လှိုင်သာယာမြို့နယ်တွင် အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံး၊ ဖြစ်စဉ်အား စစ်ဆေးနေစဉ် ဗုံးထပ်ပေါက်မှု ဖြစ်ပွား

လှိုင်သာယာမြို့နယ်တွင် အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံး၊ ဖြစ်စဉ်အား စစ်ဆေးနေစဉ် ဗုံးထပ်ပေါက်မှု ဖြစ်ပွား
Published 2 September 2021

လှိုင်သာယာမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦး  စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့ကာ  ဖြစ်စဉ်အား စစ်ဆေးနေစဉ် ဗုံးနှစ်လုံး ထပ်ပေါက်ခဲ့ကြောင်း လှိုင်သာယာမြို့နယ်ရှိ ပုညပါရမီ လူမှုကယ်ဆယ်ရေး အဖွဲ့ထံမှ သိရသည်။

" ဒီနေ့မနက် ၈ နာရီလောက်မှာ ဖြစ်တာပါ။ သေနတ်နဲ့အပစ်ခံရတဲ့သူတော့ ပွဲချင်းပြီး သေဆုံးသွားတယ်။ အလောင်းကိုတော့ လှိုင်သာယာဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်" ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ လက်တစ်ဘက်တွင် သေနတ်ဒဏ်ရာ၊ ဦးခေါင်းတွင် သေနတ်ဒဏ်ရာတစ်ချက်စီ ရရှိခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှု့ဇုံရှိ ဗန်မော်အတွင်းဝန်လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သူမှာအမှတ် ၂၀ ရပ်ကွက် မင်းရဲကျော်စွာ ၇ လမ်းနေ အုပ်ချုပ်ရေးအဖွဲ့ဝင် ( အဖွဲ့ဝင် ၁) တင်မောင်ဝင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ သေနတ်ဖြင့်အပစ်ခံရသည့် ဖြစ်စဉ်သို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးစဉ် ဗုံးနှစ်လုံး ထပ်မံ ပေါက်ကွဲခဲ့ကြောင်း၊ အရာရှိ တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"စစ်ဆေးနေတုန်းမှာပဲ ဗုံးနှစ်လုံး ထပ်ပေါက်တယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ကျွန်တော်တို့အသင်းကားနဲ့ စစ်ဆေးရုံကို ပို့ပေးလိုက်တယ်" ဟု ပုညပါရမီ လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူက ပြောကြားသည်။

Most Read

Most Recent