ဟိုလီဖီးနှင့် ဘဲလ်ဖော့တို့ထိုးသတ်မည့် သရုပ်ပြလက်ဝှေ့ပွဲတွင် ဒေါ်နယ်ထရန့် အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မည်

ဟိုလီဖီးနှင့် ဘဲလ်ဖော့တို့ထိုးသတ်မည့် သရုပ်ပြလက်ဝှေ့ပွဲတွင် ဒေါ်နယ်ထရန့် အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မည်
Photo: MMA Fighting
Photo: MMA Fighting
Published 9 September 2021

စက်တင်ဘာလ (၁၁)ရက်တွင် ဖလော်ရီဒါပြည်နယ်ရှိ ဟောလိဝုဒ်တွင် ထိုးသတ်ရန် စီစဉ်ထားသော အီဗန်ဒါဟိုလီဖီး-ဗစ်တာဘဲလ်ဖော့တို့၏ သရုပ်ပြလက်ဝှေ့ပွဲတွင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ ချန်ပီယံဟောင်း ဟိုလီဖီးသည် လာမည့်အောက်တိုဘာလတွင် အသက်(၅၉)နှစ်ပြည့်မည်ဖြစ်ပြီး ၎င်းနှင့်ထိုးသတ်မည့်ပြိုင်ဘက် ဘရာဇီးလ် MMA အားကစားသမား ဘဲလ်ဖော့မှာမူ  အသက် (၄၄)နှစ်အရွယ်ရှိပြီဖြစ်သည်။

၈)ချီထိုးသတ်မည့် ယင်းပွဲကို Seminole Hard Rock Casino  တွင် ကျင်းပမည်ဖြစ်ပြီး လက်ဝှေ့ပရိသတ်များအနေနှင့် (၄၉.၉၅) ဒေါ်လာဖြင့် Pay-per-view ဝယ်ယူကြည့်ရှုနိုင်ကြောင်းလည်း ကြေညာထားသည်။

ဒေါ်နယ်ထရန့်နှင့်အတူ ၎င်း၏သားဖြစ်သူ ဒေါ်နယ်ထရန့်ဂျူနီယာမှလည်း အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။

ဒေါ်နယ်ထရန့်သည် အတ္တလန်တစ်မြို့ရှိ သူ၏ကာစီနို၌ ပြုလုပ်သည့် UFC  ပွဲတစ်ပွဲအပါအဝင် တိုက်ခိုက်ရေးပွဲများတွင် အစီအစဉ်တင်ဆက်သူအဖြစ် ပြုလုပ်ခဲ့သည့်အစဉ်အလာများလည်းရှိခဲ့ကြောင်း USA Today က ဖော်ပြခဲ့သည်။

''ကြီးကျယ်ခမ်းနားတဲ့ တိုက်ခိုက်ရေးသမားတွေ၊ ကြီးကျယ်ခမ်းနားတဲ့ပွဲတွေကို ကျွန်တော် နှစ်သက်ပါတယ်။ ဒီစနေနေ့ညပွဲမှာ လက်ဝှေ့ကြိုးဝိုင်းထဲက ကျွန်တော့်ရဲ့ အတွေးများကို မျှဝေခွင့်ရဖို့ မျှော်လင့်စောင့်စားနေပါတယ်။ အခုလို အထူးပွဲကြီးပွဲကောင်းကို ခင်ဗျားလည်း လွဲချော်လိုစိတ် ရှိမယ်မထင်ပါဘူး''ဟု ဒေါ်နယ်ထရန့်က  အစီအစဉ်တင်ဆက်သူအဖြစ်ကြေညာသည့် သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

အဆိုပါပွဲမှာ အစောပိုင်းက ဒယ်လာဟိုယာနှင့် ဘဲလ်ဖော့တို့ လော့စ်အိန်ဂျလိစ်မြို့ရှိ Staples Center တွင် ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ဒယ်လာဟိုယာမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသဖြင့် ပွဲကို ဖလော်ရီဒါရှိ ဟောလိဝုဒ်သို့ ရွှေ့ပြောင်းခဲ့ကာ ဟိုလီဖီးနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

Seminole Hard Rock Casino တွင် ပြုလုပ်မည့် ယင်းပွဲကို ပရိသတ်အကန့်အသတ်ဖြင့်သာ ဝင်ခွင့်ပြုမည်ဖြစ်ပြီး စုစုပေါင်း (၇၀၀၀)ဦးသာ ကြည့်ရှုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ဟိုလီဖီးသည် ၂၀၁၁ ခုနှစ်က ဒိန်းမတ်လက်ဝှေ့သမား ဘရိုင်ယန်နီးလ်ဆင်နှင့် ထိုးသတ်ပြီးကတည်းက ဆယ်စုနှစ်တစ်ခုကျော်ကြာ လက်ဝှေ့ကြိုးဝိုင်းနှင့် ဝေးကွာနေသူဖြစ်သည်။

ပြီးခဲ့သည့်ဇွန်လက အိုင်းရစ်လက်ဝှေ့သမား မက်ဘရိုက်နှင့် သရုပ်ပြလက်ဝှေ့ပွဲထိုးသတ်ရန် စီစဉ်ခဲ့သော်လည်း ပျက်ပြယ်ခဲ့ရသည်။

စက်တင်ဘာလ(၁၁)ရက်တွင် ဟိုလီဖီးနှင့် ဘဲလ်ဖော့တို့၏လက်ဝှေ့ပွဲစဉ်အပါအဝင် စုစုပေါင်းပွဲစဉ်(၄)ပွဲအထိ ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အခြားပွဲများမှာ နာမည်ကြီး MMA ကစားသမားဟောင်းများဖြစ်ကြသည့် အန်ဒါဆန်ဆေးလ်ဗားနှင့် တီတိုအော်တစ်ဇ်၊ ခရူဆာဝိတ်နှင့် ဟဲဗီးဝိတ်ချန်ပီယံဟောင်းဖြစ်သည့် ဒေးဗစ်ဟေးနှင့် တစ်နိုင်ငံတည်းသား ဂျိုးဖော်နီယာ၊ ဂျူနီယာလိုက်ဝိတ်တန်းလက်ဝှေ့သမားများဖြစ်သည့် အန်ဒီဗန့်စ်နှင့် ဂျိုနိုကာရိုးလ်တို့ ထိုးသတ်မည့်ပွဲများလည်း ဖြစ်သည်။

Most Read

Most Recent