ဘီလ်ဘာအိုအသင်းတိုက်စစ်မှူး အင်ညာကီဝီလီယံသည် သောကြာနေ့က အလာဗတ်စ်အသင်းနှင့်ပွဲတွင် ပါဝင်ကစားခဲ့ပြီးနောက် လာလီဂါပြိုင်ပွဲ၌ ပွဲဆက်အများဆုံး ကစားခွင့်ရသူအဖြစ် ၂၀၃ ပွဲဖြင့် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် စပိန်တိုက်စစ်မှူး အင်ညာကီဝီလီယံသည် ၂၀၁၆ ခုနှစ် ဧပြီမှ ယခုနှစ် အောက်တိုဘာ ၁ ရက်အထိ ငါးနှစ်ခွဲကာလအတွင်း လာလီဂါပြိုင်ပွဲ ၂၀၃ ပွဲ ဆက်တိုက် ပါဝင်ကစားပြီး စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ၂၀၁၆ ခုနှစ် ဧပြီ ၂၀ ရက်က ကစားခဲ့သည့် ဘီလ်ဘာအို-အက်သလက်တီကိုပွဲမှစ၍ ၂၀၁၅-၂၀၁၆ ရာသီပိတ်ပွဲစဉ် ငါးပွဲ၊ ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉- ၂၀၂၀၊ ၂၀၂၀-၂၀၂၁ စသည့် ငါးရာသီတွင် ပွဲစဉ်အားလုံး (၃၈_၅=၁၉၀) နှင့် ယခုရာသီတွင် ရာသီအစ ရှစ်ပွဲစလုံး ပါဝင်ကစားထားသည်။
သို့ဖြစ်ရာ ၎င်းအနေဖြင့် ဆိုစီဒက်အသင်း နောက်ခံလူဟောင်း ဟွမ်လာရာနာဂါ ၁၉၈၆ မှ ၁၉၉၂ ခုနှစ် အထိ စံချိန်တင်ခဲ့သည့် ၂၀၂ ပွဲကိုကျော်ဖြတ်၍ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
အင်ညာကီဝီလီယံသည် ယင်းကာလအတွင်း ပွဲထွက်ကစားသမားအဖြစ် ၁၆၉ ပွဲနှင့် လူစားဝင်အဖြစ် ၃၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၅ ကြိမ်ပြုလုပ်ပေး နိုင်ခဲ့ကြောင်း သိရသည်။















