မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းမြင့်တက်လာသော်လည်း ပြည်တွင်း၌ အခြေခံစားကုန်များထုတ်လုပ်သည့်နိုင်ငံဖြစ်ခြင်းကြောင့် စားသောက်ကုန်ပစ္စည်းများ အန္တရာယ်ဖြစ်စေနိုင်သည်အထိ ရှားပါးမှုမဖြစ်ပေါ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား 

မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းမြင့်တက်လာသော်လည်း ပြည်တွင်း၌ အခြေခံစားကုန်များထုတ်လုပ်သည့်နိုင်ငံဖြစ်ခြင်းကြောင့် စားသောက်ကုန်ပစ္စည်းများ အန္တရာယ်ဖြစ်စေနိုင်သည်အထိ ရှားပါးမှုမဖြစ်ပေါ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား 
Published 31 August 2021

မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းမြင့်တက်လာသော်လည်း ပြည်တွင်း၌ အခြေခံစားကုန်များ ,ထုတ်လုပ်သည့်နိုင်ငံ ဖြစ်ခြင်းကြောင့် စားသောက်ကုန်ပစ္စည်းများ အန္တရာယ်ဖြစ်စေနိုင်သည်အထိ ရှားပါးမှုမဖြစ်ပေါ်နိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတတိယလှိုင်း ဖြစ်ပေါ်လာပြီး ရောဂါကူးစက်မှုနှုန်း မြန်ဆန်ပြင်းထန်လာသည့်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် မိမိကိုယ်တိုင်ဦးဆောင်၍ အစည်းအဝေးများ ပြုလုပ်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အားလုံးတက်ညီလက်ညီဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၂၃ ရက်တွင် ၄၀ ဒသမ ၈၂ ရာခိုင်နှုန်း ကူးစက်မှုရှိခဲ့ပြီး ဇူလိုင် ၂၅ ရက်တွင် ၄၀ ဒသမ ၀၇ ရာခိုင်နှုန်းအထိ ကူးစက်မှုရှိခဲ့ကြောင်း၊ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ ဩဂုတ်လအတွင်း ရောဂါကူးစက်မှုရာခိုင်နှုန်း ထက်ဝက်အထိ ကျဆင်းစေရန်အတွက် ပထမအဆင့်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုလ ၂၉ ရက်တွင် လူဦးရေ ၂၉၁၂၇ ဦးအား စစ်ဆေးခဲ့ရာ ၃၁၆၆ ဦး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသာရှိသည်ကိုတွေ့ရှိရသည့်အတွက် မိမိတို့မျှော်မှန်းသည့်အတိုင်း ကူးစက်မှု ၂၀ ရာခိုင်နှုန်းအောက် ကျဆင်းလာသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရှိရကြောင်း၊ ထိုသို့ကူးစက်မှုနှုန်းများ ကျဆင်းရခြင်းသည် ပြည်သူများ၏ ပူးပေါင်းလိုက်နာဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများ၏ ညီညီညာညာဖြင့် တက်ညီလက်ညီ ဆောင်ရွက်ပေးမှုများကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

ရောဂါကူးစက်မှုနှုန်း မြင့်မားခဲ့ချိန်တွင် အောက်ဆီဂျင်လိုအပ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း တစ်ဦးချင်း အလှူရှင်များ၊ အဖွဲ့အစည်းများအလိုက် အလှူရှင်များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့မှ စီမံဆောင်ရွက်ပေးခဲ့မှုများကြောင့် အောက်ဆီဂျင် လိုအပ်ချက်များကို လျှင်မြန်စွာ ဖြည့်ဆည်းပေးနိုင်သည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ထုတ်ပြန်ချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများမှ လိုက်နာဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်စည်းကမ်းများ လိုက်နာမှုနှင့်ပတ်သက်၍ နယ်စပ်တိုင်းဒေသကြီးများနှင့် ပြည်နယ်များဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးများ အထူးသဖြင့် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားများ ပြန်လည်ဝင်ရောက်လာချိန်တွင် တာဝန်ရှိသူများအား သတင်းပေးပို့မှုမရှိဘဲ မိမိတို့နေရပ်သို့ ပြန်လည်ဝင်ရောက် နေထိုင်ရာတွင် ရောဂါကူးစက်ခံရသူများ ရှိသည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့ပြန်လည် ဝင်ရောက်လာသူများအား တာဝန်ရှိသူများအနေဖြင့် ရပ်ကွက်အဆင့်၊ ကျေးရွာအဆင့်၊ မြို့နယ်အဆင့် ကြပ်မတ်ဆောင်ရွက်၍ လိုအပ်သည့် စစ်ဆေးမှုများနှင့် အကာအကွယ်ပေးမှုများ ဆောင်ရွက်ပေးခြင်းဖြင့် နယ်စပ်ဒေသတွင် ရောဂါကူးစက်မှုနှုန်းများ ကျဆင်းပြီး တစ်နိုင်ငံလုံး ရောဂါကူးစက်မှုနှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ယခုထပ်မံရောက်ရှိသည့် ကာကွယ်ဆေးများထိုးနှံပြီးချိန်တွင် ကာကွယ်ဆေးထိုးနှံပြီးသည့် အရေအတွက် တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ပမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများလည်း မကြာမီအချိန်အတွင်း ထပ်မံရောက်ရှိလာမည်ဖြစ်ပြီး ဆေးများ ထပ်မံရောက်ရှိချိန်တွင်လည်း ပြည်သူများအား အချိန်နှင့်တပြေးညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရရှိရေးအတွက် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများမှသာမက အခြားမိတ်ဆွေနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ စသည့်နိုင်ငံများမှလည်း လှူဒါန်းပေးမှုများရှိကြောင်း၊ အာဆီယံအဖွဲ့မှလည်း လှူဒါန်းပေးသည့်ပစ္စည်းများ မကြာမီပို့မည်ဟု ပြောကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ကူညီပေးသည့် နိုင်ငံများကိုလည်း မိမိအနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ အဓိကအားဖြင့် အားလုံးညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အောက်ဆီဂျင်ရရှိရေးသည် အရေးကြီးသည့်အတွက် မိမိတို့အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အောက်ဆီဂျင်များ လုံလောက်စွာရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ အောက်ဆီဂျင်များအသုံးပြုမှု စနစ်မကျမှုကြောင့် အသုံးပြုသူများ အသက်အန္တရာယ် မဖြစ်ပေါ်စေရေး အသိပညာပေး တိုက်တွန်းဆွေးနွေးပေးရန်လိုအပ်ကြောင်း၊ အလားတူ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့နယ်မြေအတွင်း အောက်ဆီဂျင်များ နေရာအနှံ့ရရှိစေရေး စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ရန် လိုကြောင်း၊ အလားတူ အခြားလိုအပ်သည့် ပစ္စည်းများ ရရှိစေရေးအတွက်လည်း စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်မီရန် လိုအပ်သဖြင့် ရေရှည်အတွက် စဉ်းစားဆောင်ရွက်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ ကန့်သတ်ချက်များရှိ၍ ကုန်ထုတ်လုပ်မှု စရိတ်များ မြင့်မားလာမှုကြောင့် ကုန်ဈေးနှုန်းများ မြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ကုန်ဈေးနှုန်းများ မြင့်တက်လာသော်လည်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ အခြေခံစားကုန်များကို ပြည်တွင်း၌ ထုတ်လုပ်သည့် နိုင်ငံဖြစ်ခြင်းကြောင့် စားသောက်ကုန်ပစ္စည်းများ အန္တရာယ်ဖြစ်စေနိုင်သည်အထိ ရှားပါးမှုများ မဖြစ်ပေါ်နိုင်ကြောင်း၊ လက်ရှိကုန်ဈေးနှုန်းများ မြင့်တက်နေရခြင်းမှာလည်း ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သက်ဆိုင်ရာ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက စိုက်ပျိုး မွေးမြူရေးနှင့်ပတ်သက်၍ အားပေး ဆောင်ရွက်မှုများ ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ဈေးကားများဖြင့် နေရာအနှံ့တွင် စားသောက်ကုန်များ ဖြန့်ဝေရောင်းချပေးသဖြင့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် အားရဖွယ်ရှိကြောင်း၊ ပြည်သူများ၏ စားရေးအဆင်ပြေရန်အတွက် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြည်သူများ စားရေးအဆင်ပြေစေရေး ယခုထက် ပိုမိုဆောင်ရွက်ကြရန်အတွက် တိုက်တွန်းလိုကြောင်း၊ အလားတူ ထုတ်ကုန်ပစ္စည်းများ အားလျော့မသွားအောင် ဆောင်ရွက်ကြရန်လိုကြောင်း ၎င်းက ဆိုသည်။

စိုက်ပျိုးရေးတွင် အထွက်နှုန်းတိုးစေရန်အတွက် ဓာတ်မြေဩဇာများရရှိရန် လိုအပ်သဖြင့် ပြည်ပမှတင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဒေသများအလိုက် သဘာဝ ဓာတ်မြေဩဇာများကို အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက်လည်း စည်းရုံးလှုံ့ဆော် ပေးရန်လိုကြောင်း၊ သဘာဝဓာတ်မြေဩဇာများကို အသုံးပြု၍ အထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်ကြရန်နှင့် ရှိပြီးသား အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ရေး ပြည်နယ်နှင့် တိုင်းများအလိုက် တိုက်တွန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုကာလတွင် မိုးကောင်းစွာရွာသွန်းပြီး ရာသီဥတုများ ကောင်းမွန်လျက်ရှိခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ကြီးချုပ်များ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်သူများထံ ကွင်းဆင်းအားပေးဆောင်ရွက်ရန် လိုကြောင်း၊ အားလုံးဝိုင်းဝန်းပြီး အင်ပြည့်အားပြည့် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်၍ စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းဖြင့် စားသောက်ရေးများ အဆင်ပြေပြီး ဝင်ငွေများ ကောင်းမွန်လာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများတွင်လည်း များစွာအထောက်အကူပြုလာမည် ဖြစ်ကြောင်းဖြင့်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent