ရက်ပါအဆိုတော် ကာညေးဝက်စ်က နာမည်ကို တရားဝင်ပြောင်းရန် ကြိုးစားနေ

ရက်ပါအဆိုတော် ကာညေးဝက်စ်က နာမည်ကို တရားဝင်ပြောင်းရန် ကြိုးစားနေ
Photo: Free Press Journal
Photo: Free Press Journal
Published 26 August 2021

အမေရိကန်ရက်ပါအဆိုတော် ကာညေးဝက်စ်တစ်ယောက် ၎င်း၏နာမည်ကို Ye အဖြစ် တရားဝင်ပြောင်းပစ်ရန် လော့စ်အိန်ဂျလိစ်ရုံးတော်တွင် လျှောက်ထားလိုက်ပြီဖြစ်သည်။ ပါဆင်နယ်ကြောင့် အမည်ပြောင်းလိုခြင်းဖြစ်သည်ဟုလည်း ကာညေးဝက်စ်က ဆိုသည်။ 

လွန်ခဲ့သည့်သုံးနှစ်နီးပါးကတည်းက “Ye” အမည်ဖြင့် အယ်လ်ဘမ်အခွေ ထွက်ရှိပြီးနောက် နာမည်ပြောင်းရေးကိစ္စကို ဝက်စ်ကတွစ်တာတွင် ပြောခဲ့ဖူးသည်။

“Ye” သည် သမ္မာကျမ်းစာတွင် အသုံးအများဆုံးစာလုံးဖြစ်ပြီး “you” ဟု အဓိပ္ပာယ်ရကြောင်း ဝက်စ်က ၂၀၁၈ ခုနှစ်တွင် ရေဒီယိုအစီအစဉ်တင်ဆက်သူ Big Boy နှင့် အခွေနာမည်အကြောင်း ဆွေးနွေးရင်း ရှင်းပြခဲ့သည်။ 

ကာညေးဝက်စ်၏ “Donda” အမည်ရှိ ၁၀ ခွေမြောက် တစ်ကိုယ်တော် စတူဒီယိုအယ်လ်ဘမ်သည်လည်း သြဂုတ် ၂၇ ရက်တွင် ထွက်မည်ဟု ယူဆရပြီး နဂိုဇူလိုင် ၂၃ ရက်တွင် ထွက်မည်ကြေညာခဲ့ရာ မထွက်ခဲ့ဘဲ အချိန်နောက်ဆုတ်မှုများ လုပ်လာခဲ့သည်။ အခွေသစ်သည် အသက်၄၄ နှစ် အရွယ်ရှိ ဝက်စ်၏မိခင် Donda West (၂၀၀၇ နိုဝင်ဘာတွင်ကွယ်လွန်) အမည်ကို ယူပေးထားခြင်းဖြစ်သည်။ အမှန်က ပြီးခဲ့သည့်နှစ် ဇူလိုင်ကတည်းက အခွေထွက်ရန် ကြိုးစားခဲ့သည်။

ဝက်စ်သည် အိမ်ထောင်သက်ခုနစ်နှစ် လက်တွဲခဲ့သည့် Reality ရုပ်သံစတား ကင်မ်ကာဒက်ရှီယန်နှင့် ကွာရှင်းပြတ်စဲရန်ရှိပြီး သားသမီးလေးယောက်ကို ပူးတွဲအုပ်ထိန်းရန်နှင့် ထောက်ပံ့ကြေးမလိုဟု နှစ်ဦးစလုံးက သဘောတူထားကြသည်။ သူတို့နှစ်ဦးတွင် သမီးငယ်နှစ်ဦး၊ သားငယ်နှစ်ဦး ရှိသည်။

ကာညေးဝက်စ်တို့စုံတွဲသည် အနုပညာရှင်များထဲတွင် လူသိများအထင်ရှားဆုံးအတွဲများထဲတွင် ပါဝင်ပြီး စီးပွားရေးတွင်လည်း အတော်လေး အောင်မြင်ထားသူများ ဖြစ်ကြသည်။

အသက် ၄၀ ရှိပြီဖြစ်သည့် ကာဒက်ရှီယန်က သူမ၏မိသားစုအကြောင်း ရိုက်ကူးထားသည့် “Keeping Up With The Kardashians” ရုပ်သံအစီအစဉ်တွင် ပါဝင်ကာ ၂၀၀၇ ခုနှစ်ကတည်းက စတင်အောင်မြင်လာသူဖြစ်ပြီး မိတ်ကပ်၊ ကိုယ်လုံးချပ် အမျိုးသမီးအတွင်းခံ၊ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းများအပါအဝင် စီးပွားရေးလုပ်ငန်းများစွာရှိသည့် ဘီလျံနာဖြစ်သည်။

ကာညေးဝက်စ်ကလည်း ရက်ပ်ဂီတလောကတွင် နာမည်ကြီးပင်ဖြစ်ပြီး ဖက်ရှင်ဒီဇိုင်နာအဖြစ်လည်း အောင်မြင်ထားကာ ဂရမ်မီဆု ၂၂ ခုဖြင့် ဆုအများဆုံးရထားသည့် ဟစ်ပ်ဟော့အဆိုတော်အဖြစ် အမေရိကန်ရက်ပါ Jay-Z နှင့်တစ်တန်းတည်းရှိနေသည်။

ကာညေးဝက်စ် နောက်ဆုံးထွက်ထားသည့် အယ်လ်ဘမ်က ၂၀၁၉ တွင် ထွက်ခဲ့သည့် Jesus is King အခွေဖြစ်ပြီး ၎င်းသည် ၂၀၂၁ ဂရမ်မီဆုပေးပွဲတွင် Best Contemporary Christian Music Album ဆု ရရှိခဲ့သည်။

Most Read

Most Recent