မန္တလေးပဲဈေးကွက်တွင် ရက်ပိုင်းအတွင်း မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၄၅၀၀၀ ခန့် ဈေးကျဆင်း

မန္တလေးပဲဈေးကွက်တွင် ရက်ပိုင်းအတွင်း မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၄၅၀၀၀ ခန့် ဈေးကျဆင်း
Published 12 October 2021
မင်းလတ်

မန္တလေးပဲစျေးကွက်တွင် ငွေစျေးအပြောင်းအလဲကြောင့် မတ်ပဲစျေးသည် ရက်ပိုင်းအတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၄၅၀၀၀ ခန့် စျေးကျဆင်းသွားကြောင်း၊ ထို့ပြင် ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပြောင်းဖူးစေ့စျေးမှာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀၀၀၀ ခန့် အနည်းဆုံးကျဆင်းသွားကြောင်း မန္တလေးမြို့ ပဲကုန်သည်များထံမှ သိရသည်။

“မန္တလေးပဲစျေးကွက်ထဲမှာ အရောင်းအဝယ် နည်းနည်းအေးတယ်။ ငွေစျေးကျတော့ ပဲစျေးတွေ ကျတယ်လို့ ယေဘုယျ ပြောလို့ရတယ်။ မတ်ပဲစျေးဆို ရက်ပိုင်းအတွင်း သုံးတင်းဝင်တစ်အိတ် ကျပ် ၄၅၀၀၀ လောက် စျေးပြုတ်ကျသွားတယ်။ အခုဆို မတ်ပဲတစ်အိတ်ကျပ် ၁၅၅၀၀၀ စျေးရှိတော့တယ်။ ပဲစင်းငုံစျေးက တစ်အိတ် ၁၂၂၀၀၀ စျေးရှိတယ်။ ပဲစင်းငုံစျေးက တစ်အိတ်ကို ကျပ် ၂၈၀၀၀ လောက်စျေးကျတယ်။ ရိုးရိုးပဲတီစိမ်း စျေးတစ်အိတ်ကို လက်ရှိစျေး ကျပ် ၁၂၅၀၀၀ ရှိတယ်။ အရင်တုန်းက ပဲတီစိမ်းစျေးက ကျပ် ၁၄၀၀၀၀ လောက်ရှိတယ်။ တစ်အိတ်ကို ကျပ် ၁၅၀၀၀ လောက် စျေးကျတယ်။ ပဲတီစိမ်းရွှေဝါက ကျပ် ၁၄၀၀၀၀ စျေးရှိတယ်။ ကျန်တဲ့ ကုလားပဲစျေးလည်း ကျတော့ကျတယ်။ ပြည်တွင်းသုံးပဲတွေက ကျပ်ထောင်ဂဏန်းလောက်ကျတယ်။ V2 ကုလားပဲ ကျပ် ၁၂၈၀၀၀ စျေး၊ ထိုင်ဝမ်ကုလားပဲ ၁၁၅၀၀၀ စျေး၊ ၉၂၉ကုလားပဲ ကျပ် ၁၁၇၀၀၀ စျေးရှိတယ်။ ကုလားပဲတစ်အိတ်ကို ထောင်ဂဏန်းလောက် စျေးကျတယ်။ မတ်ပဲစျေးလောက် သောင်းဂဏန်းမကျဘူး။ သိသိသာသာစျေးကျတာ ပြောင်းဖူးစေ့စျေးဆို အရင်က တစ်ပိဿာ ၇၇၀ စျေး ဆိပ်ကမ်းအရောက်စျေး ရှိတယ်။ ဒီနေ့ (အောက်တိုဘာ ၁၂ ရက်) ဆို တစ်ပိဿာ ကျပ် ၆၀၀ ပဲ ရှိတော့တယ်။ တစ်ပိဿာကျပ် ၁၇၀ လောက်ကျတယ်။ သုံးတင်းတစ်အိတ်ကို ကျပ် ၁၀၀၀၀ လောက် စျေးကျတယ်။ နှမ်းစျေးလည်း အကောင်းက စျေးမကျဘူး။ နှမ်းအညံ့စျေးအေးတယ်။ နှမ်းအကောင်းက ပစ္စည်းနည်းတော့ စျေးမကျဘူး။ နှမ်းအညံ့ဆို အရင်က ကျပ် ၁၅၀၀၀၀ လောက်ပြောတဲ့ ပစ္စည်းက အခု ကျပ် ၁၃၅၀၀၀ စျေး။ အရင်ရက်က စျေးတက်သွားတဲ့ ပဲစျေးတွေက တစ်အိတ်ကို အောက်ခံကျပ် ၁၅၀၀၀ လောက် စျေးပြုတ်ကျသွားတယ်” ဟု မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နိုင်ငံခြားငွေစျေး မြင့်တက်ခဲ့သောကြောင့် ပြည်ပသို့ တင်ပို့သည့် ပဲအမျိုးအစားများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့သည် စျေးမြင့်တက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent