အဂတိအမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေ ဦးဖြိုးမင်းသိန်းကို ပြန်လှန်စစ်မေးခြင်းပြုလုပ်ရာတွင် ၎င်းအားစောင့်ရှောက်ရန်အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရွှေနှင့်ဒေါ်လာများပေးခဲ့သည်ဟု ထွက်ဆိုကြောင်း ရှေ့နေဖြစ်သူ ပြောကြား

အဂတိအမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေ ဦးဖြိုးမင်းသိန်းကို ပြန်လှန်စစ်မေးခြင်းပြုလုပ်ရာတွင် ၎င်းအားစောင့်ရှောက်ရန်အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရွှေနှင့်ဒေါ်လာများပေးခဲ့သည်ဟု ထွက်ဆိုကြောင်း ရှေ့နေဖြစ်သူ ပြောကြား
၂၀၂၀ ပြည့်နှစ် သြဂုတ် ၈ ရက်က နေပြည်တော်သို့ပြန်လည်ထွက်ခွာမည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား လေဆိပ်တွင် လိုက်ပါပို့ဆောင်နေသည့် ဦးဖြိုးမင်းသိန်းအား တွေ့ရစဉ်
၂၀၂၀ ပြည့်နှစ် သြဂုတ် ၈ ရက်က နေပြည်တော်သို့ပြန်လည်ထွက်ခွာမည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား လေဆိပ်တွင် လိုက်ပါပို့ဆောင်နေသည့် ဦးဖြိုးမင်းသိန်းအား တွေ့ရစဉ်
Published 9 October 2021
အောင်မင်းသိန်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့်အမှုအတွက် တရားလိုဖြစ်သူနှင့် တရားလိုပြ အရပ်သားသက်သေ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းတို့အား ပြန်လှန်စစ်မေးခြင်းပြုလုပ်ခဲ့ပြီး ဦးဖြိုးမင်းသိန်းက ၎င်းအားစောင့်ရှောက်ရန်အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရွှေနှင့်ဒေါ်လာများပေးခဲ့သည်ဟု ထွက်ဆိုကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့်  တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောကြားသည်။

အောက်တိုဘာ ၈ ရက်က နေပြည်တော် ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေများဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် စွဲဆိုထားသည့်အမှုများကို ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလိုဖြစ်သူနှင့် သက်သေဦးဖြိုးမင်းသိန်းတို့ကို ပြန်လှန်စစ်မေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“သူ့ထွက်ဆိုချက်ကတော့ သူကဒေါ်အောင်ဆန်းစုကြည်ကို အကယ်ဒမီ အခေါက်ရွှေခုနစ်ပိဿာကို သုံးကြိမ်ခွဲပြီးတော့ ဒေါ်လာကလည်း ဒီလိုပဲပေါ့။ သုံးကြိမ်ခွဲပေးတယ်ဆိုတာ အဲဒီလိုပဲပြောတာပဲ။ ပြန်လှန်မေးခွန်း မေးတဲ့အခါကျတော့လည်း အဲဒီအတိုင်းပြောတာပဲ။ သူအကြောင်းပြချက်မရှိပါဘူး။ သူ့ကို စောင့်ရှောက်ပေးဖို့ပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောကြားသည်။

ဦးဖြိုးမင်းသိန်းသည် အောက်တိုဘာ ၁ ရက်ရုံးချိန်းတွင် ရုံးတော်သို့လာရောက်၍ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့သည့် ရုပ်သံဖိုင်ပါအချက်အလက်များအတိုင်း အတိုင်ပင်ခံပုဂ္ဂိုလ်အား ဒေါ်လာနှင့်ရွှေများပေးခဲ့သည်ဟု ထွက်ဆိုခဲ့ပြီး ယင်းသို့ထွက်ဆိုချက်များသည် မဟုတ်မဟတ်ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က All Absurd ဟု သုံးနှုန်းကာ အောက်တိုဘာ ၄ ရက်ရုံးချိန်းတွင် ၎င်း၏ရှေ့နေများနှင့် တွေ့ဆုံစဉ် တု့ံပြန်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားထားသည်။

“ဘာပြောလဲဆိုတော့ ဟိုနေ့ကတုန်းက ပြောတဲ့ကိစ္စပေါ့။ All Absurd ဆိုတဲ့ကိစ္စကတော့ ဒါကတော့ ပြောပြီးသွားတော့လည်းပဲ ပြောပြီးသွားပြီပေါ့တဲ့။ ထားလိုက်ပါတော့တဲ့။ ဒီအမှုက အဓိပ္ပာယ်မရှိဘူးဆိုတာ သူသိတာပေါ့။ သူက ဒီနေ့ကတော့ အမှုအကြောင်းပဲ ပြောတာပါ။ အမှုကလည်း များတာကို။ ဒီနေ့လေးမှုက အဂတိလိုက်စားမှုတိုက်ဖျက်ရေး အမှုတွေချည်းပဲလေ” ဟု အောက်တိုဘာ ၈ ရက်ရုံးချိန်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောဆိုမှုအား တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြန်လည်ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ဇနီးဖြစ်သူသည် အောက်တိုဘာ ၈ ရက်ရုံးချိန်းတွင် လာရောက်ခြင်းမရှိသော်လည်း တရားလိုပြသက်သေအဖြစ် စာရင်းတွင်ပါဝင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောကြားသည်။

Most Read

Most Recent