အာဖဂန်နစ္စတန်ရှိ အမေရိကန်စစ်ပွဲ အဆုံးသတ်စေရန်ကူညီခဲ့သော်လည်း ယင်းနိုင်ငံကို တာလီဘန်သိမ်းယူမှုအား မတားဆီးနိုင်ခဲ့သော ၀ါရင့်အမေရိကန်သံတမန် ဇာမေးခါလီဇက်သည် အောက်တိုဘာ ၁၈ ရက်တွင် နုတ်ထွက်သွားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ထံ ပေးပို့ခဲ့သောပေးစာတွင် ခါလီဇက်က ၎င်း၏မှတ်တမ်းကို ကာကွယ်ပြောဆိုခဲ့သည်ဆိုသော်လည်း ၎င်းတွင်လိုအပ်ချက် ရှိနေသည်ဟုဝန်ခံကာ အမေရိကန်၏အာဖဂန်မူဝါဒ အဆင့်သစ်ကို အကောင်အထည်ဖော်ရာတွင် ၎င်းအနေဖြင့် ဖယ်ပေးချင်သည်ဟု ဖော်ပြခဲ့သည်။
“အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ရဲ့ နိုင်ငံရေးဆိုင်ရာအစီအစဉ်ဟာ မျှော်မှန်းထားသလို ရှေ့ဆက်တိုးလို့မရခဲ့ပါဘူး” ဟု ၎င်းကဖော်ပြခဲ့သည်။
“အဲဒီအတွက် အကြောင်းပြချက်ကတော့ ရှုပ်ထွေးလွန်းနေပါတယ်။ လာမယ့်ရက်နဲ့ လာမယ့်သီတင်းပတ်တွေမှာ ကျွန်တော့်ရဲ့ ထင်မြင်ချက်တွေကို ပြောပြသွားမှာ ဖြစ်ပါတယ်” ဟု ခါလီဇက်က ရေးသားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် မွေးဖွားခဲ့သော အသက် ၇၀ အရွယ် လူကောင်သေးသေး ပညာတတ်အမေရိကန် သံတမန်ခါလီဇက်သည် သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်၏ အတွင်းလူအဖြစ် အကြီးတန်းရာထူးများတွင် ထမ်းဆောင်ခဲ့ကာ အာဖဂန်နစ္စတန်နှင့် အီရတ်ဆိုင်ရာ အမေရိကန်သံတမန် ဖြစ်လာခဲ့သည့်အပြင် ကုလသမဂ္ဂဆိုင်ရာအမေရိကန် သံတမန်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
သမ္မတဟောင်း ဒေါ်နယ်ထရန့်က အာဖဂန်နစ္စတန်တွင် အမေရိကန်၏ အရှည်ကြာဆုံးစစ်ပွဲကို အဆုံးသတ်ရန် စီစဉ်ခဲ့သောကြောင့် သမ္မတဟောင်းသည် ခါလီဇက်ကို ပြန်လည်ခေါ်ယူခဲ့ကာ ကဘူးရှိအမေရိကန် ကျောထောက်နောက်ခံပြုထားသော အာဖဂန်အစိုးရမပါဘဲ တာလီဘန်နှင့် အသေးစိတ် ဆွေးနွေးမှုများကို ၎င်းအား ဦးဆောင်စေခဲ့သည်။
အဆိုပါဆွေးနွေးမှုများက ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် သဘောတူညီချက်တစ်ရပ်ကို ရရှိစေခဲ့ပြီး အမေရိကန်စစ်သားများကို၂၀၂၁ ခုနှစ်တွင်အာဖဂန်နစ္စတန်မှ ရုပ်သိမ်းရန် ထိုစဉ်က သဘောတူခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် တာလီဘန်နှင့် ကဘူးရှိ ခေါင်းဆောင်ပိုင်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် အောင်မြင်မှု မရှိခဲ့ပေ။ အမေရိကန်အစိုးရက နှစ် ၂၀ ကျော်တည်ဆောက်ခဲ့သော အာဖဂန်နစ္စတန်အစိုးရသည် အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ပြုတ်ကျခဲ့သည်။
အာဖဂန်ဘာသာစကားနှင့် ဓလေ့ထုံးတမ်းများကို နားလည်ကျွမ်းကျင်သော ခါလီဇက်သည် တာလီဘန်အစိုးရခေါင်းဆောင်များနှင့် ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်ခဲ့သည့် ရှားရှားပါးပါး အမေရိကန်သံတမန်တစ်ဦး ဖြစ်သည်။၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည့် အယ်လ်ကေဒါကို ကြိုဆိုခဲ့သော တာလီဘန်အစိုးရအား အမေရိကန်က ဖြုတ်ချခဲ့သည်။
ရီပက်ဘလီကင်ပါတီဝင်တစ်ဦး ဖြစ်သော်လည်း ခါလီဇက်သည် ဒီမိုကရက်တစ် သမ္မတဂျိုးဘိုင်ဒင်က ထရန့်ကို အနိုင်ရ၍ အမေရိကန်တပ်များ ရုပ်သိမ်းရေးကိစ္စကို ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည့်အခါ ရာထူးဆက်လက်မြဲခဲ့သည်။ သို့ရာတွင် တာလီဘန်နှင့် ၂၀၂၀ သဘောတူညီမှုနောက်ကွယ်၌ သံတမန်ရေး အမှားအယွင်းရှိခဲ့သဖြင့် ခါလီဇက်ကို ဘိုင်ဒင်အစိုးရအဖွဲ့ဝင်များက ပြင်းထန်စွာဝေဖန်ခဲ့သည်။















