မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုဖြစ်သည့် စစ်တွေရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တောကညင်ချောင်း ကုန်သွယ်ရေးဆိပ်ကမ်းတို့ COVID-19 တတိယလှိုင်းကြောင့် ပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုဖြစ်သည့် စစ်တွေရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တောကညင်ချောင်း ကုန်သွယ်ရေးဆိပ်ကမ်းတို့ COVID-19 တတိယလှိုင်းကြောင့် ပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်
ကုန်သွယ်ရေးဇုန်အတွင်း ကုန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
ကုန်သွယ်ရေးဇုန်အတွင်း ကုန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
Published 15 October 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်  စစ်တွေရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တောကညင်ချောင်း ကုန်သွယ်ရေးဆိပ်ကမ်းတို့ကို COVID-19 တတိယလှိုင်းကြောင့် ဇူလိုင် ၁၅ ရက်မှစ၍ ပိတ်ထားခဲ့ရာမှ လက်ရှိအချိန်တွင် ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

COVID-19 တတိယလှိုင်းကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၅ ရက်မှ ပိတ်ထားခဲ့ရသော နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုဖြစ်သည့် စစ်တွေရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တောကညင်ချောင်း ကုန်သွယ်ရေးဆိပ်ကမ်းတို့အား အောက်တိုဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်စည်းကမ်းချက်များကို လိုက်နာလျက် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကုန်သွယ်မှုများ အမြန်ဆုံးစတင်နိုင်ရေးအတွက် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ကုန်စည်စီးဆင်းမှုလွယ်ကူ ချောမွေ့စေရေးအတွက် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် သိရှိလိုသည့် သတင်းအချက်အလက်များကို အသင်းရုံးသို့ စုံစမ်းမေးမြန်းနိုင်ပြီး သတ်မှတ်ထားသည့် COVID-19 စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဟု သိရသည်။

ယင်းစည်းကမ်းချက်များအနေဖြင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများသာ ကုန်သွယ်မှုဆိပ်ကမ်းထဲသို့ ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှကုန်ချပြီး ပြန်လည်ရောက်ရှိလာသော ရေယာဉ်များသည် ရွှေမင်းဂံဆိပ်ကမ်းချောင်းရှိ သတ်မှတ်ထားသောနေရာ (ရေလယ်) တွင် ကျောက်ချရပ်နားပြီး Quarantine ၁၀ ရက် ခံယူရမည်ဖြစ်ကြောင်း၊ ရေယာဉ်မထွက်ခွာမီနှင့် ရေယာဉ်ရောက်ရှိချိန်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ သတ်မှတ်စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာရန် လိုအပ်ပြီး ရေယာဉ်ဝင်/ထွက်မှုအတွက် ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ သတ်မှတ်နေရာတွင် ကုန်တင်ချမှုမပြုလုပ်ခြင်းနှင့် စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းအတွက် ရေယာဉ်ပြေးဆွဲခွင့်နှင့် ကုမ္ပဏီ၏ကုန်သွယ်မှု ဆောင်ရွက်ခွင့်များကို ရုတ်သိမ်းအရေးယူခြင်း ခံရမည်ဖြစ်ကြောင်း၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် တောင်ကုတ်၊ ကျောက်ဖြူစသော ရခိုင်ပြည်တွင်းရှိ သတ်မှတ်ဆိပ်ကမ်းမှ ကုန်တင်ဆောင်လာသော ရေယာဉ်များသည် စစ်တွေရွှေမင်းဂံဆိပ်ကမ်း၌ OSS ကုန်ပစ္စည်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent