မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် ရည်မှန်းချက်များကို အထမြောက်အောင် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် ရည်မှန်းချက်များကို အထမြောက်အောင် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် (ဝဲ) နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး (ယာ) တို့အား စက်တင်ဘာ ၁ ရက်က ပူထရာဂျာရာ ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ရစဉ် (Photo -  Bernama)
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် (ဝဲ) နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး (ယာ) တို့အား စက်တင်ဘာ ၁ ရက်က ပူထရာဂျာရာ ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ရစဉ် (Photo - Bernama)
Published 1 September 2021
Ref : Malay Mail

မြန်မာနိုင်ငံတွင်  ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အစီအစဉ်အတိုင်း စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရခြင်း မရှိသေးသော်လည်း မကြာခင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံးပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဆိုင်ဖူဒင်က ပြောကြားခဲ့သည်။

"မလေးရှားနိုင်ငံဟာ အထူးကိုယ်စားလှယ် ခန့်အပ်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျွန်တော်သိရှိထားပါတယ်။ အထူးကိုယ်စားလှယ်ဟာ သူ့ရဲ့တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု ဆိုင်ဖူဒင်က ပြောကြားသည်။

ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင်ကျင်းပခဲ့သည့် မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးတွင် ဘုံသဘောတူညီချက်ငါးရပ်ကို သဘောတူခဲ့ပြီး သုံးလအကြာ သြဂုတ် ၄ ရက်တွင်  မြန်မာနိုင်ငံ စေ့စပ်ဆွေးနွေးမှုလုပ်ငန်းစဉ် အဆင်ပြေချောမွေ့ရေး ကြားဝင်အကူအညီပေးရန်အတွက် အထူးကိုယ်စားလှယ်ကို ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

"ကျွန်တော် သူနဲ့ တတ်နိုင်သမျှ အမြန်ဆုံး တွေ့ဆုံသွားမှာပါ။ ဒါပေမယ့် ကျွန်တော့်အရင် နိုင်ငံခြားရေးဝန်ကြီးရဲ့ လုပ်ငန်းတာဝန်တွေကို ဆက်ပြီးထမ်းဆောင်ရုံပါပဲ။ ကျွန်တော်တို့ဟာ အဲဒီကနေ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရရှိလာပြီး အထူးကိုယ်စားလှယ်အနေနဲ့ သူ့ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ အထောက်အကူ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဆိုင်ဖူဒင်က ပြောကြားသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့်  အာဆီယံသည် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) အီရီဝမ်ယူဆော့ဖ်ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အီရီဝမ်က ၎င်းအနေဖြင့် မြန်မာနိုင်ငံကို လာရောက်သည့်အခါ သက်ဆိုင်သူအားလုံးနှင့် အပြည့်အဝ တွေ့ဆုံခွင့်ရရန် တောင်းဆိုထားသည်။

အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့်  မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ တပ်မတော် ခေါင်းဆောင်များနှင့် အတိုက်အခံများအကြား စေ့စပ်ဆွေးနွေးမှုများကို လမ်းဖွင့်ပေးရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်မှုများကို တာဝန်ယူကြီးကြပ်ရမည်ဖြစ်ကြောင်း သိရသည်။