ရွေးကောက်ပွဲအနိုင်ရ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ရန်ကုန်နေအိမ်၌ ဖမ်းဆီးခံရ

ရွေးကောက်ပွဲအနိုင်ရ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ရန်ကုန်နေအိမ်၌ ဖမ်းဆီးခံရ
Published 2 September 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စစ်ကိုင်းကိုင်းဒေသကြီး ရွေးကောက်ပွဲအနိုင်ရ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။

ဒေါ်ခင်စန်းလှိုင်အား မည်သည့်ကိစ္စကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိရသေးဘဲ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကိုလည်း မသိရှိရသေးကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

“ ရန်ကုန်မှာရှိတဲ့ သူ့အိမ်မှာ လာပြီးဖမ်းသွားတယ်။ သူက အစကတည်းက ဘယ်မှလည်း ပုန်းနေတာမဟုတ်သလို ဘယ်မှလည်း တိမ်းရှောင်တာမရှိဘူး။ ဘာကြောင့် ဖမ်းတယ် ဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ ကျွန်တော်တို့လည်း အဲဒါကိုပဲ စုံစမ်းနေကြတာ” ဟု အထက်ပါ ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

ဒေါ်ခင်စန်းလှိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌတာဝန်ကိုလည်း ထမ်းဆောင်နေသူဖြစ်သည်။

ဒေါ်ခင်စန်းလှိုင်သည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု၍ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအား ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်သည်။

Most Read

Most Recent