စစ်ကိုင်းမြို့နယ်အား Stay at Home မြို့နယ်အဖြစ်မှ ပယ်ဖျက်ခဲ့ပြီးနောက် COVID-19 စည်းကမ်းနှင့်အညီ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စားသောက်ခွင့်ကို ပြန်လည် ခွင့်ပြုထားကြောင်း စစ်ကိုင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
စစ်ကိုင်းမြို့နယ်တွင် ကိုဗစ်တတိယလှိုင်း ကာလအတွင်း ကိုဗစ်ရောဂါပိုး တွေ့ရှိမှု များပြားသောကြောင့် မြို့နေပြည်သူများ နေအိမ်အတွင်း နေထိုင်စေရေး Stay at Home အဖြစ် သတ်မှတ်ထားခဲ့ရာမှ ယခုအခါ ကိုဗစ်ရောဂါပိုးတွေ့လူနာ လျော့နည်းလာသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက် နံနက် ၄ နာရီမှ စတင်၍ Stay at Home မြို့နယ်အဖြစ်မှ ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့သည်။
“စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာတော့ စစ်ကိုင်းမြို့နယ်၊ ကလေးမြို့နယ်၊ တမူးမြို့နယ် ဒီသုံးမြို့နယ်ကို Stay at Home မြို့နယ်အဖြစ်ကနေ ဖြုတ်ပေးခဲ့တာ ဖြစ်တယ်။ Stay at Home ပယ်ဖျက်ပေးလည်း ကိုဗစ်ရောဂါ ကာကွယ်ရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေမယ်။ ဆိုင်တွေကို ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်ဖွင့်ဖို့ မြို့နယ် ပြန်/ဆက်၊ ကျန်းမာရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လိုက်လံ ဆော်သြထားပါတယ်” ဟု စစ်ကိုင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးက ပြောကြားသည်။
စစ်ကိုင်းမြို့နယ်အား Stay at Home မှ ပယ်ဖျက်ပြီးသော်လည်း ကိုဗစ်ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ပေါ့ဆစွာမနေဘဲ ကိုဗစ်ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ နေထိုင်ကြစေလိုကြောင်း ၎င်းက ဆိုသည်။
စစ်ကိုင်းမြို့၌ COVID-19 ရောဂါပိုးတွေ့လူနာ စတင်တွေ့ရှိသည့် ဇွန် ၁၁ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ COVID-19 ရောဂါပိုးတွေ့လူနာ ၁၆၆၉ ဦး တွေ့ရှိပြီး ၎င်းတို့ထဲမှ ဆေးရုံဆင်းခွင့်ရသူ ၁၅၃၉ ဦးရှိကြောင်း နှင့် သေဆုံးလူနာ ၉၆ ဦးရှိကြောင်း ၎င်းက ပြောကြားသည်။















