ဆူဒန်စစ်တပ်၏ သြဇာလွှမ်းမိုးမှုနှင့် အာဏာခွဲဝေမှု ပြဿနာ

ဆူဒန်စစ်တပ်၏ သြဇာလွှမ်းမိုးမှုနှင့် အာဏာခွဲဝေမှု ပြဿနာ
Published 15 September 2021
ဖြိုးဟိန်းကျော်

ဆူဒန်တွင် အာဏာခွဲဝေရယူမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နှစ်ကျော်ကြာမြင့်ချိန်၌ အရပ်သား ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် မှေးမှိန်လာခဲ့ပြီး စစ်တပ်ကပင် သြဇာလွှမ်းမိုး ချုပ်ကိုင်ထားဆဲ ဖြစ်သည်ဟု အကဲခတ်များက ဆိုသည်။

ဆူဒန်တွင် အာဏာရှင်သမ္မတ အိုမာအယ်လ်ဘာရှား၏ အုပ်ချုပ်မှုကို ဆန့်ကျင်သည့်လူထုဆန္ဒပြပွဲများ လနှင့်ချီ ဖြစ်ပွားခဲ့ပြီး နောက် ၂၀၁၉ ခုနှစ် ဧပြီလတွင် ဆူဒန်စစ်တပ် က ၎င်းကိုဖြုတ်ချကာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထို့နောက် လေးလအကြာတွင် ဆူဒန်၏ သြဇာကြီး စစ်ဗိုလ်ချုပ်များနှင့် အဓိက အရပ် ဘက် လူမှုအဖွဲ့အစည်းများက ဘာရှားခေတ်လွန် အသွင်ကူးပြောင်းရေး ကာလကို ဦး ဆောင်မည့် အရပ်သားအစိုးရနှင့် ဥပဒေပြု လွှတ်တော်ကိုဖွဲ့စည်းရန် သဘောတူညီချက် တစ်ရပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

အရပ်ဘက်နှင့် စစ်ဘက်မှ အထင်ကရ ပုဂ္ဂိုလ်များ ပါဝင်သော အုပ်ချုပ်ရေးကောင်စီ က အာဏာပိုင်အဖွဲ့အစည်း ဖြစ်လာခဲ့သည်။

သို့ရာတွင် ဥပဒေပြုလွှတ်တော်ကို ဖွဲ့စည်း တည်ထောင်နိုင်ခြင်းမရှိသေးသလို အာဏာရှင်သမ္မတ ဘာရှားကို ဆန့်ကျင်သော လှုပ် ရှားမှုကို ဦးဆောင်ခဲ့သည့် အဓိက အရပ်ဘက် မဟာမိတ် အဖွဲ့အစည်းဖြစ်သော လွတ်လပ်မှု နှင့် ပြောင်းလဲရေး အင်အားစု (FFC) အတွင်း ၌ပင် သဘောထားကွဲလွဲမှုများ နက်နက်ရှိုင်း ရှိုင်း ဖြစ်ပေါ်လာခဲ့သည်။

အဓိကအားဖြင့် ဆူဒန်ပြည်သူ အများ အပြားကို များစွာထိခိုက်စေခဲ့သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဝန်ကြီးချုပ် အက်ဒါလာ ဟမ်းဒေါ့၏ အတတ်ပညာရှင်များ ဖြင့် ဖွဲ့စည်းထားသောကြားဖြတ်အစိုးရအ ပေါ် လူထုထောက်ခံမှု ကျဆင်းလာခဲ့ခြင်းဖြစ် သည်။

ထို့ပြင် အာဏာရှင်သမ္မတ ဘာရှားလက် ထက်တွင် သတ်ဖြတ်ခံခဲ့ရသည့် မိသားစုများ နှင့် ၂၀၁၉ လူထုဆန္ဒပြပွဲများအတွင်း သေဆုံးခဲ့သူများအတွက် တရားမျှတမှုကို ဆောင် ကြဉ်းပေးရန် နှောင့်နှေး ကြန့်ကြာနေမှုကြောင့် အစိုးရအနေဖြင့် ဝေဖန်မှုများဖြင့် ထပ်မံရင် ဆိုင်နေရသည်။

“အသွင်ကူးပြောင်းရေးဆိုင်ရာ အဓိက ကဏ္ဍတွေမှာ စစ်တပ်က တမင်အချိန်ဆွဲနေ တာဟာ တိုးတက်မှုအရှိန်ကို ရပ်တန့်စေခဲ့ပါ တယ်။ အရပ်ဘက် မဟာမိတ် အင်အားစုအ တွင်း သဘောကွဲလွဲမှုတွေနဲ့ စွမ်းဆောင်ရည် လိုအပ်ချက်တွေကြောင့် အသွင်ကူးပြောင်း ရေးကို အရှိန်မပျက် ဆက်လက်လုပ်ဆောင် နိုင်စွမ်းကို ထိခိုက်စေခဲ့တယ်”ဟု နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့  ICJ မှ ဂျိုးနက်စ်အော်နာက ဆိုသည်။

၂၀၁၉ ခုနှစ် သဘောတူညီချက်တွင် အသွင်ကူးပြောင်းရေးကာလကို သုံးနှစ်ဟု ကနဦး ကြေညာခဲ့သော်လည်း ပြီးခဲ့သည့် အောက်တိုဘာလတွင် ဆူဒန်အာဏာပိုင်များ နှင့် သူပုန်အုပ်စုများ ပါဝင်သော မဟာမိတ် အဖွဲ့တို့ ငြိမ်းချမ်းရေး သဘောတူညီချက်တွင်  လက်မှတ်ရေးထိုးခဲ့ပြီးနောက်တွင် ယင်းကာ လကို ပြန်လည်ချိန်ညှိ ပြင်ဆင်ခဲ့သည်။

“စစ်တပ်နှင့် အရပ်ဘက်အုပ်စုများသည် အချို့သော အခြေအနေမျိုးတွင်သာ ဟန် ချက်ညီညီ ချိတ်ဆက်လုပ်ဆောင်နိုင်ကြပြီး စင်စစ်အားဖြင့် စစ်တပ်က အာဏာကို ချုပ် ကိုင်ထားဆဲ ဖြစ်သည်ဟုလည်း အော်နာက ပြောကြားခဲ့သည်။

ဆူဒန်စစ်တပ်၏ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေမှု

အသွင်ကူးပြောင်းရေးကာလတွင် ဥပ ဒေပြုကောင်စီ ဖွဲ့စည်းရေးသည် စစ်တပ်နှင့် အပြန်အလှန် ဟန်ချက်ထိန်းညှိနိုင်ရေးကို စတင်ရန် အဓိကကျလာမည်ဟုလည်း အော် နာက ဆိုသည်။

“ဒါပေမဲ့လည်း လုံခြုံရေးတပ်ဖွဲ့တွေရော သက်တမ်းရင့် နိုင်ငံရေး ပါတီတွေကပါ လက် ရှိရရှိထားတဲ့ အခွင့်အာဏာ ယုတ်လျော့သွားမှာကို စိုးရိမ်နေကြပြီး အရေးပါတဲ့ အဲဒီလို ပြုပြင်ပြောင်းလဲမှုကို ပိတ်ပင် တားဆီးနေကြ တယ်” ဟုလည်း ၎င်းက ပြောသည်။

အာဏာခွဲဝေရယူရေး သဘောတူညီ ချက် ရရှိပြီးနောက်တွင် ဆူဒန်စစ်တပ်သည် နိုင်ငံခြားရေး မူဝါဒပိုင်း ဆုံးဖြတ်ချက်များတွင် အလွန်အကျွံပါဝင်ပတ်သက်လာခဲ့ဟု သိရ သည်။

အမေရိကန်က အကြမ်းဖက်မှု ထောက် ခံအားပေးသည့် အမည်ပျက်စာရင်းမှ ဆူဒန် ကို ဖယ်ရှားပေးမည်ဟု သဘောတူခဲ့ပြီးနောက် ယမန်နှစ်တွင် ဆူဒန်အစိုးရက အစ္စရေးနှင့် ပုံမှန်သံတမန် ဆက်ဆံရေး ထူထောင်မည့် အစီအစဉ်များကို ကြေညာခဲ့သည်။

ယင်းဆုံးဖြတ်ချက်သည် ၁၉၆၇ ခုနှစ်က အာရပ်-အစ္စရေး ခြောက်ရက်စစ်ပွဲ နောက် ပိုင်းတွင် ချမှတ်ခဲ့သည့် မူဝါဒကို ထိခိုက်စေ သည်ဟု FFC အရပ်သား မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အိုမာအယ်လ်-ဒီဂျီယာ က ဆိုသည်။

ဇန်နဝါရီလ၌ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး၏ ခရီးစဉ်အတွင်း ဆူဒန် ကြားဖြတ် အစိုးရသည် သဘောတူညီချက်တွင် လက် မှတ်ရေးထိုးခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပင် အမေရိကန်၏ ဘဏ္ဍာရေး အထောက်အပံ့ များကို ရရှိခဲ့သည်။

သို့ရာတွင် ၎င်းသဘောတူညီချက်သည် ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့် ဥပဒေပြုလွှတ် တော်၏ အတည်ပြုချက်ကို ရရှိပြီးမှသာ အ သက်ဝင်လာမည်ဟု အစိုးရတာဝန်ရှိသူများ က ဆိုသည်။

အကြံပေးပညာရှင်အဖွဲ့ ရစ်ဖ်ဗေးလီး အင်စတီကျုမှ အကဲခတ်တစ်ဦးဖြစ်သူ မက်ဂ် ဒီ အယ်လ်-ဂီဇူလီကမူ သမ္မတဘာရှား လက် ထက်ကပင် ဆူဒန်၏ နိုင်ငံခြားရေး မူဝါဒ ပြင်ဆင်ပြောင်းလဲမှုကို စစ်တပ်က မူကြမ်းချ မှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ဆူဒန်စစ်တပ်သည် အမေရိကန်နှင့် ပို မိုနီးကပ်သည့် ဆက်ဆံရေးကို ဖော်ဆောင် ခဲ့သလို သူပုန်အဖွဲ့များနှင့် ငြိမ်းချမ်းရေးသ ဘောတူညီချက်များ ရယူရာတွင်လည်း အခ ရာကျခဲ့သည်။

အုပ်ချုပ်ရေးကောင်စီမှ အကြီးတန်း အ ဖွဲ့ဝင်တစ်ဦးဖြစ်သူ မိုဟာမက် ဟမ်ဒန် ဒါဂလို သည် ဆူဒန်အစိုးရကိုယ်စားအဓိက သူပုန်မ ဟာမိတ်အုပ်စုနှင့် ပြီးခဲ့သည့် အောက်တိုဘာ လ၌ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက် မှတ်ရေးထိုးခဲ့သည်။ ၎င်းင်းသည် ဟီမီတီဟု လည်းလူသိများပြီး စစ်ဘက် အကူ လက်နက် ကိုင်တပ်၏ တပ်မှူးဖြစ်သည်။

ယခုနှစ်အတွင်း ခွဲထွက်သူပုန် အဖွဲ့တစ် ဖွဲ့နှင့် ဆွေးနွေးမှုများတွင်လည်း အဆင့်မြင့် စစ်ဘက်အရာရှိကြီးများ ပါဝင်ခဲ့သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အရပ် သား များပါ ဝင်မှုသည်အကန့်အသတ်ရှိနေခဲ့ကြောင်း စစ်ဘက်ရေးရာ ကျွမ်းကျင်သူ အာ မင် အစ္စမေးကသုံးသပ်ခဲ့ပြီး ယင်းကိစ္စရပ်နှင့် ပတ်သက်၍ စစ်တပ်အပေါ် အလုံးစုံ တာဝန် လွှဲထားသည်ဟုလည်း ၎င်းင်းက ဆိုသည်။

အလွန်ထိရှလွယ်သော ကိစ္စရပ်

ဆူဒန်စစ်တပ်သည် စိုက်ပျိုးမွေးမြူရေးမှ အခြေခံအဆောက်အအုံ စီမံကိန်းများအထိ နယ်ပယ်အသီးသီးတွင် အထူးပြုလုပ်ကိုင်နေ သော အကျိုးအမြတ်များပြားသည့် ကုမ္ပဏီ များကိုလည်း လွှမ်းမိုးချုပ်ကိုင်ထားပေသည်။

အများပိုင် သယံဇာတရင်းမြစ်များ၏ ၈၀ ရာ ခိုင်နှုန်းသည် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုပြင်ပတွင်ရှိနေကာ စစ်တပ်က ထိန်းချုပ်ထားသော အချိုးအစားပမာဏကို လည်း တိတိကျကျ ထုတ်ဖော်ကြေညာခြင်းမ ရှိကြောင်း ဝန်ကြီးချုပ်ဟမ်းဒေါ့က ပြောကြား ခဲ့သည်။      

စစ်ဘက်ရေးရာ ကိစ္စရပ်မှန်သမျှတွင် အရပ်သားများ ပါဝင်မှုသည် အလွန်ထိရှလွယ် သော ကိစ္စရပ်ဖြစ်နေဆဲဟု အမည်မဖော်လို သောစစ်ဘက် သတင်းရင်းမြစ်တစ်ဦးကပြော ကြားခဲ့ပြီး လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး အတွက်မကြာသေးမီကအရပ်ဘက်မှတောင်း ဆိုထားမှုသည် ဆန့်ကျင်ပယ်ချမှုနှင့် ဆက် လက်ရင်ဆိုင်ရနိုင်သည်ဟုလည်း ၎င်းကပြော ကြားခဲ့သည်။

အရပ်သားခေါင်းဆောင်များနှင့် သူပုန် အဖွဲ့ဟောင်းတို့သည် အကူလက်နက်ကိုင်တပ် များနှင့် လက်နက်ကိုင်အုပ်စုများကို စစ်တပ် နှင့် တစ်ပေါင်းတစ်စည်းတည်း ဖွဲ့စည်းရေးအ ပါအဝင်ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက် လာစေရန် တွန်းအားပေးလျက်ရှိသည်။

FFC အရပ်ဘက် မဟာမိတ်အင်အားစုမှ ဒီဂျီယာ၏ အဆိုအရ ၂၀၁၉ ခုနှစ် အာဏာခွဲ ဝေရယူရေး သဘောတူညီချက်သည် လုံခြုံ ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား မည် သူက ကြီးကြပ်ကွပ်ကဲမည်ဆိုသည်ကို သတ် မှတ် ပြဋ္ဌာန်းရမည့်အစားနှစ်ဖက် အာဏာခွဲ ဝေရေးကိုသာ ဦးတည်လုပ်ဆောင်ခဲ့ခြင်း ဖြစ် သည်။

အသွင်ကူးပြောင်းရေးဆိုင်ရာ သဘော တူညီချက်တွင် အရပ်သားများအနေဖြင့် နောက်ဆုံးတွင် စစ်တပ်အပေါ် အပြန်အလှန် ထိန်းကျောင်းကြပ်မတ်နိုင်ရေးကို တောင်းဆို ထားသော်လည်း ဆူဒန်စစ်တပ်သည် ၎င်းင်း တို့လွှမ်းမိုးချုပ်ကိုင်ထားသော အခန်းကဏ္ဍမှ ဖယ်ခွာသွားရန်လမ်းမမြင်သေးဟုနိုင်ငံတ ကာ ပဋိပက္ခလေ့လာစောင့်ကြည့် ရေးအဖွဲ့မှ ဂျိုးနက်စ်အော်နာက သုံးသပ်ထားသည်။

■ Ref: AFP