မုံးကိုးနယ်မြေအတွင်း MNDAA နှင့်ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အရာရှိငယ်တစ်ဦးနှင့် စစ်သည်အချို့ကျဆုံးပြီး လက်နက်ခဲယမ်းအချို့ပျောက်ဆုံးခဲ့ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်

မုံးကိုးနယ်မြေအတွင်း MNDAA နှင့်ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အရာရှိငယ်တစ်ဦးနှင့် စစ်သည်အချို့ကျဆုံးပြီး လက်နက်ခဲယမ်းအချို့ပျောက်ဆုံးခဲ့ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်
Published 30 August 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံကိုးနယ်မြေအတွင်း MNDAA နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အရာရှိငယ်တစ်ဦးနှင့် စစ်သည်အချို့ကျဆုံးပြီး လက်နက်ခဲယမ်းအချို့ ပျောက်ဆုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံကိုးနယ်မြေအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လုံခြုံရေးတာဝန် ထမ်းဆောင်နေစဉ် ၂၀၂၁ ခုနှစ်  သြဂုတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီနှင့် ညနေ ၄ နာရီခန့်၌ မုံကိုးမြို့၏ အရှေ့တောင်ဘက် မီတာ ၅၃၀၀ နှင့် မီတာ ၅၅၀၀ ခန့် အရောက်တွင် MNDAA လက်နက်ကိုင် သောင်းကျန်သူများက ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့ရာ ရန်သူများ အနောက်တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း၊ ဖြစ်စဉ်တွင် အရာရှိငယ်တစ်ဦးနှင့် စစ်သည်အချို့ကျဆုံးပြီး လက်နက်ခဲယမ်းအချို့ ပျောက်ဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုံးကိုးတိုက်ပွဲဖြစ်စဉ်တွင် တပ်မတော်သားများထံမှ လက်နက်များရရှိခဲ့သည့် ဗီဒီယိုရုပ်ဖိုင်နှင့်အတူ ယင်းတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် စစ်သည်များ ကျဆုံးခဲ့သည်ဟု အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့်အပြင် အွန်လိုင်းမီဒီယာအချို့တွင်လည်း  သတင်းဖော်ပြမှုများရှိခဲ့သည်။

ယခုရက်ပိုင်းအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ အများအပြား ကျဆုံးနေသည့် မမှန်သတင်းများအား နေ့စဉ်ဝါဒဖြန့်ချိနေကြောင်း၊ အထက်ပါကဲ့သို့ မမှန်သတင်းများ ထုတ်ပြန်ခြင်း၏ ရည်ရွယ်ချက်သည် PDF များ စိတ်ဓာတ်တက်ကြွလာပြီး အဖျက်အမှောင့်လုပ်ငန်းများနှင့် သတ်ဖြတ်မှုလုပ်ငန်းများအား ပိုမိုလုပ်ကိုင်လာစေရန် ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ယင်းသတင်းဖော်ပြမှုများအား တုံ့ပြန်ထားသည်။