော့ ကျွန်တော်တို့ အနည်းငယ်ကံကောင်းခဲ့ပါတယ်။ ဒါဟာ ဘောလုံးပါပဲ''ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။ 

နည်းပြ ဆိုးလ်ရှားကမူ စီရော်နယ်လ်ဒိုအား ဘက်စကတ်ဘောအကျော်အမော် မိုက်ကယ်ဂျော်ဒန်နှင့် နှိုင်းယှဉ်ကာ ချီးကျူးခဲ့သည်။

Most Read

Most Recent