၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ အမျိုးသားစီမံကိန်းဥပဒေ ပြဋ္ဌာန်းခဲ့ပြီး စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်စျေးနှုန်းအရ ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထား

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ အမျိုးသားစီမံကိန်းဥပဒေ ပြဋ္ဌာန်းခဲ့ပြီး စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်စျေးနှုန်းအရ ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထား
Published 7 October 2021

၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် ခြောက်လတာ အမျိုးသားစီမံကိန်းဥပဒေ ပြဋ္ဌာန်းခဲ့ပြီး စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်စျေးနှုန်းအရ ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ အမျိုးသားစီမံကိန်းဥပဒေတွင် ဖော်ပြထားသည်။

ယင်းဥပဒေသည် ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် ခြောက်လ အမျိုးသားစီမံကိန်းအတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင် အာဏာတည်စေရမည် ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ ခြောက်လတာ ကာလအတွက် အမျိုးသားစီမံကိန်းဥပဒေ ဖြစ်ကြောင်း ဖော်ပြထားသည်။

အမျိုးသားစီမံကိန်းဆိုသည်မှာ တစ်မျိုးသားလုံး၏ လူမှုစီးပွားရေး တစ်ရပ်လုံးအတွက် ဖြစ်စေ၊ ပြည်ထောင်စုဝန်ကြီးဌာန/ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖြစ်စေ သတ်မှတ်ထားသည့်အချိန် ကာလအတွင်း မည်ရွေ့မည်မျှ တိုးတက်ရမည်ဆိုသည့် နိုင်ငံတော်၏ ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ်များ ဖြစ်သည်။ အမျိုးသားစီမံကိန်း၌ ကဏ္ဍအလိုက်ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ၀ိသေသပြု ရေးဆွဲချမှတ်သော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ခေတ်မီ စိုက်ပျိုးရေး နည်းပညာကို အခြေခံသော စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ခေတ်မီ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေး စီမံကိန်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း စသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဘက်စုံ ဆက်စပ်အကျုံးဝင်သည်ဟု မှတ်ယူရမည်ဟု ဖော်ပြထားသည်။

ခြောက်လ စီမံကိန်းရည်မှန်းချက် ဆိုသည်မှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာမှ ၂၀၂၁ ခုနှစ် မတ်အထိ အကောင်အထည်ဖော်နိုင်မှုအပေါ် အခြေခံ၍ ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းရည်မှန်းချက်များ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ပုံမှန်စျေးနှုန်းဆိုသည်မှာ အခြေခံနှစ် ၂၀၁၅-၂၀၁၆  ဘဏ္ဍာနှစ်တွင် ဖြစ်ပေါ်သော  ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းဖြစ်သည်။ နှစ်အလိုက် စျေးနှုန်းဆိုသည်မှာ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းဖြစ်သည်။

သက်ဆိုုင်ရာဌာနနှင့် အဖွဲ့အစည်းများ ဆိုသည်မှာ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သည့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊  ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသဦးစီးအဖွဲ့များ၊ စည်ပင်သာယာရေး ကော်မတီများကို ဆိုသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လ အမျိုးသားစီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များမှာ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်စျေးနှုန်းအရ ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်၊ ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်စျေးနှုန်းအရ (၁) လယ်ယာကဏ္ဍတွင် ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ရန်၊ (၂) သားငါးကဏ္ဍတွင် သုံးရာခိုင်နှုန်း တိုးတက်ရန်၊  (၃) သစ်တောကဏ္ဍတွင် ၁၂ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်း ဖြစ်ပေါ်ရန်၊ (၄) စွမ်းအင်ကဏ္ဍတွင် ၂ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်း ဖြစ်ပေါ်ရန်၊ (၅) သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍတွင် ၉ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန်၊  (၆) စက်မှုလက်မှုကဏ္ဍတွင် ၅ ဒသမ ၂  ရာခိုင်နှုန်း တိုးတက်ရန်၊ (၇) လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၉ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်၊ (၈) ဆောက်လုပ်မှုကဏ္ဍတွင် ၁ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ရန်၊ (၉) ပို့ဆောင်ရေးကဏ္ဍတွင် ၅ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်၊ (၁၀) ဆက်သွယ်ရေးကဏ္ဍတွင်  ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ရန်၊ (၁၁) ငွေရေးကြေးရေးကဏ္ဍတွင် ၁၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန်၊ (၁၂) လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍ၌ သုည ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ရန်၊ (၁၃) အခြားဝန်ဆောင်မှုကဏ္ဍတွင်  ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ရန်၊ (၁၄) ကုန်သွယ်မှုကဏ္ဍတွင် ၄ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း ဖော်ပြထားသည်။

Most Read

Most Recent