ဖေဖော်ဝါရီမှ အောက်တိုဘာအထိ ကိုးလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင် လေလံဖြင့် ဒေါ်လာ ၂၉၄ ဒသမ ၈ သန်းအထိ ထုတ်ရောင်းခဲ့ပြီး အောက်တိုဘာတစ်လအတွင်း ဒေါ်လာသန်း ၁၁၀ အထိ စံချိန်တင်ရောင်းချခဲ့

ဖေဖော်ဝါရီမှ အောက်တိုဘာအထိ ကိုးလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင် လေလံဖြင့် ဒေါ်လာ ၂၉၄ ဒသမ ၈ သန်းအထိ ထုတ်ရောင်းခဲ့ပြီး အောက်တိုဘာတစ်လအတွင်း ဒေါ်လာသန်း ၁၁၀ အထိ စံချိန်တင်ရောင်းချခဲ့
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
Published 30 October 2021

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ အောက်တိုဘာအထိ ကိုးလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၂၉၄ ဒသမ ၈ သန်းအထိ ထုတ်ရောင်းခဲ့ပြီး အောက်တိုဘာတစ်လအတွင်း ဒေါ်လာသန်း ၁၁၀ အထိ စံချိန်တင်ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ သိရသည်။    

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် တစ်ရက်အတွင်း ဒေါ်လာ သန်း ၅၀ အထိ စံချိန်တင်ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ ကျပ် ၁၈၂၀ ဖြစ်သည်။အောက်တိုဘာ ၂၂ ရက်တွင် ဒေါ်လာသန်း ၃၀၊ အောက်တိုဘာ ၂၆ ရက်တွင် ဒေါ်လာသန်း ၃၀ ထပ်မံရောင်းချခဲ့သည်။ သို့ဖြစ်ရာ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာသန်း ၁၁၀ အထိ စံချိန်တင် ရောင်းချခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချခဲ့ပြီး မတ်လအတွင်း ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလအတွင်း ဒေါ်လာ ၁၂ သန်း၊ မေလအတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်လတွင်း ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လအတွင်း ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လအတွင်း ၂၈ သန်း၊ စက်တင်ဘာလအတွင်း ဒေါ်လာ ၆၃ သန်း ၊ အောက်တိုဘာတွင် ဒေါ်လာသန်း ၁၁၀ ရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်နေသည်။

ဗဟိုဘဏ်စျေးပြိုင် လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့်စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန်စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်ဖြစ်သည်။