မူရာအသင်းအား အနိုင်ရသည့်ပွဲတွင် လူစားဝင်အဖြစ် ကစားခွင့်ရမည်ဟု မထင်မှတ်ခဲ့ကြောင်း စပါးတိုက်စစ်မှူး ဟာရီကိန်း ဝန်ခံ

မူရာအသင်းအား အနိုင်ရသည့်ပွဲတွင် လူစားဝင်အဖြစ် ကစားခွင့်ရမည်ဟု မထင်မှတ်ခဲ့ကြောင်း စပါးတိုက်စစ်မှူး ဟာရီကိန်း ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 3 October 2021

 

စပါးတိုက်စစ်မှူး ဟာရီကိန်းက မူရာအသင်းအား အနိုင်ရသည့်ပွဲတွင် လူစားဝင်အဖြစ် ကစားခွင့်ရမည်ဟု မထင်မှတ်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ကြာသပတေးနေ့က ကစားခဲ့သည့် ယူရိုပါကွန်းဖရင့်လိဂ် အုပ်စုပွဲစဉ် စပါး (၅-၁) မူရာ ပွဲတွင် ဟာရီကိန်းသည် ပွဲထွက်စာရင်းတွင် ပါဝင်ခဲ့ခြင်းမရှိဘဲ အရန်စာရင်းတွင်သာ ပါဝင်ခဲ့သည်။ စပါးအသင်းသည် အဆိုပါပွဲစဉ်တွင် မူရာအသင်းကို အယ်လီ၊ ဆယ်လ်ဆိုတို့၏သွင်းဂိုးဖြင့် ပထမပိုင်းတွင် (၂-၀)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း နည်းပြ နူနိုဆန်တိုသည် ပွဲချိန် ၅၉ မိနစ်တွင် လူငယ်တိုက်စစ်မှူး စကားလက်စ်အစား ဟာရီကိန်းကို လူစားဝင် ကစားစေခဲ့ခြင်းဖြစ်သည်။ 

ဟာရီကိန်းသည် လူစားဝင်လာပြီးနောက် ပွဲချိန် ၆၈၊ ၇၇ နှင့် ၈၈ မိနစ်များတွင် စပါးအသင်းအတွက် ဟက်ထရစ်(သုံးဂိုး)သွင်းယူပေးခဲ့ပြီး စပါးအသင်းမှာ ပွဲအပြီးတွင် မူရာအသင်းကို (၅-၁)ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးမရသေးသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ဟာရီကိန်းက မိမိအနေဖြင့် အ ဆိုပါပွဲစဉ်တွင် လူစားဝင်ကစားခွင့်ရမည်မထင်ခဲ့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဟာရီကိန်းက "တိုက်စစ်မှူးတိုင်း ဂိုးသွင်းချင်ကြပါတယ်။ အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် ဒီနေ့ပွဲမှာ လူစားဝင်အဖြစ် ကစားခွင့်ရမယ်လို့တောင် မထင်ထားခဲ့ပါဘူး။ ဒါပေမဲ့ ပွဲကစားခွင့်ရတဲ့အတွက် ကောင်းပါတယ်။ ဘောလုံးနဲ့ ဂိုးပိုက်ထိတွေ့သွားတာကို မြင်ရတာလောက် ကောင်းတာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီခြေစွမ်းကို ပရီးမီးယားလိဂ်အထိ သယ်ဆောင်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ အရန်ခုံက ထလာပြီး ဂိုးတွေ သွင်းရတာ ကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဟာရီကိန်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ငါးပွဲပါဝင်ကစားထားရာတွင် တစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိသေးသော်လည်း ကွန်းဖရင့်လိဂ် သုံးပွဲတွင် ငါးဂိုးအထိ သွင်းယူထားသည်။ မူရာအသင်းကို အနိုင်ရခဲ့ခြင်းမှာ ပရီးမီးယားလိဂ်တွင် နောက်ဆုံးသုံးပွဲဆက် ရှုံးနိမ့်ခြင်းကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည့် စပါးနည်းပြ နူနိုဆန်တိုအတွက်လည်း သက်သာရာဖြစ်ခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

နူနိုဆန်တိုက မူရာနှင့်ပွဲတွင် ဒုတိယပိုင်း၌ ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ လူးကပ်စ်မော်ရာတို့ကို ထည့်သွင်းခဲ့ခြင်းမှာ ကစားသမားများအနေဖြင့် ပွဲကစားချိန်ပိုမိုရရှိပြီး အသင်းလိုက်စုစည်းမှု ပိုမိုကောင်းမွန်အောင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စပါးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်- ၆ အပြီးတွင် သုံးပွဲနိုင်၊ သုံးပွဲရှုံး ရလဒ်ထွက်ပေါ်ထားသည်။ 

Most Read

Most Recent