ပခုက္ကူမြို့ ရွှေချောင်း ချောင်းအတွင်း ချောင်းရေကျဆင်းချိန်တွင် ချောင်းအလယ် သဲသောင်ခုံ၌ ပိတ်မိနေသည့် ကလေး နှစ် ဦးအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ကယ်ထုတ်ခဲ့ရမှု ယနေ့ (စက်တင်ဘာ ၂ ရက်) နံနက်ပိုင်းက ဖြစ် ပွားခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့ ၊ အမှတ် (၃ )ရပ်ကွက် ၊ ဓမ္မပါလလမ်း ၊ ရွှေချောင်းကွက်သစ်နေ အသက် (၁၃)နှစ်နှင့် အသက် (၇) နှစ် အရွယ် ယောကျာင်္းလေး နှစ်ဦးသည် ချောင်းတစ်ဖက်ကမ်းသို့ သွားရောက်စဉ် ချောင်းအလယ်ရှိ သဲသောင်ခုံအရောက် ချောင်းရေကျဆင်းလာသည့်အတွက် ချောင်းအတွင်း ပိတ်မိခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်ဦးစီးဌာန အရာရှိ ပြောကြားချက် အရ သိရသည်။
ကလေးငယ် နှစ်ဦး ရွှေချောင်းချောင်းအတွင်း ပိတ်မိနေခြင်းအား နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် သတင်းရရှိပြီး နောက် မီးသတ်ဦးဌာန ဦးစီးမှုး ဦးလွင်ကိုလတ် နှင့် အဖွဲ့ဝင် ၁၃ ဦးတို့မှ သွားရောက်ကယ်ဆယ်မှု ပြုလုပ်ရာ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
‘ မနက် ၈ နာရီကတည်းက ကျွန်တော်တို့က မြို့ထဲ ရှင်းလင်းရေးလုပ်နေတာ။ သစ်ပင်လဲတာတွေ လိုက်လုပ် ပေးနေတုန်း ဖုန်းသတင်းရလို့ သွားကယ်ခဲ့ရတာ။ ကလေးတွေ ရောက်နေတဲ့ နေရာက ချောင်းအလယ်က သောင်ခုံ။ ချောင်းရေက အဲသောင်ခုံရဲ့ အရှေ့ဖက် အနောက်ဖက် ၂ဖက် ညှပ်စီးနေတာ။ ချောင်းရေက အရှိန်နဲ့ ကျတာရော သဲကျွှံ့တာရော အမှိုက်တို့ သစ်တုံးတို့ကြောင့်ရော သွားရ မလွယ်ဘူး။ ကျွန်တော်တို့ဖက်က ရောက် အောင်သွားပြီး ကြိုးသွယ်တန်းစနစ်နဲ့ ကယ်ရတာ။ ၇ နှစ် ကလေးကတော့ မီးသတ်ရဲဘော်ရဲ့ ကျောမှာ ပိုးပြီး သိုင်းကြိုးနဲ့ ကယ်ခဲ့ရတာ ” ဟု မြို့နယ်မီးသတ်ဦးဌာန ဦးစီးမှူး ဦးလွင်ကိုလတ် ကပြောသည်။
ပခုက္ကူမြို့နယ်အတွင်း ယခုနှစ် မိုးကာလတွင် မိုးရွာသွန်းမှု ပုံမှန်ထက် များပြားနေသည့် အတွက် ချောင်းရေ ကျဆင်းမှု မကြာခဏဖြစ်ပွားနေပြီး ချောင်းဘေး နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ရန် လိုအပ်ကြောင်း မီးသတ်ဦးဌာနဦးစီးမှုး ဦးလွင်ကိုလတ် က အကြံပြုပြောကြားသည်။















