သဘာဝဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် သမ္မတ ဦးဝင်းမြင့်အား စွဲဆိုထားသည့် အမှုအတွက် လာမည့်ရုံးချိန်းတွင် နှစ်ဖက်စွဲချက် လျှောက်လဲချက် ပေးရမည်

သဘာဝဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် သမ္မတ ဦးဝင်းမြင့်အား စွဲဆိုထားသည့် အမှုအတွက် လာမည့်ရုံးချိန်းတွင် နှစ်ဖက်စွဲချက် လျှောက်လဲချက် ပေးရမည်
Published 20 September 2021
အောင်မင်းသိန်း

သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် တရားလိုနှင့် တရားလိုပြ သက်သေများအား စစ်ဆေးပြီးစီးသွားပြီ ဖြစ်ခြင်းကြောင့် လာမည့် (စက်တင်ဘာ ၂၇ ရက်) ရုံးချိန်း၌  စွဲချက်လျှောက်လဲချက် ပေးရမည်ဖြစ်ကြောင်း သမ္မတ၏ အမှုများကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဦးဝင်းမြင့်ကလည်း တရားလို အပါအဝင် တရားလိုပြ သက်သေတွေ အကုန်လုံးကို စစ်ပြီးသွားတဲ့အတွက်ကြောင့်မလို့ စွဲချက် လျှောက်လဲချက်၊ နှစ်ဖက် စွဲချက် လျှောက်လဲချက် ကြားနာဖို့ဆိုပြီးတော့မှ နောက်ရုံးချိန်းကို ပြောတယ်။ အဲဒါက ဦးဝင်းမြင့်ရဲ့အမှု။ အမေစု အမှုကတော့ သဘာဝဘေးအန္တရာယ် အမှုကတော့ တရားလိုပြသက်သေ မစစ်ဆေးဖြစ်ဘူး။ နောက်ထပ် ပို့ကုန်သွင်း ဥပဒေပုဒ်မ ၈ ကတော့ တရားလိုပြသက်သေ အမှုစစ်ကို စစ်တယ်။ စစ်ပြီးတဲ့အခါမှာ သူတို့ဘက်က နောက်တိုး သက်သေ လျှောက်တဲ့အတွက်ကြောင့် ကျွန်မတို့ဘက်က ကန့်ကွက်တာပေါ့။ နောက်တိုး သက်သေကို ကျွန်မတို့ဘက်က ကန့်ကွက်တယ်။ ကန့်ကွက်ပြီးတော့ နှစ်ဖက် လျှောက်လဲချက်ကို နောက်ရုံးချိန်းမှာ ပေးမယ် ဆိုပြီးတော့ ရုံးချိန်းပေးလိုက်တယ်။ ရုံးချိန်းပေးတာကတော့ ၂၇ ရက်ကို ရုံးချိန်းပေးတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုး က ပြောကြားသည်။

ထို့ပြင်  ရဲမှူးကြည်လင်က တရားလိုပြု၍ အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားသည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ အမှုအပေါ် မွန်းလွဲပိုင်းတွင် ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ပတ်သက်ပြီးတော့ တရားလိုပြ သက်သေ အမှုစစ်ကို စစ်တယ်။ စစ်ပြီးတော့မှ မပြီးသေးဘူး။ ကျွန်မတို့ ပြန်လှန်စစ်တဲ့အခါမှာ ကျွန်မတို့ဘက်ကနေ စစ်မေးတဲ့ သက်သေခံစာရွက်ကို မိတ္တူကူးဖို့ လိုအပ်တဲ့အတွက်ကြောင့်ဆိုပြီးတော့ နောက်ထပ်ရုံးချိန်းကို ပြန်ပေးတယ်။ ရုံးချိန်းကတော့ အကုန်လုံး ဒီနေ့အမှုတွေ အကုန်လုံးကို ၂၇ ရက်နေ့ ပြန်ချိန်းလိုက်ပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

စက်တင်ဘာ ၂၀ ရက် ရုံးချိန်းတွင် သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် တရားလိုပြသက်သေ အမှုစစ်ကို စစ်ဆေးခဲ့ကြောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် စစ်ဆေးရမည့် တရားလိုပြသက်သေ လာရောက်ခဲ့ခြင်း မရှိသည့်အတွက် လာမည့်ရုံးချိန်း၌ ဆက်လက် စစ်ဆေးရန် ချိန်းဆိုခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက “ဒီနေ့ရုံးချိန်းက အမေနဲ့ အရင်တွေ့ရတယ်။ တွေ့ပြီးတော့မှ ၁၀ နာရီ ၁၀ မိနစ်မှာ စတယ်။ စပြီးတော့ ဦးဝင်းမြင့်ကို အရင်စစ်တယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ဦးဝင်းမြင့်ကို စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ အမှုစစ်ကို စစ်တယ်။ သူ့ကို ပြီးတဲ့အခါကျတော့ နောက်တစ်မှုက အမေစုကို စွဲထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအတွက် တရားလိုပြသက်သေ မလာတဲ့အတွက်ကြောင့် မစစ်ဖြစ်ဘဲနဲ့ နောက်နေ့ ရွှေ့လိုက်တယ်။ နောက်ရုံးချိန်းမှ တရားလိုပြသက်သေ စစ်ဆေးမယ်ဆိုပြီးတော့ ရုံးချိန်းတွေကတော့ ဒီနေ့စစ်တာတွေ အကုန်လုံးကို ၂၇ ရက် ၉ လကို ရွှေ့ဆိုင်းပြီး ချိန်းတယ်။ နောက်ပြီးတော့ ဆက်ပြီး နောက်တစ်မှုကို စစ်တယ်၊ ဆက်စစ်တာကတော့ အမေစုအပေါ်မှာ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ အမှုစစ်ကိုပဲ စစ်တယ်”ဟု ပြောကြားသည်။

သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊  အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ အပတ်စဉ် တနင်္လာနေ့တွင် ရုံးထုတ် စစ်ဆေးလျက်ရှိပြီး သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့်အမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ အပတ်စဉ် အင်္ဂါနေ့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိပြီး ယင်းအမှုများ အားလုံးကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးမည်ဟု ဇွန် ၇ ရက် ရုံးချိန်းတွင် ပြုလုပ်သော မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း သိရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် မည့်သည့် အကြောင်းအရာများမှာ ကြားမှုရှိ မရှိ နှင့်ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက “ အမေက ကျန်းမာရေး ကောင်းပါတယ်။ ထွေထွေထူးထူး မမှာဘူး။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ လိုင်းပေါ်မှာ ဦးထွန်းထွန်းဦး (နေပြည်တော်) ဆိုပြီးတော့ တက်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ PDF တို့ CRPH တို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တက်နေတဲ့ ဥစ္စာက အမေလုံးဝ မပြောခဲ့ပါဘူး ဆိုတာကတော့ ကျွန်မတို့ရှေ့နေအဖွဲ့ ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။ အဲဒါလေးတော့ အမေ့ကို ပြောဖြစ်တယ်။ ကျွန်မတို့ လိုင်းပေါ်မှာ အဲတာတွေ တွေ့တယ်၊။ တွေ့တဲ့အခါကျတော့ အမေက အဲဒါက သူလည်းမပြောခဲ့ဘူးပေါ့၊ ရှေ့နေတွေအနေနဲ့လည်း ကျွန်မတို့ကိုလည်း မပြောခဲ့ဘူး။ ကျွန်မတို့ထဲကလည်း ဘယ်သူမှ ပြောခဲ့တာ မရှိဘူး။ ဦးထွန်းထွန်းဦး (နေပြည်တော်) ဆိုပြီးတော့ တက်ထားတာ၊ CRPH တို့၊ NUG တို့ကို အမေက လက်မခံပါဘူး ဆိုပြီးတော့ အဲဒါက သတင်းအနေနဲ့လည်း မဟုတ်ဘူး၊ ဒါပေမဲ့ သတင်းစာဖြတ်ပိုင်း ဆိုတဲ့ပုံစံနဲ့။ နိုင်ငံခြားကနေတောင် လှမ်းမေးတယ်။ အဲ့ဥစ္စာကို။ ရှေ့နေတွေကိုလည်း သူမပြောခဲ့သလို၊ ကျွန်မတို့ ရှေ့နေတွေကလည်း အဲကိစ္စကို ကျွန်မတို့ ရှေ့နေတွေ တစ်ယောက်မှ ဘယ်မီဒီယာကိုမှ မပြောခဲ့ဘူး။ သူက ရှေ့နေအဖွဲ့မှ ပြောကြားသည်လို့ ပြောတာကို” ဟု ပြောကြားသည်။

Most Read

Most Recent