အောက်တိုဘာ ၁၈ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် တစ်ရက်အတွင်း ဒေါ်လာသန်း ၅၀ အထိ စံချိန်တင်ရောင်းချခဲ့ပြီး ဖေဖော်ဝါရီမှ လက်ရှိအချိန်အထိ ဒေါ်လာ ၂၃၄ ဒသမ ၈ သန်း ရောင်းချထား

အောက်တိုဘာ ၁၈ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် တစ်ရက်အတွင်း ဒေါ်လာသန်း ၅၀ အထိ စံချိန်တင်ရောင်းချခဲ့ပြီး ဖေဖော်ဝါရီမှ လက်ရှိအချိန်အထိ ဒေါ်လာ ၂၃၄ ဒသမ ၈ သန်း ရောင်းချထား
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
Published 19 October 2021

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် တစ်ရက်အတွင်း ဒေါ်လာသန်း ၅၀ အထိ စံချိန်တင်ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ ကျပ် ၁၈၂၀ ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၂၃၄ ဒသမ ၈ သန်းအထိ ရောင်းချထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချခဲ့ပြီး မတ်လအတွင်း ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလတွင် ဒေါ်လာ ၁၂ သန်း၊ မေလတွင် ဒေါ်လာ ၂၄ သန်း၊ ဇွန်လတွင် ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လတွင် ၂၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၆၃ သန်း ရောင်းချခဲ့သည်။

ဗဟိုဘဏ်စျေးပြိုင် လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင် ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက် ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို  ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့်နိုင်ငံခြား ငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို  Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန် ဖြစ်သည်။

Most Read

Most Recent