ကချင်ပြည်နယ်တွင် လည်ပတ်နေသည့် အောက်ဆီဂျင်စက်ရုံ ခုနစ်ရုံ၊ စမ်းသပ် လည်ပတ်နေသည့် စက်ရုံနှင့် ဆောက်လုပ်ဆဲစက်ရုံ ရှစ်ရုံရှိ

ကချင်ပြည်နယ်တွင် လည်ပတ်နေသည့် အောက်ဆီဂျင်စက်ရုံ ခုနစ်ရုံ၊ စမ်းသပ် လည်ပတ်နေသည့် စက်ရုံနှင့် ဆောက်လုပ်ဆဲစက်ရုံ ရှစ်ရုံရှိ
ဒေသခံများ စုပေါင်းလှူဒါန်းသည့် ဝိုင်းမော် အောက်ဆီဂျင်စက်ရုံကို စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ်
ဒေသခံများ စုပေါင်းလှူဒါန်းသည့် ဝိုင်းမော် အောက်ဆီဂျင်စက်ရုံကို စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ်
Published 28 September 2021
ထွန်းလင်းအောင်  (မြစ်ကြီးနား)

ကချင်ပြည်နယ်တွင် လည်ပတ်နေသည့်  အောက်ဆီဂျင်စက်ရုံ ခုနစ်ရုံ၊ စမ်းသပ် လည်ပတ်နေသည့် စက်ရုံနှင့်  ဆောက်လုပ်ဆဲစက်ရုံ  ရှစ်ရုံရှိပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ သိရသည်။

ကချင်ပြည်နယ်တွင် COVID-19 တတိယလှိုင်းအတွင်း မြစ်ကြီးနား အောက်ဆီဂျင်စက်ရုံ တစ်ရုံ၊ ဖားကန့်မြို့မှ အောက်ဆီဂျင်စက်ရုံ နှစ်ရုံမှ ထွက်ရှိသည့် အောက်ဆီဂျင်သာ လည်ပတ်နိုင်ခဲ့သည်။ လက်ရှိတွင် မြစ်ကြီးနားမြို့တွင် စက်ရုံ နှစ်ရုံ၊ ဖားကန့်တွင် စက်ရုံ နှစ်ရုံ၊ ဝိုုင်းမော်၊ ဗန်းမော်၊ မိုးကောင်းတို့တွင် စက်ရုံ တစ်ရုံစီ စုစုပေါင်းစက်ရုံ ခုနစ်ရုံ လည်ပတ်လျက်ရှိပြီး တစ်နေ့လျှင် အောက်ဆီဂျင် လီတာပေါင်း ၂၆၀၀၀ ကျော် ထုတ်နိုင်ပြီ ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ကချင်ပြည်နယ် ဦးစီးဌာနမှူး ဦးဝင်းနိုင်က ပြောကြားသည်။

၎င်းက “ကျွန်တော်တို့ဌာနအောက်မှာ ရှိတာက ပုဂ္ဂလိက သုံးရုံပါ။ ကျန်တာကတော့ ကျန်းမာရေးဌာန ကိုင်တွယ်တာပေါ့။ နောက်ထပ် ပူတာအို၊ မြစ်ကြီးနား၊ ဖားကန့်၊ ဗန်းမော်၊ ရွှေကူ၊ မိုးညှင်း ပုဂ္ဂလိကရော၊ စုပေါင်း အလှူရှင်တွေကပါ လုပ်မယ့်စက်ရုံ ရှစ်ရုံကတော့ မပြီးတာနဲ့ စမ်းသပ် လည်ပတ်တာ လုပ်နေပြီ။ ပေးဆပ်သူ လူမှုကူညီရေးအသင်း၊ မိုးညှင်းက အောက်ဆီဂျင်စက်ရုံတွေက စမ်းသပ် လည်ပတ်နေကြပါပြီ”ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် COVID-19 တတိယလှိုင်းအတွင်း ဇူလိုင်နှင့် သြဂုတ်လများတွင် ကူးစက်မှုနှင့် သေဆုံးနှုန်း မြင့်မားခဲ့သည်။ အစိုးရစာရင်းအရ COVID-19 ကူးစက်ခံရသူပေါင်း ၁၄၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၀၀ ကျော် ရှိခဲ့သည်။ ကျေးရွာများ၊ ရပ်ကွက်များတွင် အစုလိုက်အပြုံလိုက် ကူးစက်မှုများကို မှတ်တမ်းတင်နိုင်ခဲ့ခြင်း မရှိဘဲ မြို့ကြီးများ၏ လူမှုကူညီရေးအသင်းများ၏ စာရင်းများအရ သေဆုံးသူမှာ ၁၅၀၀ ဝန်းကျင်တွင် ရှိခဲ့သည်။ သေဆုံးရသည့် အဓိက အကြောင်းအရင်းများတွင် အောက်ဆီဂျင်အိုး ပြတ်လပ်ခြင်း၊ ကျန်းမာရေးအသိ မရှိကြခြင်းနှင့် ကျန်းမာရေးဝန်ဆောင်မှု အားနည်းခြင်းမှာ အဓိကဖြစ်ကြောင်း လူမှုကူညီရေး အသင်းအဖွဲ့များက ဆိုသည်။

ကချင်ပြည်နယ်တွင် အောက်ဆီဂျင် ပြတ်လပ်သေဆုံးမှုများ မြင့်မားလာခဲ့ပြီးနောက် ဇူလိုင်လ နောက်ဆုံးပတ်တွင် လူဦးရေ ထူထပ်သည့် မြို့နယ်များတွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် အောက်ဆီဂျင်စက်ရုံများ တည်ဆောက်ရန် ကြိုးပမ်းလာခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent