မြန်မာ-ထိုင်း နယ်စပ်ဖြစ်သည့် ပရာကျွတ်ခီရီခံ အထူးယာယီနယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံဘက်မှ အောက်တိုဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

မြန်မာ-ထိုင်း နယ်စပ်ဖြစ်သည့် ပရာကျွတ်ခီရီခံ အထူးယာယီနယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံဘက်မှ အောက်တိုဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်
ဆင်းခွန်ဂိတ်တွင် ရောဂါအခြေအနေ စောင့်ကြည့်နေသည့် ထိုင်းတာဝန်ရှိသူများအား တွေ့ရစဉ်
ဆင်းခွန်ဂိတ်တွင် ရောဂါအခြေအနေ စောင့်ကြည့်နေသည့် ထိုင်းတာဝန်ရှိသူများအား တွေ့ရစဉ်
Published 27 September 2021
ဇော်မိုးဦး (မြိတ်)

မြန်မာ-ထိုင်း နယ်စပ်ဖြစ်သည့် ပရာကျွတ်ခီရီခံ အထူးယာယီ နယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံဘက်မှ အောက်တိုဘာ ၁ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ကုန်သည်များက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ နယ်စပ်တစ်ခုဖြစ်သော မောတောင်နယ်စပ်နှင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိသော ထိုင်းနိုင်ငံ ပရာကျွတ် ခီရီခံခရိုင် ဆင်းခွန်နယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံဘက်မှ ယခုလကုန်အပြီး အောက်တိုဘာ ၁ ရက်တွင် ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

COVID-19 ကပ်ရောဂါ အခြေအနေများကြောင့် ကုန်သွယ်မှု ကန့်သတ်ထားသော ဆင်းခွန်ဂိတ်ကို ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ သတင်းအရင်းမြစ်များက ဖော်ပြထားသည်။

“လောလောဆယ်မှာတော့ ရေထွက်ကုန်တွေကို အအေးခဲ ဘလောက်တုံးလုပ်ပြီးမှ ပို့လို့ရတယ်၊ ကုန်စိုတွေ၊ ရေခဲစိမ်ထားတဲ့ ရေထွက်ပစ္စည်းတွေ တင်ပို့လို့မရဘူး။ နိုင်ငံရေး၊ ကပ်ရောဂါ အခြေအနေတွေကြောင့် စီးပွားရေးတွေလည်း အတော်လေး ကျဆင်းနေတယ်၊ မြန်မာနိုင်ငံဘက်က ရောဂါအခြေအနေတွေကို ထိုင်းဘက်က စောင့်ကြည့်နေပြီး ကူးစက်နှုန်း ကျဆင်းလာနေတဲ့အတွက် နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်ပေးဖို့ စီစဉ်နေတယ်လို့ ကြားရပါတယ်” ဟု မောတောင်-ဆင်းခွန် နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောကြားသည်။

မောတောင်-ဆင်းခွန်ဂိတ်မှ နယ်စပ်ကုန်သွယ်မှု ပြုလုပ်ရာတွင် ထိုင်းနိုင်ငံဘက်မှ ရောဂါအခြေအနေများကို အကြောင်းပြပြီး နယ်စပ်ဂိတ်ကို မကြာခဏ ပိတ်နေခြင်းများ ရှိခဲ့ကြောင်း သိရသည်။

“မောတောင်-ဆင်းခွန်ဂိတ်ကနေ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ပြီး ထုံခါ-မောတောင် လမ်းအပိုင်းကို အဆင့်မြှင့်တင် ဖောက်လုပ်ပေးထားတယ်။ ဒါပေမယ့် နယ်စပ်ကုန်သွယ်ရေး မျှော်မှန်းထားသလောက် မဖြစ်လာတော့  ကားအသွားအလာလည်း နည်းနေပါတယ်၊ ကုန်သွယ်မှု ပြန်လည် တိုးတက်လာရင်တော့ မောတောင်လမ်းက အရေးပါလာလိမ့်မယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့လည်း နာရီပိုင်းလောက်ပဲ ခရီးဝေးတယ်ဆိုတော့ မောတောင်-ဆင်းခွန် နယ်စပ်ဂိတ်က ကုန်သွယ်မှုအတွက် အထူးအရေးပါတယ်”ဟု မြိတ်ခရိုင်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဂိတ်များကို ဖွင့်လှစ်ပေးရာတွင် COVID-19 ကာကွယ်ဆေး ထိုးထားပြီးသူများကိုသာ ဝင်၊ထွက်ခွင့် ပေးမည်ဖြစ်ပြီး အပိုင်းအလိုက် တဖြည်းဖြည်း ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ထိုင်းနိုင်ငံ နယ်စပ်ဒေသ ဝင်ပေါက် ၁၃ ခရိုင်မှ ခရီးသွားများ စတင် ဝင်ရောက်ခွင့် ပေးမည်ဖြစ်ပြီး ခရိုင်ပေါင်း ၄၃ ခရိုင်သို့ လည်ပတ်ခွင့်ပြုရန် စီစဉ်နေကြောင်း ထိုင်းနိုင်ငံရှိ သတင်းများတွင် ဖော်ပြထားကြောင်း သိရသည်။                      

Most Read

Most Recent