ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၉၄၀ ဝန်းကျင်ရှိ

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၉၄၀ ဝန်းကျင်ရှိ
Published 1 November 2021

နိုဝင်ဘာ ၁ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်ရှိကာ နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာ ကျပ် ၁၉၄၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်း၌ ကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ဖြစ်ပေါ်သည့် အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၀၇၅ ကျပ်၊ စင်ကာပူဒေါ်လာ ၁၃၅၀ ကျပ်၊ မလေးရှားရင်းဂစ်ကျပ် ၄၂၅၊ ထိုင်းဘတ် ၅၇ ကျပ်၊ ဂျပန်ယန်း ၁၇ ကျပ်နှင့် တရုတ်ယွမ် ကျပ် ၂၈၅ တို့ဖြစ်သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖွင့်လှစ်ဆောင်ရွက်နေသည်။

ဗဟိုဘဏ်စျေးပြိုင် လေလံအတွက်စည်းမျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (AD) ရဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ  ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည်ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန်စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန်အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန် တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့်စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန်စျေးပြိုင် လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်ဖြစ်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသန်း ၃၀ ထုတ်ရောင်းခဲ့ပြီး အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ သုံးကြိမ်ခွဲ၍ ဒေါ်လာသန်း ၁၁၀ အထိ ရောင်းချထားကြောင်း  မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာရောင်းချမှုအနေဖြင့် အောက်တိုဘာ ၁၈ ရက်တွင် ဒေါ်လာသန်း ၅၀၊ အောက်တိုဘာ ၂၂ ရက်တွင် ဒေါ်လာသန်း ၃၀၊ အောက်တိုဘာ ၂၂ ရက်တွင် သန်း ၃၀ ရောင်းချခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချခဲ့ပြီး မတ်လအတွင်း ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလအတွင်း ဒေါ်လာ ၁၂ သန်း၊ မေလအတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်လတွင်း ဒေါ်လာ ၁၂ သန်း၊ ဇူလိုင် လအတွင်း ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လအတွင်း ၂၈ သန်း၊ စက်တင်ဘာလအတွင်း ဒေါ်လာ ၆၃ သန်း ရောင်းချခဲ့သည်။