အာဆင်နယ်အသင်းနည်းပြ အာတီတာက အာဆင်နယ်ပရိသတ်များအနေဖြင့် မိမိအား (၃)နှစ် အချိန်ပေးရန် လိုအပ်သည်ဟု တောင်းဆိုပြောကြားခဲ့သည်။
အာတီတာသည် ချယ်လ်ဆီးအသင်းအား (၀-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲမတိုင်မီကတည်းက ယင်းကဲ့သို့ တောင်းဆိုထားခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ရာသီအဖွင့်ပွဲစဉ်တွင် တန်းတက်အသင်းတစ်သင်းဖြစ်သည့် ဘရန့်ဖို့ဒ်အသင်းအား (၀-၂)ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးကတည်းက အာတီတာ၏နည်းပြရာထူးနေရာမှာ လှုပ်ခတ်ခဲ့သည်။
လောင်းကစားဘွတ်ကီဒိုင်များကလည်း ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရမည့် နည်းပြစာရင်းတွင် အာတီတာကို ထိပ်ဆုံးမှအလေးပေးခဲ့ကြသည်။

၎င်းအနေဖြင့် ရှေ့လာမည့်ပွဲစဉ်များတွင် ရလဒ်ဆိုးပါက ရာထူးမှထွက်ခွာရမည်ဟု မီဒီယာများကလည်း ဖော်ပြခဲ့ကြသည်။
အာတီတာက အာဆင်နယ်အသင်းအနေဖြင့် သာမန်အသင်းတစ်သင်းမဟုတ်သည်ကို မိမိ သဘောပေါက်ကြောင်း၊ သို့သော် မိမိကို အချိန်ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။















