မဲဆောက်မြို့မှ နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများ အလုပ်သမားသံအရာရှိ ထောက်ခံချက်ဖြင့် ပြန်လာနိုင်ကြောင်းသိရ

မဲဆောက်မြို့မှ နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများ အလုပ်သမားသံအရာရှိ ထောက်ခံချက်ဖြင့် ပြန်လာနိုင်ကြောင်းသိရ
Published 30 August 2021
ကိုရွှေသိန်း (မြဝတီ)

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်ဒေသတွင် အလုပ်ဝင်ရောက် လုပ်ကိုင်နေသာ မြန်မာရွှေ့ပြောင်း လုပ်သားများ နေရပ် မြန်မာနိုင်သို့ ပြန်လိုပါက အလုပ်သမားသံအရာရှိထံ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မဲဆောက် အပါအဝင် တာ့ခ်ခရိုင်အတွင်း ကိုဗစ်အနီရင့်ရောင်အဆင့်အတွက် လော့ဒေါင်း ချထားမှုကာလ ဖြစ်သော်လည်း လွန်ခဲ့သည့် ၁၉ ရက်ခန့်မှစပြီး အပိုဒ် ၆၄ (နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ခွင့်လက်မှတ်) ကိုင်ဆောင်ထားသူအချို့ကို မြန်မာအလုပ်သမားသံအရာရှိ ထောက်ခံစာဖြင့် နေရပ်ပြန်ခွင့် ရကြောင်း၊ မြန်မာအလုပ်သမားသံအရာရှိ ထောက်ခံချက်ဖြင့် မဲဆောက်ဒေသမှ မြန်မာအလုပ်သမားအချို့သည် သြဂုတ်၂၉ ရက်ကလည်း နေရပ်ပြန်ခွင့်ရကြောင်းနှင့် အပိုဒ် ၆၄ စာအုပ်ပြာ ကိုင်ဆောင်ထားသူများ ကြိုတင် တရားဝင် အကြောင်းကြားကာ နေရပ်ပြန်နိုင်ကြောင်း ဦးမိုးကြိုးက ပြောကြားသည်။

“ထိုင်းတစ်နိုင်ငံလုံးက ထိုင်းလဝက အချုပ်တွေမှာ ပိုက်ဆံပေးပြီးတော့ ပြန်ကြတာတော့ ရှိတာပေါ့။ မဲဆောက်ဒေသမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ တရားဝင် အထောက်အထားရှိသူတွေဟာ နေရပ်မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင် မဲဆောက်မှာရှိနေတဲ့ အလုပ်သမား သံအရာရှိ ဦးဝင်းသူထံ ဆက်သွယ်ပြီး အလုပ်သမား သံအရာရှိ ထောက်ခံချက်နဲ့ ပြန်လို့ရတယ်။ ဒီနေ့ (သြဂုတ် ၂၉ ရက်) လည်း အလုပ်သမား သံအရာရှိ ထောက်ခံချက်နဲ့ ပြန်တဲ့သူတွေ ရှိတယ်”ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

သြဂုတ် ၂၉ ရက်က မြန်မာ့ရွှေ့ပြောင်းလုပ်သား အမျိုးသား ၁၁၄ ဦးနှင့် အမျိုးသမီး ၈၉ ဦး၊ စုစုပေါင်း ၂၀၃ ဦး ပြန်လည် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကိုဗစ် တတိယလှိုင်းကြောင့် နေရပ်ပြန် ကြိုဆိုရေးကို ရပ်ဆိုင်းထားခဲ့ရာမှ သြဂုတ် ၁ ရက်မှ စတင်ကာ မဲဆောက်-မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် တစ်ရက်ခြား ကြိုဆိုလက်ခံခဲ့ရာ သြဂုတ်၂၉ ရက်အထိ လူဦးရေ  ၃၀၂၉ ဦး ပြန်လည် ဝင်ရောက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent