စစ်ကိုင်းမြို့နယ် ကျောက်တာကျေးရွာ မြတ်နိုးသူသစ်ကွင်းအနီးရှိ ရေကန်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး အရန်မီးသတ်တပ်ဖွဲ့ထံက သိရသည်။
ရေနစ်သေဆုံးသူမှာ အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် အောက်တိုဘာ ၃ ရက် ညနေ ၄ နာရီခွဲ အချိန်ခန့်က ကျောက်တာကျေးရွာမြတ်နိုးသူသစ်ကွင်းအနီးရှိ ရေကန်တွင် ငါးလာမျှားရင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း ထုံးဘိုအရေးပေါ် ရှာဖွေကယ်ဆယ်ရေး အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ခွဲမှူး ဦးမျိုးသန့်ဦးက ပြောကြားသည်။
“လူတစ်ဦး ရေနစ်ပျောက်ဆုံးနေတဲ့ သတင်းအရ ကျွန်တော်တို့အဖွဲ့နဲ့အတူ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းရှာဖွေကူညီ ဆောင်ရွက်ခဲ့ရာ ရေနစ်သေဆုံးသူရဲ့ ရုပ်အလောင်းကို ညနေ ၅ နာရီခွဲမှာ တွေ့ရှိပါတယ်၊ သူက ကျောက်တာရွာသားတော့ မဟုတ်ဘူး၊မြတ်နိုးသူသစ်ကွင်းက ဝန်ထမ်းပါ၊ငါးလာမျှားရင်း ရေဆင်းချိုးရာကနေ ရေနစ်သေဆုံးတာလို့ သိရပါတယ်” ဟု ၎င်းကပြောကြားသည်။
အဆိုပါ ရေနစ်ပျောက်ဆုံးနေသော အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးကို စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (SERT) ၊ သုခကာရီ လူမှုကူညီရေးအသင်း ၊ မြင့်မြတ်သူ လူမှုကူညီရေးအသင်းနှင့် ထုံးဘိုအရေးပေါ် ရှာဖွေကယ်ဆယ်ရေး အရန်မီးသတ်တပ်ဖွဲ့တို့က ပူးပေါင်ကူညီရှာဖွေခဲ့ရာ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် သေဆုံးနေသည့် ရုပ်အလောင်းအားရှာဖွေတွေ့ရှိခဲ့ပြီး မြင့်မြတ်သူ လူမှုကူညီရေးအသင်းမှ သယ်ဆောင်ပြီး စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သည်။















