ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေကြောင်း အောက်တိုဘာ ၈ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်မှုအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကာ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေကြောင်း သိရသည်။
ယင်းအတွက်ကြောင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။
လွန်ခဲ့သော ၂၄ နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ကာ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးခဲ့သည်။
ဆက်လက်ပြီး မိုးရေချိန်များမှာ ရန်ကုန် (မြို့လယ်) တွင် ၄ ဒသမ ၉၂ လက်မ၊ ကော့သောင်းမြို့တွင် ၄ ဒသမ ၄၁ လက်မ၊ ဘီးလင်းမြို့တွင် ၂ ဒသမ ၉၅ လက်မ၊ ငါးသိုင်းချောင်းမြို့တွင် ၂ ဒသမ ၄၄ လက်မ၊ မြောင်းမြမြို့တွင် ၁ ဒသမ ၉၃ လက်မ၊ဆောမြို့တွင် ၁ ဒသမ ၅၈ လက်မ၊ နေပြည်တော် (ပုဗ္ဗသီရိမြို့နယ်) နှင့် ရေးမြို့တို့တွင် ၁ ဒသမ ၅၀ လက်မစီ၊ နေပြည်တော် (ဇေယျာသီရိမြို့နယ်) နှင့် နေပြည်တော် (ဥတ္တရသီရိမြို့နယ်) တို့တွင် ၁ ဒသမ ၁၀ လက်မစီတို့ ဖြစ်ကြောင်း သိရသည်။















