မော်လမြိုင်မြို့နှင့် သထုံမြို့နယ်အတွင်း စက်တင်ဘ ၂၈ ရက်ညပိုင်းက ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သထုံမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုတွင် လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ် ဝန်းကျင်ခန့်က မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ဗဟိုလမ်း၊ ကျိုက်သုတ်စေတီတော်ကြီးအနီး လမ်းလယ်ကျွန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း နှင့် ထိခိုက်ဒဏ်ရာရသူနှင့် ပျက်ဆီးမှုမရှိကြောင်း ရပ်ကွက်နေပြည်သူများ ပြောကြားချက်များအရ သိရသည်။
“ပေါက်ကွဲသံကတော့ နီးနီးလေးဆိုတော့ အကျယ်ကြီးဘဲ။ မြေကြီးပါတုန်တယ်။ အသံဗုံးလို့တော့ထင်တယ်။ ဒီနေ့မနက်သွားကြည့်တော့ ထိခိုက်ပျက်ဆီးမှုတွေတော့ မတွေ့ရဘူး” ဟု မရမ်းကုန်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားသည်။
အလားတူ စက်တင်ဘာ ၂၈ ရက် ည ၉ နာရီ ဝန်းကျင် ခန့်ကလည်း မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှု နှင့် ပျက်ဆီးမှု မရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
ထို့အပြင် မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလားကျေးရွာအုပ်စု၊ နောက်ကုလားအလယ်ရွာ၊ ရန်ကုန် - မော်လမြိုင် အဝေးပြေးကားလမ်းဘေးရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းနှင့် နောင်ကုလား ကျေးလက်ကျန်းမာရေးဌာနကြား ကွန်ကရစ်တံတားပေါ်တွင် စက်တင်ဘာလ ၂၈ ရက် ည ၁၀ နာရီ ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ် ဖြတ်သန်းသွားသည့် နောင်ကုလားအလယ်ရွာနေ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ အသက် (၅၅) နှစ်အရွယ် အမျိုးသားတစ်ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံသို့တင်ပို့ကာ ဆေးကုသမှုပေးထားကြောင်း ဒေသခံများထံမှ သိရသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးခြင် နှင့် ပိတ်ဆို့ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြေကြားချက်များအရ သိရသည်။
မော်လမြိုင်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက် နှင့် (၂၃) ရက် ညပိုင်းအချိန်တွေက ဈေးကြိုရပ်ကွက်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနရုံးအနီးတွင်လည်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။















