ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ရေး ကြေညာချက်အပေါ် တောင်ကိုရီးယားနိုင်ငံ၏ ပြောဆိုချက်သည် အချိန်စောလွန်းနေပြီး ယင်းသို့ကြေညာခြင်းဖြင့် မြောက်ကိုရီးယားအပေါ် အမေရိကန်၏ရန်လိုမှု ရပ်တန့်သွားမည်ဆိုသည့် အာမခံချက်မရှိဟု မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရီထယ်ဆောင်၏အဆိုကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာ KCNA က စက်တင်ဘာ ၂၄ ရက်တွင် ကြေညာလိုက်သည်။
စက်တင်ဘာ ၂၁ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ကိုရီးယားစစ်ပွဲတရားဝင် အဆုံးသတ်ရေးအကြောင်း ပြောကြားသွားခဲ့ပြီး အဆုံးသတ်ကြောင်းကြေညာချက်ကို ကိုရီးယားနှစ်နိုင်ငံနှင့် အမေရိကန်ကဖြစ်စေ သို့မဟုတ် ကိုရီးယားနှစ်နိုင်ငံနှင့်အမေရိကန်၊ တရုတ်တို့က ဖြစ်စေကြေညာရန် အဆိုပြုသွားခဲ့သည်။
၁၉၅၀ မှ ၁၉၅၃ ခုနှစ်အထိ ကိုရီးယားနှစ်နိုင်ငံစစ်ပွဲသည် ငြိမ်းချမ်းရေးစာချုပ်ဖြင့် အဆုံးသတ်ထားခြင်း မဟုတ်ဘဲ စစ်ဆိုင်းငံ့ရေး သဘောတူညီချက်သာ အဆုံးသတ်ခဲ့သဖြင့် သဘောတရားအရ စစ်ဖြစ်နေသည့် အခြေအနေတွင်သာ ရှိနေဆဲဖြစ်သည်။
စစ်ပွဲပြီးဆုံးကြောင်း အကြိမ်ပေါင်းများစွာ ကြေညာသော်လည်း မြောက်ကိုရီးယားနှင့် ပတ်သက်သည့် နိုင်ငံရေးအခြေအနေ ပြောင်းလဲမလာသရွေ့၊အမေရိကန်၏ ရန်လိုသည့် ၀ါဒပျောက်မသွားသရွေ့ မည်သည့်အပြောင်းအလဲမှ ဖြစ်လာမည်မဟုတ်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပြီး အမေရိကန်၏လိုတစ်မျိုး၊ မလိုတစ်မျိုးဆက်ဆံမှု ၊ရန်လိုသည့်ဆက်ဆံမှုကို ပြန်ရုပ်သိမ်းလိုက်ခြင်းကသာ ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေးအတွက် အဓိကအရာဟု ၎င်းက KCNA သို့ ပြောဆိုခဲ့သည်။
စက်တင်ဘာ ၂၁ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းတွင်မူ ဂျိုးဘိုင်ဒင်က မြောက်ကိုရီးယား နျူကလီးယားအရေးကို ဖြေရှင်းရန် အမေရိကန်က တည်တံ့သည့် သံတမန်ဆက်ဆံရေးရှိလိုကြောင်း ပြောဆိုသွားသည်။ ယခုထိတိုင်မြောက်ကိုရီးယားက ညှိနှိုင်းရန်အမေရိကန်ဘက်မှ ကမ်းလှမ်းချက်များကို ငြင်းဆန်ထားသည်။
ကုလသမဂ္ဂ အဏုမြူစောင့်ကြည့် လေ့လာရေးအဖွဲ့ အကြီးအကဲကမူ မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းသည် အရှိန်အဟုန်အပြည့်ဖြင့် ဆက်လည်ပတ်နေသည်ဟုပင် ယခုတစ်ပတ်တွင် ပြောဆိုထားသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံလုံးသည် တစ်နေ့တည်းတွင် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့သည်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းကိုယ်တိုင် ကြီးကြပ်မှုဖြင့် စက်တင်ဘာလ ၁၅ ရက်တွင် ရေငုပ်သင်္ဘောပေါ်မှ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်ခတ်လိုက်ပြီး၊ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၂ စင်း ပင်လယ်ထဲပစ်လွှတ်လိုက်ပြီး နာရီပိုင်းအကြာတွင် တောင်ကိုရီးယား၏ ပစ်လွှတ်မှုဖြစ်လာခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယား၏ ဒုံးကျည်စနစ်အသစ်သည် မြောက်ကိုရီးယားရန်ကို ဟန့်တားနိုင်သည်ဟု မွန်းက မှတ်ချက်ပြုပြောဆိုခဲ့သည့် အပေါ်တွင်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ညီမကင်ယိုဂျုံက မွန်းဂျေအင်း၏စကားသည် အဓိပ္ပါယ်မရှိဘဲ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်သည်ဟု တုံ့ပြန်ခဲ့သည်။















