ပထမပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌ ဒေါက်တာစိန်မောင် အသက် ၈၅ နှစ်အရွယ်တွင် ကွယ်လွန်

ပထမပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌ ဒေါက်တာစိန်မောင် အသက် ၈၅ နှစ်အရွယ်တွင် ကွယ်လွန်
ဒေါက်တာစိန်မောင်အား အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်
ဒေါက်တာစိန်မောင်အား အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်
Published 30 August 2021

ပထမပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌ ဒေါက်တာ စိန်မောင် အသက် ၈၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဒေါက်တာ စိန်မောင်သည် သြဂုတ် ၃၀ ရက် နံနက်ပိုင်းက ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု ဒေါက်တာစိန်မောင်၏ မိသားစုနှင့် နီးစပ်သောအသိုင်းအဝိုင်းမှ သိရသည်။

“ YSX စာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သည့် ပထမပုဂ္ဂလိကဘဏ်၏ ဥက္ကဋ္ဌကြီး  ‌‌ဒေါက်တာစိန်မောင် (အသက် ၈၅ နှစ်) ကွယ်လွန်သွားခြင်းအတွက် ရန်ကုန်စတော့အိတ်ချိန်း၏ ဒါရိုက်တာအဖွဲ့နှင့် ဝန်ထမ်းများမှ များစွာ ဝမ်းနည်း ကြေကွဲမိပါသည်။ ဆရာကြီး ကောင်းရာသုဂတိလားပါစေ” ဟု ရန်ကုန်စတော့အိတ်ချိန်းမှ တာဝန်ရှိသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

အသက် ၈၅ နှစ်အရွယ်ရှိ ဒေါက်တာစိန်မောင်သည် ပထမပုဂ္ဂလိကဘဏ်ကို ၁၉၉၂ ခုနှစ် အောက်တိုဘာလတွင် တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်ကာ နောက်ပိုင်းဘဏ်အား အများပိုင်အဖြစ် ပြောင်းလဲသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့သူ ဖြစ်သည်။

လှည်းကူးမြို့နယ် ဒါးပိန်မြို့ဇာတိဖွား ဒေါက်တာစိန်မောင်အား အဖ ဦးစိန်ယုံ အမိ ဒေါ်မြရင်တို့က မွေးဖွားခဲ့ကာ ၁၉၅၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကာ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ BA (Honours) ဘွဲ့ကို ရရှိခဲ့သည်။

၁၉၆၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု Syracuse University ရှိ Maxwell Graduate School မှ MPA ဘွဲ့ကို လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် New York University မှ Ph.D ကို လည်းကောင်း ရရှိခဲ့သည်။

ထို့နောက် ၁၉၆၅-၆၆ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ လက်ထောက် ကထိကအဖြစ် လည်းကောင်း၊ ၁၉၆၆ မှ ၁၉၈၈ ခုနှစ်အထိ ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာနတွင် ဒုတိယအတွင်းဝန်နှင့် တွဲဖက် ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်ပနိုင်ငံများသို့ စေလွှတ်သော အဖွဲ့အစည်းများတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

၁၉၆၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ IMF ၊ World Bank ၊ UACTND ၊ GATT ၊ ECAFE စသည့် အဖွဲ့အစည်းများ၊ နိုင်ငံတကာ Senimar နှင့် Conference များ၊ ၂၀၀၂ ခုနှစ်မှစ၍ အာဆီယံ ဘဏ်လုပ်ငန်းဆိုင်ရာ ကောင်စီနှင့် Conference များ အစရှိသည့် ငွေကြေးနှင့် သက်ဆိုင်သည့် အစည်းအဝေးများကို တက်ရောက်ခဲ့သည်။

ဒေါက်တာစိန်မောင်သည် ၁၉၇၆-၇၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အလှည့်ကျ အမှုဆောင် ဒါရိုက်တာ၊ ၁၉၇၇ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ နိုင်ငံတကာ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဘဏ် (IBRD) တွင် စီးပွားရေး/ချေးငွေ အရာရှိတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ထို့ပြင်  မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ အာဆီယံဘဏ်များအသင်း ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး အမြဲတမ်းကော်မတီတွင် အမြဲတမ်းအဖွဲ့ဝင်အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ဘဏ်များအသင်းတွင် ဒုတိယဥက္ကဌ တစ်ဦးအဖြစ် လည်းကောင်း၊ တာဝန်ယူခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent