ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် အာဆင်နယ်နောက်ခံလူဟောင်း ပေါလ်မာဆင်က ဆိုးလ်ရှား ရာထူတည်မြဲရေးအတွက် စပါးနှင့်ပွဲတွင် မန်ယူအသင်း အနိုင်ရရန် ပြိုင်ဘက်အသင်းများ ဆုတောင်းနေကြသည်ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် အောက်တိုဘာ (၂၄)ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အခါးသီးဆုံးပြိုင်ဘက် လီဗာပူးလ်အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် (၀-၅)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဆိုးလ်ရှားအနေဖြင့် ရာထူးမှထုတ်ပယ်ခံရရန် ရေပန်းစားမှုမြင့်တက်လာခဲ့သည်။
မန်ယူအသင်းပရိသတ်များသည် ဆိုးလ်ရှားကို ရာထူးမှထုတ်ပယ်ရန် အလိုရှိနေသော်လည်း ပရီးမီးယားလိဂ်ပြိုင်ဘက်များကို ဆိုးလ်ရှားကို မန်ယူနည်းပြအဖြစ် ဆက်ရှိနေချင်ကြသည်ဟု ပေါလ်မာဆင်က ဆိုခဲ့ခြင်းဖြစ်သည်။
ပေါလ်မာဆင်က "ပရီးမီးယားလိဂ်မှာ အဆင့်(၄)အတွင်း ဝင်ဖို့နဲ့ ဥရောပဝင်ခွင့်အတွက် ယှဉ်ပြိုင်နေတဲ့ အသင်းတွေအားလုံးက စပါးနဲ့ပွဲမှာ မန်ယူအသင်း အနိုင်ရဖို့ မျှော်လင့်နေကြပါတယ်။ မန်ယူအသင်း နိုင်မှာလည်း ဆိုးလ်ရှားက ရာထူးမှာ မြဲမှာဆိုတော့ မန်ယူကို သူတို့ နိုင်စေချင်နေကြတယ်။ ချယ်လ်ဆီးအသင်းက တူဟယ်လ် ရောက်လာပြီးနောက်မှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့သလို၊ အခု ပရီးမီးယားလိဂ်မှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေတယ်။ နည်းပြအပြောင်းအလဲ ဖြစ်တာ ဘယ်လောက်အထိ သက်ရောက်မှုရှိတယ်ဆိုတာ တူဟယ်လ်က သက်သေပါပဲ"ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပေါလ်မာဆင်က ဆိုးလ်ရှားလက်ထက်တွင် မန်ယူအသင်းအနေဖြင့် တိုးတက်မှုမရှိသလို၊ အနာဂတ်တွင်လည်း တိုးတက်မည့် အရိပ်အယောင် မရှိကြောင်းလည်း ဝေဖန်ခဲ့သည်။
၎င်းက "မန်ယူအသင်းက သံသရာလည်နေတယ်။ ဆိုးလ်ရှားလက်ထက်မှာ မန်ယူအသင်း တိုးတက်လာတယ်လို့ ပြောတဲ့သူတွေကို တိုးတက်တယ်ဆိုတာ ဘာလဲလို့ ကျွန်တော် မေးချင်တယ်။ မန်ယူဆိုတာ ချန်ပီယံဆုတွေကို ရယူတဲ့အသင်းပါ။ အဆင့် (၂)နဲ့ ကျေနပ်နေတဲ့ အသင်းမဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။















