မြန်မာလှေလှော်အဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေအပေါ်မူတည်၍ လာမည့်နှစ်တွင် နိုင်ငံတကာဖိတ်ခေါ် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထား ကြောင်း သိရသည်။
မြန်မာလှေလှော်အဖွဲ့သည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲပြီးကတည်းက နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ရခြင်းမရှိတော့ဘဲ ယခုနှစ်တွင်လည်း ယှဉ်ပြိုင်ရန်ပြိုင်ပွဲမရှိသဖြင့် လာမည့်နှစ်မှသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာလှေလှော်အဖွဲ့ ယခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ဟောင်ကောင်၌ကျင်းပမည့် ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲတို့မှာလည်း ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့သဖြင့် ယခုနှစ်တွင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲမရှိတော့ခြင်းဖြစ်သည်။
ထို့ကြောင့် မြန်မာလှေလှော်အဖွဲ့သည် ယခုနှစ်တွင် လေ့ကျင့်မှုများသာပြုလုပ်သွားမည်ဖြစ်ပြီး လာမည့်နှစ်မှသာ ပြိုင်ပွဲများယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာလှေလှော်အဖွဲ့သည် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပဏာမ ကစားသမား ၅၀ ဝန်းကျင်ဖြင့် စခန်းဝင်လေ့ကျင့်လျက်ရှိသည်။
မြန်မာလှေလှော်အဖွဲ့သည် ရိုးရာလှေ၊ ကနူး/ကယက်၊ အပြည်ပြည်ဆိုင်ရာလှေ ပြိုင်ပွဲအမျိုးအစားများအတွက် ပဏာမကစား သမားများရွေးချယ်ကာ လေ့ကျင့်နေခြင်းဖြစ်ပြီး ကနူး/ကယက်ကစားသမားများမှာမူ ပြည်ပနိုင်ငံ၌ လေ့ကျင့်နေကာ ကျန်အားကစားသမားများမှာမူ ရန်ကုန်မြို့၌ လေ့ကျင့်လျက်ရှိသည်။ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရိုးရာလှေပြိုင်ပွဲမပါဝင်သော်လည်း အာရှအားကစားပြိုင်ပွဲအပါအဝင် အခြားအားကစား ပြိုင်ပွဲများတွင် ပါဝင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သည် ပြိုင်ပွဲ အမျိုးအစားသုံးမျိုးစလုံးအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။
မြန်မာလှေလှော်အဖွဲ့သည် လာမည့်နှစ်တွင် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ၊ အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အာရှ သဲသောင်ပြင်အားကစားပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲအပါ အဝင် အခြားနိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
စခန်းဝင်လေ့ကျင့်နေသည့် လှေလှော် အားကစားသမားများအနက် အပြည်ပြည် ဆိုင်ရာလှေ အားကစားသမားများမှာလည်း ပြည်ပနိုင်ငံ၌ သွားရောက်လေ့ကျင့်ရန် စီစဉ်ထားသော်လည်း ကပ်ရောဂါအခြေအနေ ကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သည် ပဏာမလက် ရွေးစင်ကစားသမားများကို လေ့ကျင့်ပေးရန် ကနူး/ကယက်နှင့် အပြည်ပြည်ဆိုင်ရာလှေ ပြိုင်ပွဲအမျိုးအစားအတွက် နိုင်ငံခြားသား နည်းပြခန့်အပ်ရန် စီစဉ်ထားသော်လည်း ကပ်ရောဂါအခြေအနေကြောင့် ခန့်အပ်နိုင်ခြင်းမရှိဘဲ လာမည့်နှစ်ဆန်းမှသာအစောဆုံး ခန့်အပ်နိုင်မည်ဖြစ်သည်။















