အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့်အမှုအတွက် အောက်တိုဘာ ၈ ရက်ရုံးချိန်းတွင် တရားလိုဖြစ်သူနှင့် တရားလိုပြအရပ်သားသက်သေ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းတို့အား ပြန်လှန်စစ်မေးခြင်း ပြုလုပ်ခဲ့သည်။
ထိုသို့ ပြန်လှန်စစ်မေးရာတွင် ဦးဖြိုးမင်းသိန်းက ၎င်းအားစောင့်ရှောက်ရန်အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရွှေနှင့်ဒေါ်လာများ ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းကိုစစ်ကြောရေးတွင်ထားရှိပြီး တရားစွဲဆိုထားခြင်းမရှိဟု ထွက်ဆိုကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောကြားသည်။
“သူကတော့ အဲဒီလိုပဲ (စောင့်ရှောက်ဖို့ ရွှေနှင့်ဒေါ်လာများပေးခြင်း) ထွက်တာပေါ့။ နောက်ပြီးတော့ ဦးဖြိုးမင်းသိန်းက တကယ်ဆိုရင် လွတ်လပ်တဲ့သက်သေတော့ မဟုတ်ဘူး။ CEC တွေ၊ ဝန်ကြီးချုပ်တွေအကုန်လုံး တရားစွဲထားတာ။ ဝန်ကြီးချုပ်တွေဆိုလို့ရှိရင် ဒေါက်တာဇော်မြင့်မောင်တို့၊ ဦးမြင့်နိုင်တို့ နောက်ပြီး ဒေါ်နန်းခင်ထွေးမြင့်တို့၊ ဦးညီပုတို့၊ ဒေါက်တာ အောင်မိုးညိုတို့ဆိုတာ ဝန်ကြီးချုပ်တွေ၊ CEC တွေလေ။ အကုန်တရားစွဲထားတာ၊ သူ့ကျတော့ တရားမစွဲဘူး။ ဒီနေ့ထိ ရှစ်လရှိပြီ၊ တရားမစွဲဘဲ ဒီအတိုင်းထားတာ။ နောက်ပြီးတော့ သူ့ကိုမေးတယ်။ ဘယ်မှာနေတာလဲဆိုတော့ စစ်ကြောရေးစခန်းမှာနေတာတဲ့။ အဲဒီကနေလာထွက်တယ်ဆိုတော့ စဉ်းစားကြည့်ပေါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောကြားသည်။
ဖေဖော်ဝါရီ ၁ ရက်မှစ၍ NLD အစိုးရ လက်ထက် အစိုးရတာဝန်ထမ်းဆောင်ခဲ့သည့် NLD ထိပ်ပိုင်းခေါင်းဆောင် အားလုံးနီးပါးမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး အများစုမှာ ပုဒ်မအသီးသီးဖြင့် တရားစွဲဆိုခံထားသည်။
ထိုသို့ ဖမ်းဆီးတရားစွဲဆိုခံထားရသူများအနက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တာ ဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာအောင်မိုးညိုသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ထားခံရသည့်အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့်ပါ ထပ်မံအမှုဖွင့်လှစ်ခံထားရသည်။
အလားတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးညီပုသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ထားခံရပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်လှစ်ခံထားရသည်။
NLD အစိုးရလက်ထက် အတိုင်ပင်ခံ ပုဂ္ဂိုလ်တာဝန်နှင့် ပြည်ထောင်စုဝန်ကြီးတာဝန်များ ပူးတွဲထမ်းဆောင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁ ရက် ထိန်းသိမ်းခံရချိန်မှစ၍ လက်ရှိအချိန်အထိ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ စသည်တို့ဖြင့် အမှုများစွာဖြင့် တရားစွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေရသည်။
ထို့အတူ သမ္မတဦးဝင်းမြင့်သည်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာမျိုးအောင်သည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတို့ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာဇော်မြင့်မောင်သည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃၀ (က)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာမြင့်နိုင်သည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်လည်းကောင်း အမှုဖွင့်တရားဆိုစွဲခံထားရသည်။
အလားတူ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဝင်းသိန်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးမြင့်မောင်သည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာအေးဇံသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာခက်အောင်သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်လှစ်ခံထားရသည်။
ကျန်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးလှမိုးနှင့် ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဘော့စ်ကိုတို့မှာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရကြောင်း သတင်းထွက်ပေါ်နေပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆလိုင်းလျန်လွယ်မှာ အိန္ဒိယနိုင်ငံဘက်သို့ တိမ်းရှောင်သွားကာ ၎င်းတို့သုံးဦးအား မည်သည့်ပုဒ်မများဖြင့် အမှုဖွင့်လှစ်ထားကိုမူ မသိရှိရသေးပေ။
ထိုသို့ ထိပ်ပိုင်းခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်း၍ အမှုဖွင့်လှစ်အရေးယူခံရသူများ ရှိနေချိန်တွင် NLD အစိုးရလက်ထက် အရေးပါသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိအမှုဖြင့် စွဲဆိုသည့်အမှုတွင် ဒေါ်လာနှင့်ရွှေများပေးခဲ့သည်ဟု ထွက်ဆိုသော ဦးဖြိုးမင်းသိန်းအား တစ်စုံတစ်ရာ အရေးယူထားခြင်းမရှိပေ။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ရယူသူကိုသာမက ပေးရန်လှုံ့ဆော်သူ၊ အားထုတ်သူ၊ ပါဝင်သူများကိုလည်း အရေးယူသည့် ပြဋ္ဌာန်းချက်ပါဝင်ပြီး တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခဲ့သည့်ဖြစ်စဉ်တွင် အဂတိလိုက်စားခဲ့သည့် ဒေါက်တာလဲ့လဲ့မော်သာမက ၎င်းအားလာဘ်ပေးခဲ့သည့် ကုမ္ပဏီတာဝန်ရှိသူများကိုလည်း အရေးယူထောင်ချခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၃ တွင် မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန်လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းပြုလျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့်ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။
ယင်းအပြင် အတိုင်ပင်ခံပုဂ္ဂိုလ်အား ဦးဖြိုးမင်းသိန်းက ရွှေနှင့်ဒေါ်လာများ ပေးအပ်ခဲ့မှုသည် မည်သည့်နေရာမှ ငွေကြေးဖြင့်များဖြင့် ဝယ်ယူရရှိခဲ့သည်ကို စစ်ဆေးဖော်ထုတ်ထားခြင်းမရှိပေ။
အတိုင်ပင်ခံပုဂ္ဂိုလ်အား ရွှေနှင့်ဒေါ်လာများ ပေးအပ်ရာတွင် ၎င်း၏ဇနီးဖြစ်သူနှင့် တိုင်ပင်ပြီး မိသားစုပိုင် စိန်ရွှေရတနာရောင်းဝယ်ရေး လုပ်ငန်းများအတွက် အသုံးပြုရန် စုဆောင်းထားသည့် အကယ်ဒမီ တံဆိပ်ရွှေနှင့် လုပ်ငန်းလည်ပတ်သူများအချို့တွင် ဒေါ်လာနှင့်လဲလှယ်၍ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ထွက်ဆိုထားသဖြင့် အဆိုပါစိန်ရွှေရတနာရောင်းဝယ်ရေးလုပ်ငန်း၏ လည်ပတ်မှုနှင့် အခွန်ဆောင်ထားမှုတို့အား စစ်ဆေးရန် လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။
NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၆ ရက်က The Daily Eleven သတင်းစာပါ ရွေးကောက်ပွဲတစ်နှစ်ကြာသော် အယ်ဒီတာ့အာဘော်တွင် ဒေါ်လာတစ်သိန်းဝန်းကျင်တန်သည့် Patek Philippe နာရီကို ရန်ကုန်မြို့သစ်စီမံကိန်းအောင်သွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဝန်ကြီးချုပ် အားပေးခဲ့သည်ဆိုသည့်အချက်ကို ထည့်သွင်းရေးသားဖော်ပြခဲ့ပြီး ယင်းဖော်ပြချက်အပေါ် ထိုစဉ်ကအဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် စုံစမ်းစစ်ဆေးခြင်းမရှိပေ။
သို့ရာတွင် အယ်ဒီတာ့အာဘော်အား Eleven Media Group ၏ ဖေ့ဘွတ်စာမျက်နှာနှင့် Eleven Media Group CEO ၏ ဖေ့ဘွတ်စာမျက်နှာတို့တွင် ဖော်ပြခဲ့မှုကြောင့် ဦးဖြိုးမင်းသိန်းက Eleven Media Group ၏ CEO နှင့် တာဝန်ရှိသည့် အယ်ဒီတာတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည်။
အလားတူ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်တွင် “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” သတင်းသုံးသပ်ချက် ဆောင်းပါးဖော်ပြမှုနှင့်ပတ်သက်၍ အများပြည်သူက အစိုးရကို ပြစ်မှုကျူးလွန်ချင်လာအောင် ပြုလုပ်ခြင်းဖြစ်သည်ဟုဆိုကာ Weekly Eleven ဂျာနယ်အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရက မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီသို့ တိုင်တန်းခဲ့ခြင်းမျိုး မပြုလုပ်ဘဲ အယ်ဒီတာချုပ်၊ ဒုတိယအယ်ဒီတာချုပ်နှင့် သတင်းထောက်ချုပ်တို့ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားရုံးသို့ တိုက်ရိုက်တိုင်တန်း တရားစွဲဆို ဖမ်းဆီးစေခဲ့သည်။
ထိုသို့ ဦးဖြိုးမင်းသိန်းနှင့် တိုင်းအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်ကို တစ်စုံတစ်ရာ စစ်ဆေးခြင်းမရှိဘဲ ပုဒ်မ ၅၀၅ (ခ) ဖြင့် Eleven Media Group သတင်းသမားများကို ဖမ်းဆီးခဲ့သဖြင့် ဝေဖန်ခံခဲ့ရသည်။
ထို့နောက် သမ္မတ၏လမ်းညွှန်မှုဖြင့် နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် အပါအဝင်သုံးဦးအား တရားစွဲဆိုထားမှုအပေါ် အမှုရုပ်သိမ်းလွှာ ပြန်လည်တင်ခဲ့ကာ အမှုရုပ်သိမ်းခဲ့သည်။
ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်က YBS နှင့် ကျောင်းကားများဝယ်ယူရာတွင် ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့မှ ချေးငွေရယူသည့်ကိစ္စရပ်များ၊ YP စက်သုံးဆီ ဆီဆိုင်မြေနေရာများအား မြေတန်ဖိုးနည်းစွာဖြင့် ချထားပေးမှု၊ ရန်ကုန်မြို့သစ်စီမံကိန်းဖော်ဆောင်ရေး ကိစ္စရပ်များသည် ထင်ရှားသည့်ဖြစ်စဉ်များ ဖြစ်ခဲ့သည်။
Yangon Petrol အမည်ဖြင့် စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရန် နိုင်ငံပိုင်မြေများကို ကာလပေါက်စျေးထက် နည်းပါးသော တစ်ပေပတ်လည် အနိမ့်ဆုံးကျပ် ၂၀၀၀ နှင့် ချထားပေးကာ ကုမ္ပဏီအမည်ပေါက်ဖြင့် ဂရန်ဖောက်၍ စက်သုံးဆီဆိုင်ဖွင့် ရောင်းချခွင့်ပေးခဲ့ခြင်းဖြစ်ပြီး ထိုသို့နိုင်ငံပိုင်မြေများအား စျေနှုန်းနည်းပါးစွာ ချထားပေးသည့်အပေါ် ဝေဖန်မှုများရှိခဲ့သည်။
အဆိုပါဝေဖန်မှုများကို ဦးဖြိုးမင်းသိန်းက စက်သုံးဆီဆိုင်မြေနေများအား မြေစျေးနှုန်း တစ်ပေပတ်လည်လျှင် ၂၀၀၀ နှင့် ၄၈၀၀ ကြားရောင်းပေးခြင်းဖြစ်ပြီး စက်သုံးဆီဆိုင်ဖွင့်မည်ဆိုပါက အဆိုပါစျေးထက် ပိုမိုလျှော့ကာ ရောင်းပေးချင်ကြောင်း၊ ဟိုတယ်ဖွင့်ခွင့်ပေးနေခြင်းမဟုတ်ဘဲ ပြည်သူများ စက်သုံးဆီစျေးနှုန်း သက်သာစွာဖြင့် သုံးစွဲနိုင်ရေး ကြိုးစားနေခြင်းဖြစ်ကြောင်း ထိုစဉ်က တုံ့ပြန်ရှင်းလင်းခဲ့ပြီး YP ဆီဆိုင်ဘက်မှလည်း အခြားဆိုင်များထက် စျေးနှုန်းလျှော့၍ စက်သုံးဆီများကို ရောင်းချပြခဲ့ကာ လက်ရှိတွင် YP ဆီဆိုင်၏ စက်သုံးဆီစျေးနှုန်းမှာ အခြားဆိုင်များနှင့် ကွာဟမှုမရှိသလောက်ဖြစ်သည်။
YP ဆီဆိုင်သို့ ရောင်းချပေးခဲ့သည့် နိုင်ငံပိုင်မြေကွက်များသည် နေရာကောင်းများတွင်ဖြစ်ပြီး ကာလပေါက်စျေးထက်လျော့၍ ရောင်းချခဲ့မှုကြောင့် နိုင်ငံပိုင်ဘဏ္ဍာငွေ ဆုံးရှုံးခဲ့မှုများအပေါ် မေးခွန်းထုတ်မှုများ ရှိခဲ့သည်။
ထိုကဲ့သို့ YP ဆီဆိုင်မြေနေရာများ ချထားပေးစဉ် YP ဆီဆိုင်ဘက်မှ နိုင်ငံပိုင်မြေကွက် ၂၆ ကွက်အား တစ်ပေပတ်လည် ကျပ် ၂၀၀၀ ဖြင့် အမည်ပေါက်ဝယ်ယူခွင့်ရရှိရန် လျှောက်ထားခဲ့သည်ဟု စုံစမ်းသိရှိရသည့်အတွက် ယင်းလျှောက်ထားမှုအတိုင်းသာ ခွင့်ပြုပေးခဲ့ပါက ခန့်မှန်းခြေကာလတန်ဖိုး ကျပ်ဘီလျံ ၂၀၀ နှင့် ၃၀၀ ကြား နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးနိုင်ခြေရှိကြောင်း ထိုစဉ်က The Daily Eleven သတင်းစာက ထောက်ပြရေးသားခဲ့သည်။
ထို့ပြင် YBS ယာဉ်များ ဝယ်ယူရာတွင် လွှတ်တော် ခွင့်ပြုငွေ ကျပ်ဘီလျံ ၇၀ ဖြင့် မလုံလောက်သဖြင့် ထပ်မံထည့်ဝင်ငွေအဖြစ် ဧရာဝတီဘဏ်မှ ရှစ်ဘီလျံအားလည်းကောင်း၊ ကျောင်းကားများဝယ်ယူရန် ကမ္ဘောဇဘဏ်မှ ကျပ်သန်း ၅၅၀၀ အားလည်းကောင်း ချေးယူခဲ့မှုကိစ္စအား လူပုဂ္ဂိုလ်အရ ချေးငွေရယူခဲ့ခြင်း ဖြစ်သည်ဟုဆိုကာ ယင်းကိစ္စရပ်ကို တိုင်းဒေသကြီးလွှတ်တော်အတွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါချေးငွေများကို ပေးဆပ်ရာတွင် အများပြည်သူဘဏ္ဍာငွေများဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားသည့် ခရီးသည်တင်ယာဉ် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီတွင် တာဝန်မရှိဘဲ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း ကိုကျော်လွန်ပြီး လူပုဂ္ဂိုလ်အရချေးထားသည့် ငွေများဖြစ်သဖြင့် ပြန်ဆပ်ရန် သဘောမတူကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကန့်ကွက်မှုများရှိခဲ့သည်။
ယင်းပြင် မထသမှ YBS စနစ်သို့ ပြောင်းလဲချိန်တွင် မော်တော်ယာဉ်များဝယ်ယူရန်အတွက် ဧရာဝတီဘဏ်သည် YBS စနစ်၌ ပါဝင်ပြေးဆွဲမည့် ကုမ္ပဏီများသို့ ချေးငွေထုတ်ချေးခဲ့ပြီး ထိုသို့ချေးငွေရယူထားသည့် ကုမ္ပဏီများအနက် Omni Focus ကုမ္ပဏီအပါအဝင် ကုမ္ပဏီသုံးခုပေါင်း ချေးယူထားသည့် ကျပ်ဘီလျံ ၅၀ ကျော်တွင် ချေးငွေအချို့ကို အဆိုပါကုမ္ပဏီသုံးခုက ပုံမှန်ပြန်မဆပ်သဖြင့်ဟုဆိုကာ ဧရာဝတီဘဏ်ဘက်မှ တရားစွဲဆိုမည်ဆိုသည့် သတင်းများသည် ထိုစဉ်က မီဒီယာများတွင် ပျံ့နှံ့ခဲ့သည်။
YBS ချေးငွေကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီများ ချေးငွေရယူမှုအပေါ် တိုင်းအစိုးရအဖွဲ့ဘက်က တစ်စုံတစ်ရာအာမခံ၍ လက်မှတ်ထိုးထားခြင်း မရှိသော်လည်း YBS စနစ် စတင်အကောင်အထည်ဖော်ချိန်တွင် ဧရာဝတီဘဏ်အနေဖြင့် ငွေကြေးပိုင်းတွင် အကူအညီပေးရန် တိုင်းအစိုးရအဖွဲ့က စာပေးပို့မှုရှိခဲ့သည်ဟု ဧရာဝတီဘဏ်ဘက်မှ မီဒီယာအချို့တွင် ထိုစဉ်က ထုတ်ဖော်ပြောကြားခဲ့သည်။
ဘဏ်ဘက်မှ တရားစွဲဆိုမှုပြုလုပ်ရန် စီစဉ်ချိန်တွင် ချေးငွေများကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အာမခံထားသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတော်ဘဏ္ဍာငွေထဲမှ ပေးဆပ်မည်ဟုဆိုသည့် သတင်းများထွက်ပေါ်လာသဖြင့် ဦးဖြိုးမင်းသိန်းအပေါ် ဝေဖန်မှုများ ရှိခဲ့သည်။
အဆိုပါချေးငွေကိစ္စဖြစ်ပွားစဉ်က ရှုပ်ထွေးမှုများရှိခဲ့ပြီး ဘဏ်နှင့်ချေးငွေရယူထားသည့် ကုမ္ပဏီအကြား လွှတ်တော်ကော်မတီတွင် ညှိနှိုင်းရန် တိုင်းအစိုးရအဖွဲ့ဘက်က ညွှန်ကြားခဲ့ပြီး အဆိုပါချေးငွေကိစ္စရပ်မှာ မည်သို့ပြီးဆုံးသွားသည်ကို မသိရှိရပေ။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်ယူခဲ့သည့် ဦးဖြိုးမင်းသိန်း၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မကြာခဏ ဝေဖန်မှုများဖြစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ် ၃၂ ဦးက ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်မှုလည်း ဖြစ်ပေါ်ခဲ့သည်။
ဦးဖြိုးမင်းသိန်းအနေဖြင့် ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စ၊ လှိုင်သာယာမြို့နယ်၌ အစားအသောက်ဝေငှရာ COVID-19 ကာကွယ်တားဆီးရေး ချမှတ်ထားသည့် စည်းကမ်းများကို မလိုက်နာဘဲ လူစုလူဝေးဖြစ်ပွားခဲ့သည့်ကိစ္စ၊ ဗိုလ်တထောင်စေတီတွင် လူစုလူဝေးဖြစ်ပွားခဲ့သည့်ကိစ္စ၊ ကျောင်းကားများဝယ်ယူရာ လွှတ်တော်၏ သဘောထားမရယူခြင်း အစရှိသည့် ဆောင်ရွက်ချက်ခုနစ်ချက်ဖြင့့် စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးတောင်းဆိုခဲ့သဖြင့် လွှတ်တော်တွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ထိုစဉ်က NLD လွှတ်တော်ကိုယ်စားလှယ် အရေအတွက် များပြားသဖြင့် စွပ်စွဲပြစ်တင်မှုမှာ အောင်မြင်မှု မရရှိခဲ့ပေ။
ထို့အတူ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့တွင် ဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သူများအနက် ဒေါ်နီလာကျော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုထားသော်လည်း ဝေဖန်မှုများနှင့် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သတင်းများထွက်ပေါ်ခဲ့သည့် ဦးဖြိုးမင်းသိန်းအား အရေးယူမှုမရှိခြင်းကိုလည်း မေးခွန်းထုတ်မှုများရှိနေသည်။
ဦးဖြိုးမင်းသိန်းအား အဂတိလိုက်စားမှုဖြင့် အရေးယူခြင်းရှိမရှိနှင့် ပတ်သက်၍ ဥပဒေ၏အထက်၌ မည်သူမျှမရှိကြောင်းနှင့် ဥပဒေအတိုင်းဖြစ်စေရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၁ ခုနှစ် ဇွန် ၁၂ ရက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Eleven Media Group ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားထားသည်။
“ကျွန်တော်ပြောသလိုပါပဲ။ ဥပဒေအရပေါ့နော်၊ ဥပဒေအရ ဖြစ်စေရပါမယ်။ မည်သူမျှ ဥပဒေရဲ့အထက်မှာမရှိဘူးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ ဒီစစ်ဆေးမေးမြန်းနေဆဲ အမှုတွေ၊ လုပ်နေဆဲကိစ္စတွေနဲ့ပတ်သက်ပြီးတော့ တချို့ဟာတွေကျတော့လည်း ကျွန်တော်တို့ ဒီမေးခွန်းမမေးခင်မှာ ကျွန်တော်ပြောခဲ့တာ ရှိပါတယ်။ တရားရုံးက စစ်ဆေးနေတဲ့အမှုတွေ၊ ဆုံးဖြတ်နေဆဲအမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဒါမမေးပါနဲ့လို့ ပြောခဲ့တာရှိပါတယ်။ ဒါပေမဲ့ ဒီဥစ္စာသည် တရားရုံးက ဆုံးဖြတ်တဲ့အမှုတော့ မဟုတ်သေးပါဘူး။ သို့သော် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့ ဆိုင်ပါတယ်။ သူတို့အစိုးရ အရင်တုန်းက ဝန်ကြီးချုပ်လုပ်ခဲ့တဲ့သူတွေနဲ့ ဆိုင်ပါတယ်။ သူတို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။ ခုနကပြောသလို ကျွန်တော်တို့ ဥပဒေအထက်မှာတော့ မည်သူမျှ မရှိပါဘူး။ ဥပဒေအတိုင်းပဲ ဖြစ်စေရပါမယ်လို့ ကျွန်တော် ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
သို့ရာတွင် NLD ပါတီဥက္ကဋ္ဌအပါအဝင် ဗဟိုအလုပ်အမှုဆောင်များ၊ NLD အစိုးရ လက်ထက် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူများ၊ ပြည်ထောင်စုဝန်ကြီးအချို့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးအချို့အား အရေးယူခံထားရမှုများကို သတင်းထုတ်ပြန်မှုများ ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းအား မည်သို့ အမှုဖွင့်အရေးယူထားကို တရားဝင်ထုတ်ပြန်ခြင်းမရှိပေ။















