မွန်ပြည်နယ်တွင် ရော်ဘာတစ်ပေါင် ကျပ် ၁၁၅၀ ပေါက်စျေးရှိပြီး ယခင်နှစ် ကာလတူ ကျပ် ၇၀၀ ထက် စျေးမြင့်ခဲ့ကြောင်း သိရသည်။ ထိုသို့ စျေးမြင့်ရခြင်းမှာ နယ်စပ်စျေး မြင့်ခြင်းကြောင့် မဟုတ်ဘဲ လတ်တလော မြန်မာငွေစျေးကျဆင်း၍ အစားထိုးရော်ဘာ ဝယ်ယူစုဆောင်းမှုကြောင့် ဖြစ်ကြောင်း ရော်ဘာလုပ်ငန်းရှင်များက ဆိုသည်။
“အဓိက ရော်ဘာစျေးကွက်ကို ပြန်ကြည့်ရင် တရုတ်နယ်စပ် အိတ်စပို့ ပိတ်နေတာ တွေ့ရတယ်။ အိတ်စပို့က လောက်လောက်လားလား တရုတ်ကပဲ ဝယ်တာ များတယ်။ တရုတ်နယ်စပ်က ပိတ်နေတဲ့အခါ ရော်ဘာစျေးက မြင့်တယ်လို့ ပြောလို့မရသလို လက်ရှိ ဖြစ်နေတဲ့အနေထားက မြန်မာငွေစျေး ကျလာတဲ့အခါ မြန်မာငွေ ကိုင်ထားတဲ့လူတွေက ပစ္စည်းဝယ်တဲ့သဘောမှာ အများကြီး တွေ့ရပါတယ်။ အဲဒီမှာ ကျွန်တော်တို့က မြန်မာငွေ မကိုင်ထားချင်ကြဘူး။ မြန်မာငွေ ကိုင်ထားတဲ့သူက တဖြည်းဖြည်းနဲ့ တန်ဖိုးကျလာတဲ့အခါ မြန်မာငွေအစား အစားထိုးပစ္စည်း တစ်ခုခု ဆင်းကိုင်တဲ့သဘော တွေ့ရပါတယ်။ အဲဒီမှာ ရော်ဘာကို တစ်ပေါင်ကျပ် ၁၁၅၀/၁၂၀၀ စျေးပေးလာတာ တွေ့ရတယ်။ ဒီနေ့အနေထားမှာ ဒေါ်လာစျေး/ရွှေစျေးက အမြင့်ဆုံး အနေထား ကမောက်ကမ ဖြစ်တဲ့အနေထားမှာ ဒီအချိန်မှာ ပစ္စည်းပဲ ကိုင်ထားချင်တဲ့လူတွေ များလာကြတယ်။ ကြားနေရတာ အခုဆို ရွှေက ကျပ် ၂၂ သိန်း ဖြစ်သွားပြီ။ မနေ့က ကျပ်သိန်း ၂၀ နဲ့ တစ်သောင်းလောက်ပဲ ရှိတယ်။ မြန်မာငွေစျေး မတည်ငြိမ်မှုတွေ လိုက်ပြီးကာတဲ့အခါ ပစ္စည်းဝယ်ထားရင် ကောင်းမှာပေါ့။ အဲဒီသဘောမျိုး ရောက်သွားပါတယ်။ နယ်စပ်မှာ တရားဝင် အရောင်းဝယ် ဖြစ်တာမျိုး မရှိဘူး။ လောက်ကိုင်တစ်ခုကလွဲပြီး ဘာတစ်ခုမှ ဖွင့်တာမရှိဘူး။ မြဝတီနယ်စပ်ကနေ Transit သွားနေတာ တွေ့ရပါတယ်။ တကယ့်တကယ် ရော်ဘာစျေးနဲ့ ဒေါ်လာစျေး ပြန်တွက်ရင် ဒေါ်လာ တက်သလောက် ရော်ဘာစျေးက လိုက်မတက်ဘူး”ဟု မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခင်နှစ် ကာလတူက ရော်ဘာ တစ်ပေါင် ကျပ် ၇၀၀/၈၀၀ ရရှိပြီး ဒေါ်လာစျေး မြင့်သည့် ယခုနှစ်တွင် ရော်ဘာစျေးသည် ကျပ် ၁၆၀၀ အထိ ဖြစ်မလာသော်လည်း သွင်းအားစုဖြစ်သည့် ဓာတ်မြေသြဇာ၊ အက်ဆစ်တို့သည် နှစ်ဆကျော် စျေးမြင့်နေကြောင်း၊ ညပိုင်း အစေးလှီး ရွှေ့ပြောင်းလုပ်သားများကို မြို့နယ်အချို့တွင် အစေးလှီးခွင့် လက်မှတ်ကို မူလ ရပ်ရွာသို့ ပြန်လွှတ်ရယူရာတွင် အဆင်မပြေမှုများ ရှိနေကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရသည်။