စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းမှ မည်သည့်အခါမျှ သွေဖည်မည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းမှ မည်သည့်အခါမျှ သွေဖည်မည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 28 August 2021
အောင်မင်းသိန်း

စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းမှ မည်သည့်အခါမျှ သွေဖည်မည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သြဂုတ် ၂၇ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတကာသံရုံးကိုယ်စားလှယ်များ တက်ရောက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရဲ့နေရာအနည်းစုမှာ အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင်သောင်းကျန်းမှုများ ရှိနေဆဲဖြစ်သော်လည်း ယခင်ကထက်စာရင်တော့ အများကြီးလျော့ကျသွားပြီဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဖို့ ဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်အစိုးရအနေနဲ့ ခိုင်ခိုင်မာမာအာမခံ ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလမ်းကြောင်းကနေ ဘယ်တော့မှသွေဖည်သွားမှာ မဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပါတီစုံဒီမိုကရေစီစနစ်အပေါ်တွင် လိမ်လည်မသမာမှုလုပ်ခဲ့သည့် မဲမသမာမှုများကြောင့်သာ အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်တာဝန်ရယူခဲ့ခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ထပ်မံကျင်းပပေးရန်လည်း အာမခံပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီမိုကရစီစနစ်ပေါ်မှာ လိမ်လည်မသမာမှုလုပ်ခဲ့တဲ့ မဲမသမာမှုများကြောင့်သာ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်ရယူခဲ့ရခြင်း ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲထပ်မံကျင်းပပေးဖို့လည်း အာမခံပြီးဖြစ်ပါတယ်။ကျွန်တော်တို့အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နဲ့ တည်ဆဲဥပဒေများနဲ့အညီသာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မဲစာရင်းစစ်ဆေးခြင်းများကို ဇူလိုင်လအတွင်း၌ ဆောင်ရွက်ပြီးစီးခဲ့ပြီး ခိုင်လုံစွာတွေ့ရှိထားသည့် မဲမသမာမှုများ၊ NLD ပါတီ၏ အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုလုပ်၍ ဝင်ရောက်စွက်ဖက်သည့် အထောက်အထားမှတ်တမ်းများအရ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့ကြောင်းနှင့် ရွေးကောက်ပွဲရလဒ်ကို ဥပဒေနှင့်အညီ ဖျက်သိမ်းပြီးနောက်တွင် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များအတွက် ကြိုတင်ပြင်ဆင်မှုများကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး လုပ်ငန်းရပ်အားလုံးကို ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ပြီးမြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

Most Read

Most Recent