မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ISUZU ဆီဘောက်ဆာယာဉ်အား စစ်ဆေးရာ၌ တာဝေးခွင်းဗုံး ၈၉ လုံး၊ ရိုက်ဖယ်အလက် ၂၀၀ အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်တွင် နေထိုင်သည့် နေလင်းထွန်း ၄၂ နှစ် (ဘ) ဦးထွန်းနိုင် မောင်းနှင်လာသည့် ISUZU ဆီဘောက်ဆာ(အဖြူရောင်) ယာဉ်အား အမရပူရမြို့နယ်၊ ကမ်းနားလမ်း၊ ရွှေကြက်ယက်ဘုရားအနီးသို့ မောင်းနှင်ရောက်ရှိစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတင်းအရ ယာဉ်အားရပ်တန့်စစ်ဆေးခဲ့ရာ ဆီဘောက်ဆာယာဉ်၏ ဆီအကန့်ငါးကန့် ရှိသည့်အနက် နောက်ဆုံးဆီအကန့်တွင် အံဝှက်ပြုလုပ်သယ်ဆောင်လာသည့် လက်နက်/ခဲယမ်းနှင့် ဆပ်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
သိမ်းဆည်းရမိခဲ့သည့် လက်နက်များတွင် 7.62 MM Assault Rifle Type 81 (KIA ထုတ်) ၂၀၀ လက်၊ 7.62 MM life Machine Gun Type 81 (KIA ထုတ်) ၂၀ လက်၊ ၎င်းကျည်အိမ် ၅၄ ခု၊ 7.62 x 39 ကျည် ၃၂၆၄၀ တောင့်၊ 100 MM HE တာဝေးခွင်းဗုံး ၈၉ လုံး၊ အစပျိုးစနက်အုံ ၈၉ ခုတို့ ပါဝင်ပြီး ဖမ်းဆီးရမိ တရားခံများအား စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။















