ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်နှင့်ထိုးသတ်မည့် မကျေပွဲအတွက် တစ်နိုင်ငံတည်းသားပြိုင်ဘက်ဖြစ်သူ တိုင်ဆန်ဖျူရီထံမှ အကူအညီပေးရန် ကမ်းလှမ်းလာမှုအပေါ် အန်သိုနီဂျိုရှူအာက ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်း ပြောကြားခဲ့သည်။
ဂျိုရှူအာသည် ပြီးခဲ့သည့်လက ထိုးသတ်ခဲ့သည့် ချန်ပီယံကာကွယ်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ အူဆိုက်ကို အမှတ်ဖြင့်အရေးနိမ့်ကာ သူ၏ WBA (Super)၊ IBF နှင့် WBO ချန် ပီယံရွှေခါးပတ်များကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ သို့သော် သဘောတူစာချုပ်အရ ဂျိုရှူအာအနေဖြင့် မကျေပွဲထိုးသတ်ခွင့်ရှိပြီး ယင်းပွဲကို လာမည့်နှစ်အစောပိုင်းဖြစ်သည့် မတ်လ၌ထိုးသတ်ဖွယ်ရှိနေကြောင်း သိရသည်။
ဂျိုရှူအာ၏ရှုံးပွဲပြီးနောက် တိုင်ဆန်ဖျူရီက "လာမယ့်ပွဲအတွက် ဂျိုရှူအာ၊ ကျွန်တော်နဲ့ ရှူးဂါးဟေးလ် (လေ့ကျင့်ရေးမှူး)တို့ အတူတကွလေ့ကျင့်ဖြစ်ခဲ့ရင် သူဟာ အူဆိုက်ကို လုံးဝအနိုင်ယူနိုင်မယ်ဆိုတာ ကျွန်တော် သိပါတယ်" ဟု ပြောကြားထားခဲ့သည်။ ယခုအခါ ဂျိုရှူအာက iFL TV နှင့်တွေ့ဆုံမှုတွင် တိုင်ဆန်ဖျူရီ၏ကမ်းလှမ်းမှုအတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုသည်ဟု တုံ့ပြန်ခဲ့သည်။
ဂျိုရှူ အာနှင့် တိုင်ဆန်ဖျူရီသည် အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဘွဲ့အတွက် ထိုးသတ်ရန် သဘောတူထားခဲ့ပြီးမှ အမေရိကန်တရားရုံးက ၀ိုင်လ်ဒါနှင့်သာ ချန်ပီယံကာ ကွယ်ပွဲထိုးသတ်ရန် ဆုံးဖြတ်ခဲ့သောကြောင့် အဆိုပါပွဲမှာ ပျက်ပြယ်ခံရခြင်းဖြစ်သည်။
တိုင်ဆန်ဖျူရီသည် မကြာသေးမီက ၀ိုင်လ်ဒါကို ထပ်မံအနိုင်ယူကာ WBC ချန်ပီယံရွှေခါးပတ်ကို ကာကွယ်ထားပြီး လာမည့်နှစ်အစောပိုင်းတွင် တစ်နိုင်ငံတည်းသား ဒယ်လီယန်ဝှိုက်နှင့် ထိုးသတ်ဖွယ်ရှိနေသည်။















