လူမှုအင်စတီကျူးရှင်းကြီးများ

လူမှုအင်စတီကျူးရှင်းကြီးများ
Published 2 November 2021

အင်စတီကျူးရှင်းဟူသည့် စကားရပ်ကို လူ့အဖွဲ့အစည်းတစ်ရပ်အတွက် အရေးပါသော ဓလေ့ထုံးတမ်းပုံစံ သို့မဟုတ် အပြုအမူပုံစံတစ်ရပ်ကို ညွှန်းဆိုရာ၌လည်းကောင်း၊ အထူးသဖြင့် အစိုးရ သို့မဟုတ် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများနှင့်ဆိုင်သော အဖွဲ့အစည်းများကို ညွှန်းဆိုရာ၌လည်းကောင်း အသုံးပြုလေ့ရှိသည်။ လူမှုအစီအစဉ်၏ ဖွဲ့စည်းပုံများနှင့် လုပ်ငန်းစဉ်များအလိုက် အင်စတီကျူးရှင်းများသည် နိုင်ငံရေးသိပ္ပံ၊ မနုဿဗေဒ၊ ဘောဂဗေဒနှင့် လူမှုဗေဒတို့ကဲ့သို့သော လူမှုရေးဆိုင်ရာ ပညာရပ်များတွင် လေ့လာရန် အဓိကအကြောင်းအရာတစ်ရပ် ဖြစ်သည်။ အဓိကလူမှုအင်စတီကျူးရှင်း ခုနစ်ရပ်ရှိသည်။ ၎င်းတို့မှာ မိသားစု၊ လူ့အသိုင်းအဝိုင်း၊ ဘာသာရေး၊ ပညာရပ်ဆိုင်ရာရပ်ဝန်း၊ လုပ်ငန်းဆိုင်ရာရပ်ဝန်း၊ မီဒီယာနှင့် အစိုးရတို့ဖြစ်သည်။

မိသားစုဟူသော အင်စတီကျူးရှင်း၏ အခန်းကဏ္ဍမှာ တာဝန်ခံမှုရှိသော နိုင်ငံသားများဖြစ်ရေး သေချာရန်၊ လူ့အဖွဲ့အစည်းကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တစ်ဦးချင်း လွတ်လပ်ခွင့်နှင့် ပတ်သက်သောဆန္ဒများကို လူ့အသိုင်းအဝိုင်း၏ တာဝန်ခံမှုရှိရန် တောင်းဆိုချက်များနှင့် ချိန်ညှိရန်တို့ဖြစ်သည်။

လူ့အသိုင်းအဝိုင်းနှင့် ပတ်သက်သော အင်စတီကျူးရှင်းအခန်းကဏ္ဍတွင် ဖက်ဒရယ်ဟူသည့် သဘောတရားက အရေးပါသည်။ ဖက်ဒရယ်၏ မူရင်းသဘောတရားမှာ ဖြစ်နိုင်သမျှ အနိမ့်ဆုံးအဆင့်၌ ဖြစ်နိုင်သမျှ ဆုံးဖြတ်ချက်များများ ချမှတ်ရန်ဖြစ်သည်။ ထို့ကြောင့် လူ့အသိုင်းအဝိုင်းဟူသော အင်စတီကျူးရှင်း၏ အခန်းကဏ္ဍသည် တာဝန်ခံမှုနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းကို ပြည်သူများနှင့် အနီးကပ်ဆုံးဖြစ်အောင် ထိန်းသိမ်းခြင်းအားဖြင့် အာဏာနှင့် ပတ်သက်သော ဗဟိုချုပ်ကိုင်မှုကို ကာကွယ်ရန်ဖြစ်သည်။

ဘာသာရေးနှင့် ဉာဏ်ပညာတို့သည် ပြည်သူများနှင့် လွတ်လပ်သော အစိုးရများအတွက် အခြေခံအုတ်မြစ်များ ဖြစ်ရုံသာမက လူမှုပျော်ရွှင်မှုတစ်ရပ်လည်း ဖြစ်သည်။ ဘာသာရေးဟူသော အင်စတီကျူးရှင်း၏ အခန်းကဏ္ဍသည် နိုင်ငံသားများအား ဘာသာရေးနှင့် ပတ်သက်သည့် တာဝန်များနှင့် ဘာသာရေးအပေါ် တည်မှီနေမှုများကို သတိပေးရန်ဖြစ်သည်။

ပညာရပ်ဆိုင်ရာ ရပ်ဝန်းဟူသည့် အင်စတီကျူးရှင်းသည် အသိအမြင် ဗဟုသုတများမှတစ်ဆင့် ယဉ်ကျေးမှုကို တိုးတက်စေခြင်း၊ လူမှုစီးပွားဆိုင်ရာ မညီမျှမှုများကို ကာကွယ်ရန် အထောက်အကူပြုခြင်း၊ လူသားတို့၏ အကြောက်တရားများနှင့် မသိနားမလည်မှု အကန့်အသတ်များကို ချိုးဖျက်ပေးခြင်း၊ သမိုင်းဆိုင်ရာ အမှားများထပ်မံမကျူးလွန်မိအောင် အထောက်အကူပြုခြင်းနှင့် နိုင်ငံသားများကို အုပ်ချုပ်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ အချက်အလက်များပေးခြင်းဖြင့် အစိုးရအား စောင့်ကြည့်စစ်ဆေးမှုကို ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးသည်။

လုပ်ငန်းဆိုင်ရာရပ်ဝန်း၏ အခန်းကဏ္ဍသည် ကုန်ဖလှယ်ခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းနှင့် စီးပွားချမ်းသာကို အတိုင်းအဆမရှိ ပျံ့နှ့ံစေခြင်းအတွက် အရေးပါသည်။ လွတ်လပ်စွာ ပြိုင်ဆိုင်သော စီးပွားရေးစျေးကွက်တစ်ခုတွင် ပြိုင်ဆိုင်မှုနှင့် မွမ်းမံဆန်းသစ်မှုတို့မှတစ်ဆင့် စျေးနှုန်းများကို ကျဆင်းစေရသည်။ ၎င်းနောက် လုပ်ငန်းဆိုင်ရာရပ်ဝန်းဟူသော အင်စတီကျူးရှင်းသည် ဆင်းရဲမွဲတေမှုကို ကျဆင်းစေခြင်း၊ လူနေမှုအဆင့်အတန်း မြင့်မားစေခြင်းနှင့် ပြည်သူတို့၏ အဆက်မပြတ် လိုအပ်ချက်များကို ပြည့်စုံစေခြင်းတို့ကို ဆောင်ရွက်ပေးရသည်။

မီဒီယာ၏ အခန်းကဏ္ဍသည် သတင်းအချက်အလက်များကို ဖြန့်ချိခြင်း၊ အရေးပါသော လက်ရှိအဖြစ်အပျက်များကို မီးမောင်းထိုးပြခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အသိုင်းအဝန်းနှင့် ပညာရေးဆိုင်ရာ အဖြစ်အပျက်များနှင့် ပတ်သက်၍ သက်သေနှင့် လေ့လာသူအဖြစ် ရပ်တည်ပေးခြင်းတို့ဖြစ်သည်။ ကောင်းမွန်သော မီဒီယာတစ်ရပ်သည် အစိုးရအပေါ် စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်ကာ နိုင်ငံသားတို့၏ နိုင်ငံရေးအသိအမြင်ကို တိုးတက်စေရမည် ဖြစ်သည်။

အစိုးရဟူသော အင်စတီကျူးရှင်းဟူသည် နိုင်ငံသားတို့၏ အခွင့်အရေးကို ကာကွယ်ပေးရန် ဖြစ်သည်။ အစိုးရဟူသည် အင်အားစုများကို အင်စတီကျူးရှင်းအလိုက် စုစည်းမှုဖြစ်ပြီး တစ်ဦးချင်း သို့မဟုတ် တစ်ဖွဲ့ချင်းအတွက် မှန်ကန်မှုမရှိသော မည်သည့်အရာကိုမျှ လုပ်ဆောင်၍မရပါ။

ဖော်ပြပါ လူမှုအင်စတီကျူးရှင်း ခုနစ်ရပ်စလုံးသည် မည်သည့်အရာကမျှ မည်သည့်အရာထက် ပိုမိုအရေးပါခြင်းမရှိဘဲ၊ မည်သည့်အရာကမျှ ပို၍သြဇာအာဏာရှိခြင်းမရှိဘဲ၊ မည်သည့်အရာက မည်သည့်အရာအပေါ်ကိုမျှ လွှမ်းမိုးကြီးစိုးမှုမရှိဘဲ တစ်ပြေးညီတည်းရှိမှသာ လွတ်လပ်မှုဟူ၍ ဖြစ်ပေါ်လာသည်။ ယင်းကဲ့သို့ တစ်ပြေးညီတည်းရှိရန်အတွက် အစိုးရသည် မိမိ၏ မှန်ကန်သော အခန်းကဏ္ဍအတွင်း၌ ရှိနေရန် လိုအပ်သည်။

ဥပမာအားဖြင့် မိသားစုဟူသည့် အင်စတီကျူးရှင်းက လူ့အသိုင်းအဝိုင်းကို လွှမ်းမိုးသည့်အခါ မာဖီးယားဂိုဏ်များ ပေါ်ထွက်လာသည်။ သမိုင်းတွင် အမှောင်လွှမ်းမိုးသောခေတ်များသည် ဘာသာရေးကြီးစိုးလွှမ်းမိုးခဲ့သည့် ပြဿနာကို ဖော်ပြနေသည်။ လုပ်ငန်းဆိုင်ရာရပ်ဝန်းက လွှမ်းမိုးသည့်အခါ ခရိုနီများကြီးစိုးသော လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာသည်။ အဆိုးရွားဆုံးမှာ အစိုးရက အခြားအင်စတီကျူးရှင်းများအပေါ် လွှမ်းမိုးကြီးစိုးသောအခါ အာဏာရှင်စနစ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထို့ကြောင့် အင်စတီကျူးရှင်းကြီး ခုနစ်ရပ်သည် မျှခြေတစ်ရပ်၌ ရှိရမည်ဖြစ်ပြီး တစ်ခုခုက လွှမ်းမိုးကြီးစိုးသည့်အခါ အာဏာရှင်ပုံစံတစ်ရပ်ရပ် ဖြစ်ပေါ်လာမြဲ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၃ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent