မြန်မာသံတမန်နှစ်ဦးအား ဂျပန်က ပြည်ဝင်ခွင့်ထုတ်ပေးရန် ငြင်းဆန်

မြန်မာသံတမန်နှစ်ဦးအား ဂျပန်က ပြည်ဝင်ခွင့်ထုတ်ပေးရန် ငြင်းဆန်
Published 23 August 2021
Ref : KYODO NEWS

မတ်လတွင် ထုတ်ပယ်ခဲ့သော ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးမှ သံတမန်နှစ်ဦး၏ နေရာတွင်အစားထိုးရန် မြန်မာက တိုကျိုသို့ စေလွှတ်လိုသော သံတမန်နှစ်ဦးအတွက် ဗီဇာများထုတ်ပေးရန် ဂျပန်က ငြင်းဆန်လိုက်ကြောင်း ဂျပန်အစိုးရ သတင်းအရင်းအမြစ်များအရ သိရသည်။

အစားထိုးမည့်သူနှစ်ဦးအတွက် ဂျပန်က သံတမန်ဗီဇာများ ထုတ်ပေးရန် မြန်မာက မေတ္တာရပ်ခံခဲ့သည်။

မေတ္တာရပ်ခံချက်ကို စဉ်းစားနေသည်ဟု ဂျပန်ကပြောကြားခဲ့သော်လည်း ဗီဇာထုတ်ပေးမည့်လုပ်ငန်းစဉ်များကို မစတင်သေးဟု အဆိုပါသတင်းအရင်းအမြစ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် တပ်မတော်၏ အာဏာလွှဲပြောင်းရယူမှုကို ကန့်ကွက်သည့်အနေဖြင့် ဂျပန်သံရုံးရှိ မြန်မာသံတမန်နှစ်ဦးသည် CDM လုပ်ခဲ့ပြီးနောက် ထုတ်ပယ်လိုက်ခံခဲ့ရပြီး ၎င်းတို့နှစ်ဦး၏သံတမန်ရာထူးကို ဂျပန်က ဆက်လက်အသိအမှတ်ပြုထားသည်။

မတ် ၁၅ ရက် ရက်စွဲတပ်ထားသော မှတ်တမ်းတစ်ခုအရ မြန်မာသံရုံးသည် သံတမန်နှစ်ဦး၏ သံတမန်ရာထူးနှင့် နိုင်ငံကူးလက်မှတ်တို့ကို ပယ်ဖျက်လိုက်သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြောကြားခဲ့သည်။

အဆိုပါသံတမန်နှစ်ဦး၏ နိုင်ငံကူး လက်မှတ်များအား အသုံးပြုခွင့်မပေးရန် ဂျပန်ရှိ မြန်မာသံရုံးက ဂျပန်နိုင်ငံအား မေတ္တာရပ်ခံခဲ့ကြောင်း  အဆိုပါမှတ်တမ်းတွင် ဖော်ပြထားသည်။

သို့ရာတွင် ဂျပန်သည် အဆိုပါသံတမန် နှစ်ဦးကို ဂျပန်တွင် နေထိုင်ခွင့်ပြုခဲ့သည်။

“အဲဒီနှစ်ယောက် သံတမန်တွေအဖြစ် ဆက်လက်လုပ်ကိုင်လို့ရအောင် ကျွန်တော်တို့ အစီအစဉ်တွေ လုပ်ထားပြီး ဖြစ်ပါတယ်” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

ဇူလိုင်တွင် သက်တမ်းကုန်ဆုံးမည့် သံတမန်တစ်ဦးကိုလည်း ဂျပန်အစိုးရက သံတမန်မှတ်ပုံတင်ကတ်ကို ထုတ်ပေးခဲ့သည်ဟု ဆိုသည်။

Most Read

Most Recent