■ WBA(Super) ဝယ်လ်တာဝိတ်တန်း စိန်ခေါ်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အနားယူဖွယ်ရှိဟု ပက်ကီယောင်း ပြောကြား

■ WBA(Super) ဝယ်လ်တာဝိတ်တန်း စိန်ခေါ်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အနားယူဖွယ်ရှိဟု ပက်ကီယောင်း ပြောကြား
Published 23 August 2021

နာမည်ကြီး ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကီယောင်းက WBA(Super) ဝယ်လ်တာဝိတ်တန်းစိန်ခေါ်ပွဲတွင် ကျူးဘားလက်ဝှေ့သမား ဂျော်ဒန်းနစ်အူးဂတ်စ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားဘဝမှ အနားယူဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။

အူးဂတ်စ်နှင့် ပက်ကီယောင်းတို့၏ စိန်ခေါ်ပွဲကို မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ နံနက်ပိုင်းက အမေရိကန်ပြည်ထောင်စု နီဗာဒါပြည်နယ်ရှိ T-Mobile Arena တွင် ကျင်းပခဲ့ပြီး လက်ရှိချန်ပီယံ အူးဂတ်စ်က အမှတ်ဖြင့်အနိုင်ရကာ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။ 

ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်ဖြစ်သူ ပက်ကီယောင်းသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း နှစ်နှစ်ကျော်အကြာတွင် ပထမဆုံးပြန်လည်ထိုးသတ်သည့်ပွဲအဖြစ် အမေရိကန်လက်ဝှေ့သမား အာရိုးလ်စပင့်စ်ဂျူနီယာနှင့် ထိုးသတ်ရန် စီစဉ်ထားသော်လည်း 

ပြိုင်ဘက်ကစားသမား၏ ဒဏ်ရာပြဿနာကြောင့် နှစ်ပတ်ခန့်အလိုတွင် အူးဂတ်စ်နှင့် ပြောင်းလဲစီစဉ်ခဲ့ရခြင်းဖြစ်သည်။ 

ပက်ကီ ယောင်းသည် ၂၀၁၉ ခုနှစ် ဇူလိုင်တွင် ကိသ်သာမန်း (အမေရိကန်)ကို အနိုင်ရပြီးနောက် WBA(Super) ချန်ပီယံခါးပတ်ရရှိထားသော်လည်း သတ်မှတ်ကာလအတွင်း ချန်ပီယံကာကွယ်ပွဲ ထိုးသတ်နိုင်ခြင်းမရှိသဖြင့် ဇန်နဝါရီတွင် ချန်ပီယံဆု လက်လွှတ်ခဲ့ရသည်။ 

ထို့ကြောင့် WBA(Regular) ချန်ပီယံဖြစ်သူ အူးဂတ်စ်က လစ်လပ်သွားသည့် ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူခဲ့ပြီး ပထမဆုံးကာကွယ်ပွဲတွင် ချန်ပီယံဟောင်းဖြစ်သူ ပက်ကီယောင်းကို အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

၁၂ ချီပြီးဆုံးချိန်အထိ အနိုင်အရှုံးအဖြေမပေါ်သဖြင့် ဒိုင်များ၏အဆုံးအဖြတ်ခံယူရာ ၁၁၅-၁၁၃၊ ၁၁၆-၁၁၂၊ ၁၁၆-၁၁၂ မှတ်ဖြင့် သုံးဦးစလုံးက အူးဂတ်စ်ကို အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

ကစားသမားဘဝ ၇၂ ပွဲမြောက် ထိုးသတ်ရာတွင် ရှစ်ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့သူ ပက်ကီယောင်း (၄၂ နှစ်)က ''အနာဂတ်မှာ မန်နီပက်ကီယောင်းကို ကြိုးဝိုင်းထဲမှာ ထပ်မြင်ရဖို့မရှိပါဘူး။ ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော် မသိသေးပါဘူး။ ဒါပေမဲ့ 

ဆယ်စုနှစ်တွေကြာတဲ့အထိ လက်ဝှေ့လောကမှာ ကျွန်တော် လုပ်ခဲ့တာတွေအတွက် အရမ်းပျော်ပါတယ်။ အထူးသဖြင့် ကျွန်တော့်နိုင်ငံနဲ့ ဖိလစ်ပိုင်ပြည်သူတွေအတွက် ဂုဏ်ယူရအောင် လုပ်နိုင်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်''ဟု ပြောကြားသည်။

Most Read

Most Recent