မြန်မာနိုင်ငံသို့လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးပမ်းဆက်သွယ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပေးနိုင်ရေးအတွက် လေးလတာအပစ်ရပ်စဲရန် ၎င်း၏တောင်းဆိုမှုကို ကြိုဆိုကြောင်း PPST ပြောကြား

မြန်မာနိုင်ငံသို့လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးပမ်းဆက်သွယ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပေးနိုင်ရေးအတွက် လေးလတာအပစ်ရပ်စဲရန် ၎င်း၏တောင်းဆိုမှုကို ကြိုဆိုကြောင်း PPST ပြောကြား
Published 7 September 2021

မြန်မာနိုင်ငံသို့ လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးပမ်းဆက်သွယ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးနိုင်ရေးအတွက် လေးလတာ အပစ်ရပ်စဲရန် ၎င်း၏တောင်းဆိုမှုကို ကြိုဆိုကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S EAO) ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၁၉/၂၀၂၁) ကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်းမှ စတင်ကာ Video Conferencing ဖြင့် ကျင်းပခဲ့ပြီး ယင်းအစည်းအဝေး PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက အဖွင့်မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်အောင်မင်းက “ မိမိတို့တိုင်းပြည်ဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့လာရတာ အခုဆိုရင် ခုနစ်လကျော်လာပြီ ဖြစ်ပါတယ်။ ဒီနိုင်ငံရေးအထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ပြည်တွင်းပြည်ပ သက်ဆိုင်တဲ့အဖွဲ့အစည်းများအားလုံးက နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပေမဲ့ အခုထက်ထိ ဖြေရှင်းနိုင်ခြင်းမရှိခဲ့တာကို အားလုံးသိပြီး ဖြစ်ပါတယ်။ တစ်ဖက်က နိုင်ငံရေး အကျပ်အတည်းကို ရင်ဆိုင်ရသလို တစ်ဖက်မှာလည်း ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် ၁၉ ကပ် ရောဂါဆိုးကြီးကိုလည်း ခုခံကာကွယ်နေရပါတယ်။ ဒီနိုင်ငံရေးအကျပ်အတည်းနဲ့ ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ မိမိတို့ PPST အနေနဲ့ နည်းလမ်းရှာ ကြိုးပမ်းနေပါတယ်” ဟု ပြောကြားသည်။

PPST အနေဖြင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် NCA စာချုပ်၏ အနှစ်သာရကို အခြေခံပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲများကျင်းပခြင်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်သွားမည်ကို အတိအလင်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

“ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်အောင် NCA စာချုပ် အသိသက်သေနိုင်ငံများနဲ့ အဖွဲ့အစည်းများကို ကြားဝင်စေ့စပ်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ပြီး ဤတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်း လုပ်ဆောင်ချက်ရှိနေပါတယ်” ဟု နိုင်အောင်မင်းက ပြောကြားသည်။

ဆက်လက်၍ ၎င်းက “တစ်ဖက်တွင်လည်း အာဆီယံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် မကြာမီပြည်တွင်းကို လာရောက်မယ့် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ အာရီဝမ်ယူဆွတ် (Mr.Erywan Yusof) နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းဆက်သွယ်ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မိမိတို့ လက်ရှိတိုင်းပြည် နိုင်ငံရေး အကျပ်အတည်းကြောင့် အတိဒုက္ခရောက်နေကြသော ပြည်သူ လူထုများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးနိုင်ဖို့ လေးလတာ အပစ်ရပ်ပေးရေး အာဆီယံအထူး ကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်ကို ကြိုဆိုပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေးလုပ်ငန်းကို တတ်နိုင်သမျှ လက်တွဲကူညီဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုတာကို ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများအတွက် ကိုဗစ် ထိန်းချုပ်ရေးကော်မတီ (CSMC) ကို ဖွဲ့စည်းပေးခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် သင့်တော်သလို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ပြည်သူလူထုများအားလုံးကို ကာကွယ်ဆေး အမြန်ဆုံး ထိုးနှံပေးနိုင်ရေးနှင့် EAO နယ်မြေအတွင်းရှိ ဆေးရုံ၊ ဆေးပေးခန်း၊ ကျန်းမာရေးဝန်ထမ်းများ အရည်အသွေး မြှင့်တင်နိုင်ရေးကို ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ယခု PPST အစည်းအဝေးတွင် အစည်းအဝေး အစီအစဉ်အတိုင်း ဆွေးနွေးကြပြီး ကောင်းမွန်သည့်ရလဒ်ရရှိအောင် ဆွေးနွေးညှိနှိုင်းပေးကြရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောကြားသည်။ 

Most Read

Most Recent