မိုးနှောင်းအက်ဆေး

မိုးနှောင်းအက်ဆေး
တောင်တွင်းကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ကို အောက်တိုဘာ ၂၅ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- ကိုသုံးခွန်)
တောင်တွင်းကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ကို အောက်တိုဘာ ၂၅ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- ကိုသုံးခွန်)
Published 27 October 2021
မောင်ကြည်

မိုးနှောင်းက ကောင်းနေတော့သည်။ ရွာလိုက်သည့်မိုး။ ရက်ဆက်ပင်။ လေရောမိုးပါ သည်းသည်းထန်ထန် ရွာလေတော့သည်။ ကောင်းကင်မှာ တစ်ခါတစ်ခါ ဝင်းဝင်းပြက်ပြက် လျှပ်စီးများလက်နေသည်ကို တွေ့ ရသည်။ ကျွန်တော်သည် ရွာနေသည့် မိုးသံကို အခန်းထဲမှာ ထိုင်ရင်း နားထောင်နေမိသည်။

ငယ်စဉ်က ယခုလို မိုးနှောင်းချိန် မိုးအဆက်မပြတ်ရွာနေပြီဆိုလျှင် အမေက ‘မိုးသားတွေ ပြန်ခေါ်နေတာ’ ဟု ပြောတတ်သည်။ အခုရက်ပိုင်း မိုးသားတွေ ခဏခဏ ပြန်ခေါ်နေသည်ဟု ဆိုရလေမလား မသိချေ။ ကျွန်တော်သည် ရွာနေသည့် မိုးသံအောက်မှာ ရွှဲရွှဲစိုနေသည့် အရာဝတ္ထုများကို မျက်လုံးထဲမှာ မြင်ယောင်ကြည့်သည်။ လယ်ကွင်းများ၊ တောင်တန်းများ၊ သစ်တောများ၊ မြစ်ချောင်း အင်းအိုင်များ၊ မြို့ရွာများ၊ လူနေအိမ်ခြေများ စသော စသော အရာများ။ မိုးရွာခြင်းသည် လောကကြီးပွားရာ ကြီးပွားကြောင်း ဖြစ်သည်။ မိုးကြောင့် သစ်ပင်တွေ သန်စွမ်းကြစည်ပင်ကြသည်။ မိုးရွာခြင်းသည် ကောင်း မြတ်သော မင်္ဂလာတစ်ပါးပင်။ မိုးရွာခြင်းနှင့် ပတ်သက်ပြီး ထိုကဲ့သို့ ကျမ်းစာများမှာ ဖတ်ခဲ့ရပါသည်။ တကယ်တော့ ကျွန်တော်သည် မိုးရွာခြင်း အကြောင်း စဉ်းစားနေခြင်း ဖြစ်ပါသည်။

မိုးသည် တစ်ကိုယ်တည်းမလာ။ သူ့အပေါင်းအဖော်များ ခေါ်လာခဲ့သည်။ လေကြမ်းသည် မိုး၏ ဖွားဖက်တော်။ တိမ်မည်းများသည် မိုး၏ အကြောင်းတရား။ လယ်ကွင်းများသည် မိုး၏ ဖန်တီးခံများ။ အဆောက် အအုံများသည် မိုး၏ပန်းချီကားများ။ ကျွန်တော်သည် မိုးနှောင်းကို ကြည့်ရင်း မိုးဦးကျလို ခံစားနေရသည်။ တစ်နေ့က မိုးရွာနေသည်ကို ကြည့်ရင်း ‘မိုးတွင်းကြီး ကျနေတာပဲ’ ဟု အမေက ပြောနေသည်။ အမေပြောလည်း ပြောချင်စရာပင်။ အခုချိန်က မိုးကုန်ရတော့မည့် အချိန်။ မိုးအကုန် ဆောင်အကူးရာသီ။ သို့သော် ဖြစ်နေပုံက မိုးနှင့်ဆောင်း ရောနှောပေါင်းစပ်နေသည့် အဖြစ်။

နှစ်ရာသီ ပူးတွဲခံစားနေရသည်။ မိုးအချမ်းနှင့် ဆောင်းအအေး ရောထွေးနေသည်။ 2 in 1 ရာသီဟု ပြောရလေမလား မသိ။ မိုးနှောင်းသည် မိုးကောင်းနေပေတော့သည်။

ကျွန်တော်သည် ပက်လက်ကုလားထိုင်ပေါ် ထိုင်ရင်း မိုးသံများအောက်မှာ စန္ဒရားတီးချင်သည့် အဆိုတော်တစ်ယောက်ကို သတိရမိသည်။ ထို့အတူ မိုးရေထဲမှာ ချစ်သူနှင့် လမ်းလျှောက်ချင်သည့် ကဗျာဆရာကိုလည်း သတိရမိသည်။

တိုက်ကြိုတိုက်ကြား

မနားခိုဘူး၊ ခြေဦးတည့်ရာ

ရေမှာ ဒလဟော၊ မျောသွားပစေ

မိုးရေလှိုင်းကြား၊ ကွဲမသွားအောင်

အပါးတိုးဖက်၊ မိုးပက်သည့်ထဲ

မြဲမြဲလက်ကို ကိုင်ထားငဲ့။

ဆရာဒဂုန်တာရာသည် ‘မိုးရေထဲ လမ်းလျှောက်ခြင်း’ ကဗျာထဲမှာ ယခုလိုမျိုးရေးခဲ့ဖူးသည်။ ကျွန်တော်သည် မိုးဖွဲဖွဲ ရွာနေသည့် လမ်းကလေးတစ်ခုကို မြင်ယောင်ကြည့်မိသည်။ ထိုလမ်းပေါ်မှာ ချစ်သူနှစ်ဦးရှိသည်။ တစ်ကိုယ်လုံး မိုးရေများ စိုရွှဲနေသည့် ချစ်သူနှစ်ဦး။ မိုးပက်လေ တိုးဖက်လေဆိုသည့် ချစ်သူနှစ်ဦး။ မိုးသည် ထိုချစ်သူနှစ်ဦးကို ပျော်မြူးကြည်နူးစေခဲ့ပုံရသည်။

သို့သော် မိုးသည် လူအားလုံးကို ကြည်နူးစေသည့် အရာတော့ မဟုတ်ပေ။ အိမ်မမိုး နိုင်ရှာသော မိသားစုများအဖို့တော့ မိုးသည် မျက်ရည်များကို ဆောင်ကြဉ်းလာသည့် မျက်ရည်မိုးပင်။ ကျွန်တော်သည် မိုးနှောင်းမိုးကို ငေးရင်း တွေးမိနေခြင်း ဖြစ်သည်။

မကြာခင် အိမ်ပြန်တော့မည့်မိုး။ မကြာခင် မိုးသားတွေ ခြေရာဖျောက်တော့မည့် မိုး။ အမေပြောသလို အခုချိန်ရွာသည့် မိုးကတော့ တကယ်ပင် နှုတ်ဆက်မိုး ဖြစ်နိုင်လောက်ပါသည်။ သို့သော် မိုးနှောင်းသည် မသွားချင်သေးသလို တွယ်ကပ်နေချင်သေးသလို ဟိုလိုလို သည်လိုလို လုပ်နေပုံရပါသည်။ မခွဲချင်မခွာ ရက် မျက်ရည်စက်လက်နှင့် မိုးနှောင်းသည် ကြေကွဲစွာ သည်းသည်းထန်ထန်ရွာနေသည့် အလား ထင်မှတ်မှားမိသည်။ ကျွန်တော်ကတော့ မိုးနှောင်းမှာ ဆောင်းက ဝင်ရောက်ခိုလှုံနေသည့် အနေအထားကို စိတ်ထဲတစ်မျိုး ခံစားနေရလေသည်။ သဘာဝတရားက ဖန်တီးသည့် ထူးခြားဆန်းပြားသော ခံစားချက် တစ်မျိုးပင်။ ဒါကိုပင် ကျွန်တော်က မိုးနှောင်းခံစားမှုဟု အမည်ပေးချင်နေသည်။ သဘာဝတရားက လူကို ပြုပြင်သည်ဆိုလျှင် အပြန်အလှန်သဘောအရ လူကလည်း သဘာဝတရားကို ပြုပြင်သည်ဟု ဆိုရပေလိမ့်မည်။ ယခုပင်လျှင် မိုးနှောင်းက အဆိုးအကောင်းတို့ကို သယ်ဆောင်လာခဲ့ပြီ မဟုတ်ပါလား။

ကျွန်တော်ကတော့ မိုးရွာလျှင် ငယ်ငယ် တုန်းကလောက် မပျော်တော့ချေ။ ငယ်ငယ်တုန်းကတော့ မိုးရွာလျှင် ရေထွက်ချိုးဖို့ပဲ စိတ်ဝင်စားသည်။ ကြီးလာတော့ မိုးသည် လောကဓံတရား တစ်ခုဖြစ်လာခဲ့သည်။ မိုးသည် လူများကို ရယ်စေ ငိုစေသည်ဟု ကျွန်တော်ထင်မိသည်။ တချို့သော လူများအတွက် မိုးသည် သူတို့ဘဝဟုပင် ဆိုနိုင်လောက်ပါသည်။ မိုးသည် ရပ်ချိန်တန်ပါလျက် မရပ်လျှင် ဘဝပျက်သွားမလောက် အခြေအနေဆိုးသူများ လည်း ရှိကြသည်။ ထို့ကြောင့် မိုးနှောင်းကောင်းခြင်းသည် ကောင်းလည်းကောင်း၍ မကောင်းလည်းမကောင်းဟု ကျွန်တော်တွေးမိသည်။ မည်သို့ဆိုစေ မိုးနှောင်း၏ အဆိုးအကောင်းတို့ကို ကြိုးစားပြီး ရင်ဆိုင်ရပါဦးမည်။ ဖြတ်ကျော်ရပါဦးမည်။

ကျွန်တော်သည် မိုးနှောင်းရာသီကို ဖြတ်သန်းရင်း မိုးနှောင်းအကြောင်း တွေးနေမိခြင်းဖြစ်သည်။ မိုးနှောင်းသည် လေကြောင်း နှင့်အတူ စွေစောင်းကာ လိုက်ပါလာခဲ့သည်။ မိုးနှောင်းသည် တစ်မျိုးကောင်းနေသလို ရှိသည်။ မိုးနှောင်းသည် ‘ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်’ သီချင်းကို ‘မိုးရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်’ ဟု ပြောင်းလဲသီဆိုနေလေသည်။ မိုးနှောင်းသည် စလောင်းဖုံးပါမကျန် လွင့်ပျံသွားအောင် တိုက်ခတ်နေသည်။ မိုး နှောင်းသည် ‘ဒီနှစ် မိုးကောင်းသည့် အကြောင်း’ မပြတ် သတင်းပို့နေသည်။ မိုးနှောင်းသည် အပြောင်းအလဲကို ဗလောင်းဗလဲ လုပ်ပစ်နေသည်။ မိုးနှောင်းသည် သူနှောင်းရသည့် အကြောင်း မညောင်းမညာ ရှာဖွေနေသည်။ မိုးနှောင်းသည် သူ့ဝတ်စုံကို အရပ် ၁ဝမျက် နှာအနှံ့ ဖြန့်ကြက်လိုက်လေသည်။ မိုးနှောင်းသည် သူ့အလုပ်မပြီးသေးသောကြောင့် အိုဗာတိုင် ဆင်းနေရရှာသည်။ မိုးနှောင်းသည် သူ အလာကောင်းသောကြောင့် အခါမနှောင်း သေးကြောင်း သိလိုက်ရသည်။ မိုးနှောင်းသည် မိုးနှင်းကို ကလောင်နာမည်ယူထားသည့် စာရေးဆရာကြီး တစ်ဦးရှိကြောင်းကိုတော့ မသိခဲ့ပါ။ မိုးနှောင်းသည် သူ့အကြောင်း မကောင်းပြောနေသူများ ရှိကြောင်းကိုလည်း ကောင်းကောင်းမသိခဲ့ပါ။ မိုးနှောင်းသည် နှောင်းအတိတ်မှာ အမှတ်တရဖြစ်အောင် သူ့နာမည်ကို မော်ကွန်းထိုးခဲ့ချင်သည့် ဆန္ဒလည်း မရှိပါ။ သို့သော် မိုးနှောင်းသည် လူပြောများသည့် အကြောင်းအရာတစ်ခု အဖြစ်တော့ နာမည်တွင် ကျန်ရစ်ခဲ့တာ သေချာပါသည်။

ဤသို့ဖြင့် မိုးနှောင်းသည် မိုးနှောင်းအဖြစ် သမိုင်းဝင်စာအုပ်ထဲသို့ တရွေ့ရွေ့ ဦးတည်မှန်းမသိ ဦးတည်နေခဲ့‌လေပြီ။ တစ်ချိန်တည်းမှာပင် မိုးနှောင်းသည် မိုးနှောင်းဘဝကို စွန့်လွှတ်ဖို့ရန်လည်း တစ်စတစ်စနှင့်တဖြည်းဖြည်း အားယူမှန်းမသိ  အားယူနေခဲ့ ပြန်လေသည်။

 

Most Read

Most Recent