၂၀၂၂ အာရှ ယူ-၂၃ချန်ပီယံရှစ်ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များကို စတင်ယှဉ်ပြိုင်ကစားနေ ကြပြီဖြစ်ပြီး မြန်မာယူ-၂၃ အသင်းအနေဖြင့် အုပ်စုတွင်း ပထမဦးဆုံးပွဲစဉ်ကို အောက်တိုဘာ ၃ဝရက် (ယနေ့) တွင် တရုတ်တိုင်ပေ ယူ-၂၃ အသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းပါ ဝင်သော အုပ်စု (I) ပွဲစဉ်များကို ကာဂျစ်စတန် နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိပြီး အုပ်စုတွင်းပြိုင်ဘက်များအဖြစ် မြန်မာယူ- ၂၃ အသင်းအပါအဝင် တရုတ်တိုင်ပေ၊ ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာယူ-၂၃ အသင်းသည် အောက်တိုဘာ ၃၀ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် တရုတ်တိုင်ပေအသင်းနှင့် ယှဉ်ပြိုင်ကစားပြီး အုပ်စုနောက်ပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့်ပွဲစဉ်ကို နိုဝင်ဘာ ၂ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့လက်ရွေးစင် ယူ-၂၃ အ သင်းသည် ယခုယှဉ်ပြိုင်ကစားမည့် ခြေစစ်ပွဲစဉ်သို့ ကစားသမား ၂၃ ဦးနှင့် အုပ်ချုပ်နည်း ပြအဖွဲ့ဝင် ၁၁ ဦး၊ စုစုပေါင်း ၂၄ ဦးဖြင့် ဖွဲ့ စည်းထားပြီး နည်းပြချုပ်အဖြစ် ဘူလ်ဂေးရီးယားလူမျိုး ပိုပေါ့ဗ်က တာဝန်ယူထားသည်။
မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းသည် ယခုခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်တွင် ယူအေအီးနိုင်ငံသို့ တစ်ပတ်ခန့် ကြိုတင်ထွက်ခွာကာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ ပြီး ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့အခြေစိုက် Al Jazeera Al Hamra အသင်းနှင့် အောက်တိုဘာ ၂၄ ရက်က ခြေစမ်းကစားခဲ့ရာ ၂-၂ ရလဒ်ဖြင့် သရေကျခဲ့ကြောင်း သိရသည်။ အဆိုပါခြေစမ်းပွဲပြီးနောက် မြန်မာယူ-၂၃ အသင်းသည် အုပ်စု (I) ခြေစစ်ပွဲကို အိမ်ရှင် အဖြစ်လက်ခံကျင်းပမည့် ကာဂျစ္စတန်နိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ခြေစစ်ပွဲအတွက် ပြင်ဆင်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုပြိုင်ပွဲအတွက် မြန်မာယူ-၂၃ အ သင်း၏လူစာရင်းတွင် ဂိုး-အောင်ကိုလတ်၊ ပြည့်ဖြိုးသူ၊ ထွန်းနန္ဒဦး၊ နောက်တန်း-စိုးမိုး ကျော်၊ သက်ဟိန်းစိုး၊ ဟိန်းထက်စည်သူ၊ ဟိန်း ဇေယျာလင်း၊ အောင်ဝဏ္ဏစိုး၊ ဇွဲခန့်မင်း၊ သက် ပိုင်ထွေး၊ အလယ်တန်း-နန်းထိုက်ဇော်၊ လင်းထက်စိုး၊ ဝေလင်းအောင်၊ လွင်မိုးအောင်၊ ဇော် ဝင်းသိန်း၊ ရဲလင်းထက်၊ ရဲရင့်အောင်၊ ရှေ့ တန်း -သန့်ဇင်မြတ်၊ မြတ်ကောင်းခန့်၊ ဝင်းနိုင် ထွန်း၊ ခင်ကျော်ဝင်း၊ ကောင်းမြတ်သူ၊ ထက် ဖြိုးဝေတို့ပါဝင်ကြောင်း သိရသည်။ ယခုခြေ စစ်ပွဲတွင် မြန်မာပါဝင်သော အုပ်စု (I) မှ တစ်သင်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။















