Black Panther 2 ရုပ်ရှင်ရိုက်ကွင်း၌ ကိုဗစ်ကာကွယ်ဆေးကို အားမပေးသည့် စကားများ ပြောဆိုခဲ့သည်ဆိုခြင်းအား လတ်ထီရှာရိုက် ငြင်းဆို

Black Panther 2 ရုပ်ရှင်ရိုက်ကွင်း၌ ကိုဗစ်ကာကွယ်ဆေးကို အားမပေးသည့် စကားများ ပြောဆိုခဲ့သည်ဆိုခြင်းအား လတ်ထီရှာရိုက် ငြင်းဆို
Photo: Variety
Photo: Variety
Published 15 October 2021
Ref: Variety

Black Panther နောက်ဆက်တွဲရုပ်ရှင် ရိုက်ကွင်းပေါ်တွင် ကိုဗစ်ကာကွယ်ဆေးကို မလိုလားသည့်အမြင်များ မျှဝေခဲ့သည်ဟု သတင်းထွက်လာသည့်အပေါ် မင်းသမီးလတ်ထီရှာရိုက်က ပြန်ငြင်းထားသည်။ ထိုသတင်းသည် လုံးဝမဟုတ်ဟု Black Panther ဇာတ်လမ်းတွင် Shuri နေရာမှ ပါဝင်သည့် ဗြိတိန်မင်းသမီး လတ်ထီရှာက ပြောဆိုသည်။

လတ်ထီရှာသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကလည်း ကိုဗစ်ကာကွယ်ဆေး ဘေးကင်းမှုအပိုင်းနှင့်ပတ်သက်သည့် မခိုင်လုံစွာ ပြောဆိုထားသော ဗီဒီယိုတစ်ခုကို မျှဝေခဲ့့မှုဖြင့် ဝေဖန်ခံထားရသူဖြစ်သည်။ ယခုလည်း ဂျော်ဂျီယာပြည်နယ် ၊ အတ္တလန်တာမြို့တွင် ရိုက်ကူးနေသည့် Black Panther 2 ရိုက်ကွင်းတွင် အလားတူသဘောထားမျိုးကို ပြသခဲ့သည်ဟု The Hollywood Reporter မဂ္ဂဇင်းက လတ်တလော ဖော်ပြလိုက်သည်။

စံချိန်တင် ၂၀၁၈ စူပါဟီးရိုးရုပ်ရှင်၏ နောက်ဆက်တွဲဇာတ်ကားကို အတ္တလန်တာမြို့တွင် ယခုနှစ်နွေရာသီက တစ်စိတ်တစ်ပိုင်း ရိုက်ကူးခဲ့ပြီး နောက်နှစ်နွေရာသီတွင် ရုံတင်ပြသမည်ဖြစ်သည်။

အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် လတ်ထီရှာရိုက်သည် ယခုနှစ်အစောပိုင်းက ဘတ်ဖ်တာရုပ်သံဆုပေးပွဲတွင် အကောင်းဆုံး ရုပ်ရှင်မင်းသမီးဆုအတွက် အဆိုပြုခံရသူများထဲ ပါဝင်ခဲ့သည်။

ယခုသတင်းနှင့် ပတ်သက်၍ သူမက “ဘုရားသခင် အားလုံးကိုကောင်းချီးပေးပါစေ။ အောက်တိုဘာ ၆ ရက်မှာ The Hollywood Reporter က ဖော်ပြခဲ့တဲ့သတင်းတွေကို ခုလိုရှင်းရတာ ကျွန်မဝမ်းနည်းမိပါတယ်။ Black Panther 2 ရိုက်ကွင်းမှာ ကျွန်မရဲ့ ပြုမူပုံကို ပြောဆိုထားတဲ့ အဲဒီသတင်းဟာ လုံးဝမဟုတ်ဘူး” ဟု အင်စတာဂရမ်တွင် ပြန်ဖြေရှင်းခဲ့သည်။

“ကျွန်မဟာ အလုပ်ကြိုးစားတဲ့သူ၊ ကျွန်မရဲ့ အဓိကအာရုံက အလုပ်ကို အကျိုးရှိအောင် လုပ်ဖို့ပဲဆိုတာကို ကျွန်မနဲ့ သိတဲ့သူတွေ၊ ကျွန်မနဲ့ အလုပ်တွဲလုပ်သူတွေဆိုရင် သိကြပါတယ်။ ဆက်ပြီးတော့လည်း ကျွန်မရဲ့အဓိကအာရုံစူးစိုက်မှုက အဲဒီလိုပဲဖြစ်နေမှာပါ” ဟုလည်း သူမကပြောသည်။

ထိုပို့စ်ကို ချပ်ဝတ်တန်ဆာဓာတ်ပုံနှင့်အတူ တွဲတင်ထားခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကလည်း ကိုဗစ်ကာကွယ်ဆေးများကို သံသယဖြင့် အခြားလူတစ်ဦး ပြောဆိုထားသည့် ဗီဒီယိုကို တင်ခဲ့သည့်အတွက် လတ်ထီရှာသည် ဝေဖန်ပြောဆိုခံခဲ့ရပြီး နောက်ပိုင်းတွင် သူမက ကာကွယ်ဆေးများကို ဟန့်တားနေခြင်း မဟုတ်ရကြောင်း၊ ဆေးထဲတွင် ပါသည့်အရာများနှင့် ပတ်သက်၍ သိလိုခြင်းသာဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

ရုပ်ရှင်ရိုက်ကွင်းများတွင် ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေထိုးရန် လိုမလို ဆုံးဖြတ်ချက်သည် စတူဒီယိုနှင့် ပရိုဂျူဆာများ၏ သဘောဖြစ်ပြီး ဒစ္စနေကုမ္ပဏီကမူ ယခုလတွင် စနစ်တစ်ရပ်ကို မိတ်ဆက်လိုက်သည်။ ထုတ်လုပ်ရေးပိုင်းအဓိကဇုန်ရှိ ကာကွယ်ဆေးထိုးပြီးသူများက အဝါရောင်လက်ပတ်ဝတ်ဆင် ထားရမည်ဖြစ်ပြီး ဆေးမထိုးထားလျှင် ဝတ်ရန်မလိုသည့် စနစ်ဖြစ်သည်။

Most Read

Most Recent