အချစ်ကလွဲပြီး အခြားမရှိ

အချစ်ကလွဲပြီး အခြားမရှိ
Photo:Artist.com
Photo:Artist.com
Published 24 August 2021
လင်းခေတ်ကြယ်

(၁)

ချစ်ခြင်းမေတ္တာဖတ်စာကို ကျွန်တော်တို့က နှလုံးသားနဲ့ သင်ယူခဲ့ကြတယ်။ အချစ်က ဘာဖြစ်ဖြစ် ကျွန်တော်တို့ ချစ်ပြီးရင်း ချစ်ခဲ့ကြရတာ မဟုတ်လား။ ဘဝမှာ မသေချာမှုတွေ များလာတဲ့အခါ ကျွန်တော်တို့မှာ တတ်နိုင်တာဆိုလို့ နှလုံးသားအပြည့်နဲ့ ချစ်ပြနိုင်တာပဲ ရှိခဲ့တယ်။ ပိုဆိုးတာက ဒီလိုခေတ်ကြီးထဲမှာ ဘယ်အရာကများ သေချာခဲ့တာရှိလို့လဲ။ ရှင်ခြင်းကလည်း မသေချာ။ ကိုယ့်ကိုယ်ကိုယ်လည်း မသေချာ။ အားလုံးသော အကြောင်းအရာများဟာလည်း ဘာဆိုဘာမှ မသေချာ။ သေချာတာတစ်ခုကတော့ ခေတ်အဆက်ဆက် ကျွန်တော်တို့တွေ ဘယ်လိုမှ ငြင်းမရအောင် ချစ်ခဲ့ကြတာပါပဲ။

ဒီနေ့ ရှင်သန်နေပေမဲ့ မနက်ဖြန်ဆိုတာ မသေချာတဲ့အတွက် နှလုံးသားဆံ့သလောက် အချစ်ကို နှစ်နှစ်ကာကာကြီး ခူးခဲ့ကြတယ်။ ကိုယ့်ရှင်သန်မှုကိုတောင် မေ့လျော့တဲ့အထိ ကျွန်တော်တို့ အချစ်ကို စွဲစွဲလမ်းလမ်း ချစ်ခဲ့ရတယ်။ ကိုယ့်အကြောင်းကိုယ် နေ့စဉ်ရက် ဆက်မတွေးဖြစ်ပေမဲ့ အချစ်အကြောင်းကတော့ အချိန်ပြည့် ကျွန်တော်တို့ အတွေးထဲ သံမှိုရိုက်ထားသလို စွဲမြဲနေတယ်မဟုတ်လား။

အချစ်ဟာ ကျွန်တော်တို့ကို ပျော်ရွှင်မှုတွေ ပေးတယ်။ အချစ်ဟာ ကျွန်တော်တို့ကို ကြည်နူးမှုတွေ ပေးတယ်။ အချစ်ဟာ ကျွန်တော်တို့ကို ကြင်နာမှုတွေ ပေးတယ်။ အချစ်ဟာ ကျွန်တော်တို့ကို လွမ်းဆွတ်မှုတွေ ပေးခဲ့တယ်။ အချစ်ဟာ ကျွန်တော်တို့ကို နာကျင်မှုတွေ ပေးခဲ့တယ်။ အချစ်က ကျွန်တော်တို့ကို အရာအားလုံးပေးခဲ့တယ်။ အချစ်နဲ့ပတ်သက်ရင် ကျွန်တော်တို့က အရာအားလုံးဖြစ်ခဲ့သလို အရာအားလုံးဟာလည်း ကျွန်တော်တို့ပဲဖြစ်ခဲ့ပါတယ်။ တကယ်တော့ အချစ်ဆိုတာ ဘာမှ မရတဲ့ဘဝဆိုရင်တောင်မှ တစ်ခုခုကို သတိရနေမိတဲ့အရာမျိုး မဟုတ်လား။ 

(၂)

အချစ်ရဲ့အဝေးမှာ ဘာပဲလုပ်လုပ် ကိုယ်က လေးပြီး စိတ်က နှေးတယ်။ ဟိုးအဝေးက အချစ်ရှိရာအရပ်မှာ ပွင့်နေတဲ့ကြယ်လေးတွေ ကိုငေးရင်း အလွမ်းအဆွေးအကြောင်းတွေ စိတ်လွတ်ကိုယ်လွတ် အော်ပြောနေမိတယ်။  ဘယ်လိုမှ မကြားနိုင်မှန်းသိပေမဲ့လည်း ဒီအချိန်မှာ လွမ်းရာလွမ်းကြောင်းကို စိတ်ဖြေဖို့ ဆိုတာ ဒီတစ်နည်းပဲရှိတယ်မဟုတ်လား။ အချစ်ရဲ့နာမည်လေးပဲဖြစ်ဖြစ်၊ အချစ်ကို လွမ်းရတဲ့အကြောင်းပဲဖြစ်ဖြစ် နင့်နင့်သည်းသည်း အော်ပြောလိုက်မှပဲ ရင်ထဲတစ်ဆို့မှုတချို့က  အနည်းငယ်လျော့ကျသွားတယ်။

အချစ်ရဲ့အဝေးမှာ မပျော်နိုင်သလို ကျွန်တော်တို့ရဲ့ အဝေးမှာလည်း အချစ်က ပျော်နိုင်မယ် မထင်ဘူး။ အချစ်နဲ့ ကျွန်တော်တို့က တစ်ရက်မတွေ့ရရင် တစ်သက်ဝေးသွားပြီလို့ ထင်မိတဲ့အထိ ချစ်ခဲ့ကြတယ်။ အချစ်ကို ဘုရားလိုကိုးကွယ်ပြီး အချစ်တရားနဲ့ ပျော်မွေ့ခဲ့ကြတယ်။ အချစ်ဟာ ကျွန်တော်တို့အတွက်တော့ မျက်မမြင်ပုဏ္ဏားခြောက်ယောက်လိုပဲ။ ထိစမ်းမိသမျှမှာ ပုံသဏ္ဌာန်မျိုးစုံနဲ့ အချစ်ဖြစ်နေတာကို တွေ့ရတယ်။ ဘယ်လောက်ပဲခက်ခဲနေပါစေ။ ဘယ်လိုပဲ ကြမ်းတမ်းနေပါစေ။ ဘာအကြောင်းပြချက်နဲ့မှ အချစ်နဲ့ လွဲသွားလို့မဖြစ်ဘူး။ အသက်တစ်စက် ကျန်တယ်ဆိုလည်း အချစ်ကိုပဲ နှစ်နှစ်ကာကာ ချစ်မယ်လို့ ကျွန်တော်တို့နှလုံးသားမှာ တက်တူူးထိုးလိုက်တယ်။ 

(၃)

ကမ္ဘာကြီးကလည်း ဖျားနာတယ်။ အချစ်ကလည်း ဖျားနာတယ်။ ကျွန်တော်တို့လည်း ဖျားနာခဲ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ဝေးကြရုံနဲ့ နှလုံးသား အလိုအရ နာဖျားရတော့တာပဲ။  ဘယ်ခေတ်ဖြစ်ဖြစ် အချစ်စစ်မှန်ရင် ဘယ်တော့မှ မဖြောင့်ဖြူးပါဘူး။ ခက်ခဲတယ်ဆိုပေမဲ့ ကျွန်တော်တို့ လက်တွေ ပိုမြဲခဲ့တယ်။ အရင်လို ကမ္ဘာကြီးကိုလည်း ပြန်မလိုချင်ပါဘူး။ အခုကမ္ဘာကြီးမှာပဲ ကျွန်တော်တို့က တစ်ယောက်ကို တစ်ယောက်လိုတယ်။ တစ်ယောက်နဲ့တစ်ယောက် စိုတယ်။ တစ်ယောက်ပြိုရင် တစ်ယောက်က ငိုရတယ်။

ဘယ်အချိန်ဖြစ်ဖြစ် စိတ်က အချစ်ဆီ အမြဲရောက်ဖြစ်တယ်။ အိပ်ရင်လည်း အိပ်မက်ထဲမှာ အချစ်နဲ့ တွေ့ရတာပဲ။ ကပ်ရောဂါကာလမို့ အချစ်အကြောင်းကို ခြောက်ပေအကွာကနေ မက်စ်တပ်ပြီး တွေးရတယ်။ ကပ်ရောဂါကာလမို့ အချစ်ရှိတဲ့နေရာဆီ စိတ်နဲ့သွားပြီး မျက်နှာလေးကို ငေးရတယ်။ ကပ်ရောဂါကာလမို့ အချစ်ရဲ့အသံကို မှန်းဆပြီး အုံ့အုံ့မှိုင်းမှိုင်း ဆွေးရတယ်။ တကယ်တော့ လူချင်း ဘယ်လောက်ဝေးဝေး နှလုံးသားချင်း မဝေးဘူးဆိုရင် အချစ်ဟာ ဘယ်အချိန်တီးတီး အသံမြည်တဲ့ ဂစ်တာတစ်လက်ပါပဲ။

(၄)

အချစ်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတာထက် အချစ်ကို ဘယ်လောက် ပြီးပြည့်စုံအောင် လုပ်ပေးရမလဲဆိုတာကိုပဲ တွေးတယ်။ တကယ်တော့ အချစ်က ရိုးစင်းပါတယ်။ ခေတ်အဆက်ဆက် လူတွေက အချစ်ကို ဆန်းပြားအောင် လုပ်ခဲ့ကြတာပါ။ ဒါပေမဲ့ အချစ်ရဲ့ရိုးဂုဏ်ကိုတော့ ဘယ်သူမှ ဖျက်လို့ မရခဲ့ဘူး။

ကမ္ဘာဦးကတည်းက အချစ်ဆိုတာ နှလုံးသားအလိုဆန္ဒအတိုင်းပဲ။ အချစ်နဲ့ပတ်သက်ရင် နှလုံးသားက မကွယ်မဝှက် ခံစားရတဲ့အတိုင်းပဲပြောတယ်။ အချစ်နဲ့ပတ်သက်ရင် နှလုံးသားရဲ့အသံမှာ မုသားမပါဘူး။ နှလုံးသားရဲ့ အသံမှာ အမုန်းတရားမရှိဘူး။ နှလုံးသားရဲ့ အသံမှာ အတ္တ၊ မာနမရှိဘူး။ နှလုံးသားရဲ့အသံမှာ မနာလိုစိတ်မရှိဘူး။

အချစ်နဲ့ပတ်သက်ရင်နှလုံးသားရဲ့အသံမှာ သံယောဇဉ်ပါတယ်။ မေတ္တာတရားပါတယ်။ ဖြူစင်မှုတွေပါတယ်။ စာနာမှုတွေပါတယ်။ မုဒိတာပွားတယ်။ ကရုဏာစိတ်ရှိတယ်။ ကမ္ဘာဦးကတည်းက အချစ်နဲ့ပတ်သက်ရင် နှလုံးသားဟာ ပြောတတ်သလိုပဲ ပြောခဲ့တယ်။ အချစ်နဲ့ပတ်သက်ရင် ကျွန်တော်တို့ကလည်း စိတ်ထဲရှိတဲ့အတိုင်း ပြောတယ်။ တကယ်တော့အချစ်မှာ တခြားအရောင်တွေ စွန်းမှ စွန်းတယ်လို့ မခေါ်ဘူး။ အဖြူရောင်စွန်းလည်း  ချွတ်ဖို့က ခက်ပါတယ်။

(၅)

အချစ်အကြောင်းပြောမယ်ဆို နှလုံးသားက မပါမဖြစ် အရေးကြီးတယ်။ မှုခင်းဖြစ်စဉ်တွေထဲကလိုပေါ့။ ချစ်ခြင်းတရားမှာ နှလုံးသားဟာ အဓိကတရားခံဖြစ်တယ်။ နှလုံးသားက သေနတ်ဆိုရင် အချစ်က အသင့်ဖြည့်ထားတဲ့ကျည်ဆန်တွေပဲ။ အရာအားလုံးကို ချစ်မိသမျှ နှလုံးသားဆီကနေ မြစ်ဖျားခံတယ်။ သစ်ရွက်လေးကြွေတာကအစ မိုးစက်လေးတွေ တဖျောက်ဖျောက်ကျသံအဆုံး ရင်ခုန်တတ်တယ်ဆိုတာ နှလုံးသားမြေပြင်ရဲ့ ငလျင်လှုပ်သံတွေပါပဲ။ အချစ်နဲ့ စတွေ့ချိန်ကစလို့ အချစ်အကြောင်းကို ခေါင်းအေးအေးနဲ့ စဉ်းစားရတယ်။ ကမ္ဘာဦးကတည်းက ဒီနေ့အထိ ကျွန်တော်တို့ဟာ အချစ်အကြောင်းကို တစ်လုံး တလေကအစ ဘယ်လိုမှ မေ့ပစ်လို့မရခဲ့ဘူး မဟုတ်လား။  

(၆)

ကပ်ဘေးမှာ အချစ်နဲ့ ကျွန်တော်တို့ ဝေးသထက်ဝေးခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ ရက်ကနေ လ။ လကနေ နှစ် ဖြစ်လာပြီး သတိရမှုကို နှလုံးသားနဲ့ စားကြည့်တော့ အကြွင်းက အလွမ်းအဖျားဖြစ်နေတာကို တွေ့ရတယ်။ 

ဒီကပ်ဘေးကို ဘယ်လောက်စောင့်ရမလဲ။ အချစ်နဲ့ ကျွန်တော်တို့ ဒီကပ်ဘေးမှာ ဘယ်လောက်ကြာကြာ ဝေးနေရမလဲ။ အချစ်ရဲ့ရနံ့လေးကို မရှူရှိုက်ရတာ ကြာပြီ။ အချစ်ရဲ့ရယ်သံလေးကို မကြားရတာ ကြာပြီ။ အချစ်ရဲ့ အပြုံးလေးကို မမြင်ရတာ ကြာပြီ။ အချစ်ရဲ့ အလှအပတွေကို မထိတွေ့ရတာ ကြာပြီ။ အချစ်ရဲ့ နူးနူးညံ့ညံ့အနမ်းတွေထဲမှာ မပျော်ဝင်ရတာ ကြာပြီ။

စိတ်ထဲ လောင်ကျွမ်းနေရတဲ့ သတိရ ခြင်းတွေကို စက္ကူစွန်လေးလို ခေါက်ပြီး အချစ်ရှိတဲ့ အရပ်ဆီ ပို့လွှတ်လိုက်ပါတယ်။ လေထုထဲက အလွမ်းအဖျားကို ရောက်ရာအရပ်ကနေ အချစ် တွေ့ရှိပါစေကွယ်။

(၇)

လောကကြီးမှာ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးတဲ့။ ဒါပေမဲ့ အဲဒီအဆိုက ကျွန်တော်တို့အတွက်တော့ မှားခဲ့တယ်။ အချစ်နဲ့ပတ်သက်ရင် ကျွန်တော်တို့မှာ နောက်ဘဝဆိုတာ မရှိဘူး။ ဒီဘဝမှာပဲ အချစ်ကို ချစ်ဖို့ကလွဲရင် ကိုယ့်ကိုယ်ကိုယ်လည်း မချစ်ချင်တော့ဘူး။

ဒီလို ခေတ်ဆိုးခေတ်ပျက်ကြီးထဲ အသက်ရှင်ချိန်မှာတောင် အချစ်နဲ့ဝေးနေရတာ သေရင် နောင်ဘဝမှာ ပြန်ဆုံဖို့ဆိုတာ သေမှ မသေချာပဲ။ ဒါကြောင့်လည်း ရှင်သန်နေချိန်မှာ ကိုယ့်ကိုယ်ကိုယ်ထက် အချစ်ကိုပဲ ပိုချစ်ရတယ်။ ပိုမြတ်နိုးရတယ်။ ပိုဂရုစိုက်ရတယ်။ ပိုယုယရတယ်။ ဒါကို တချို့လူတွေက အပိုအလုပ်တွေပါတဲ့။ ကိုယ့်အတွေးနဲ့ ကိုယ်ပဲ။ ငြင်းနေလို့လည်း အချစ်အကြောင်း နားကန်းတစ်လုံးမှမသိတဲ့ကောင်တွေမို့ ကျွဲပါးစောင်းတီးသလို ဖြစ်နေမှာပဲ။ ကိုယ့်အကြောင်းကိုယ် ရေးကြမယ်။ ကိုယ့်အချစ်ကိုယ် ပြုစုပျိုးထောင်ကြမယ်။ ကိုယ့်ဘဝကိုယ် စိတ်ကြိုက်ပုံဖော်ကြမယ်။

နာဖျားနေတဲ့ ကမ္ဘာကြီးမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အာဟာရ ပြည့်စွာစားပါ။ အိမ်ထဲမှာနေပါ။ ခြောက်ပေအကွာက စကားပြောပါ။ မက်စ်တပ်ပါ။ မကြာခဏလက်ဆေးပါ။ အဝေးမှာ အချစ်နဲ့ နှလုံးသားလေးပါ ကျန်းမာအောင် နေပေးပါ။   

(၈)

ဘဝမှာ အခက်အခဲနဲ့ တွေ့ရင် လူတွေက ဘုရားတကြတယ်။ ကျွန်တော်တို့ကတော့ ရှင်းတယ်။ ဘုရားရော၊ အချစ်ရော တမိတယ်။ ကိုယ်ကိုးကွယ်ရာ ဘုရားကို တမိသလို ကိုယ်ယုံကြည်ရာ အချစ်ကိုလည်း မမေ့မလျော့ တမ်းတမိတာ အပြစ်ဆိုလည်း ဘဝအဆက်ဆက်၊ သံသရာအဆက်ဆက် အဲဒီအပြစ်ကိုပဲ ဆက်လုပ်ပါ့မယ်။

အချစ်က ၀၀၊ ပိန်ပိန် အချစ်ကို အချစ်နဲ့ ကြည့်ရင် ကိုယ့်ကိုယ်ကိုယ်လည်း မမြင်တော့ဘူး။ အချစ်ကိုပဲ မြင်တော့တယ်။ အချစ်က အပြစ်တွေများတယ်လို့ဆိုလည်း ကိုယ့်နှလုံးသားနဲ့ကိုယ်ပဲ။ ဘယ်တော့မှ မခွဲ။ ဘယ်တော့မှ လွဲသွားလို့မှ မဖြစ်ဘဲ။

လူဆိုတာ ပြိုလဲကျမှ အချစ်စစ်ကို တွေ့ရသတဲ့။ ဒီနေ့ခေတ်ကြီးမှာတော့ ကျွန်တော်တို့က အကြိမ်ကြိမ်ပြိုလဲရင်း အကြိမ်ကြိမ်ပြန် ထရင်းနဲ့မို့ အချစ်စစ်ကို အကြိမ်ကြိမ်တွေ့ခဲ့ရတယ်။ ဒါကြောင့်လည်း ဘဝမှာ တခြားသောအရာတွေထက် အချစ်ကလွဲပြီး အခြားမရှိလို့ လှေနံဓားထစ် ယုံကြည်ခဲ့ပါတယ်။