ပါတီနိုင်ငံရေးနှင့် အမျိုးသားနိုင်ငံရေး (Party Politics and National Politics)

ပါတီနိုင်ငံရေးနှင့် အမျိုးသားနိုင်ငံရေး (Party Politics and National Politics)
Published 22 August 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

“နိုင်ငံရေး” ဟူသော ဝေါဟာရကို စာရေးသူ စတင်ကြားဖူးသည်မှာ စစ်ကိုင်းမြို့သို့ရောက်ရှိပြီး အလယ်တန်းတက်ခါစအချိန်တွင် ဖြစ်ပါသည်။ အချိန်မှာ ည ၇ နာရီခန့်။ စာရေးသူနေထိုင်သည့် ညောင်ကုန်းကျေးရွာတွင် လျှပ်စစ်မီးမရှိသဖြင့် အောက်လင်းမီးကြီး ငါးလုံးခန့်ကို တစ်ပြိုင်နက်တည်း ထွန်းညှိပြီး သစ်ပင် သို့မဟုတ် တိုင်များတွင် ချိတ်ဆွဲစေကာ နိုင်ငံရေးကို သိမြင်နားလည်သည့် လူပုဂ္ဂိုလ်ကြီးများက တစ်ယောက်ပြီး တစ်ယောက် ဟောပြောကြရာ စာရေးသူကဲ့သို့ အသက် ၁၀ နှစ်ခန့်ဝန်းကျင် ကလေးငယ်များမှာ လူကြီးများလက်ခုတ်တီးလျှင် လိုက်တီးလိုက်၊ လူကြီးများရယ်မောလျှင် ရယ်မောလိုက်ဖြင့် ပါဝင်တက် ရောက်ခွင့်ရရှိခဲ့ပါသည်။

အလယ်တန်းကျောင်းသားဘဝနှင့်  အထက်တန်းကျောင်းသားဘဝ မန္တလေးသို့ ပြောင်းရွှေ့ရောက်ရှိချိန်တွင်လည်း ဘိုးဝဇီရခန်းမတွင် ဟံသာဝတီသတင်းစာတိုက်က ကြီးမှူးကျင်းပသည့် စနေစာပေဝိုင်းများတွင်လည်းကောင်း၊ ရာသီဥတုကောင်းမွန်သည့်အချိန် ညနေပိုင်းနှင့် ညပိုင်းများတွင် ပြုလုပ်လေ့ရှိသည့် မန္တလေးဘူတာကြီး စာပေဟောေြ ပာပွဲများတွင်လည်းကောင်း၊ စာကြည့်တိုက်များကို အခြေခံပြုလုပ်သည့် စာပေဟောပြောပွဲများတွင် လည်းကောင်း စာရေးသူမှာ အပြည့်အဝ နားလည်နိုင်ခြင်း မရှိသော်လည်း တစ်ခါတစ်ရံ တက်ရောက်နားထောင်လေ့ရှိပါသည်။ အဆိုပါဟောပြောပွဲများတွင်လည်း “နိုင်ငံရေး” ဟူသော ဝေါဟာရကို သုံးစွဲသည့် အသံကြားရလေ့ရှိပါသည်။

မန္တလေး ဒေသကောလိပ် ပထမနှစ်နှင့် ဒုတိယနှစ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာသင်ယူခဲ့ရပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ် တတိယနှစ်နှင့် စတုတ္ထနှစ်တို့တွင်လည်း နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာသင်ယူခဲ့ရပါသည်။ အဆိုပါ နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ သဘောတရားအပေါ်တွင် အခြေခံထားရှိခြင်းဖြစ်ပါသည်။ စာရေးသူအနေဖြင့် စာရင်းအင်းပညာ ဘာသာရပ်များနှင့်ပတ်သက်ပြီး အနည်းငယ်စိတ်ဝင်စားမှုရှိခဲ့သော်လည်း နိုင်ငံရေး သိပ္ပံဘာသာရပ်တွင်မူ ထူးချွန်မှုမရှိခဲ့သည့်အပြင် အောင်မှတ်ရရှိရန်ပင်အနိုင်နိုင်ဖြစ်ခဲ့ရပါသည်။

စာရေးသူအနေဖြင့် အထက်ပါကဲ့သို့ တင်ပြနေခြင်းမှာ စာရေးသူသည် နိုင်ငံရေးသိပ္ပံပညာနှင့် ပတ်သက်လျှင် ဗဟုသုတ အနည်းငယ်သာရှိပြီး နိုင်ငံရေးသိပ္ပံပညာရှင် မဟုတ်သကဲ့သို့ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံရေးသမားတစ်ဦးလည်း မဟုတ်သည့်အပြင် သာမန်ပြည်သူပြည်သားတစ်ဦး ဖြစ်သည်ကို စာဖတ်သူများ သတိပြုမိစေရန်နှင့် စာရေးသူ၏ တင်ပြချက်များသည် သာမန်ပြည်သူပြည်သားတစ်ဦး၏ အသိ၊ အမြင်၊ လေ့လာချက်အရသာ တင်ပြမည်ဖြစ်သည်ကို သက်သေပြနေခြင်းဖြစ်ပါသည်။

စာရေးသူတို့၏ တိုင်းပြည်နိုင်ငံသည် နိုင်ငံရေးနှင့် ပတ်သက်လျှင် ထူးခြားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လွတ်လပ်ရေးမရရှိမီ လွတ်လပ်ရေးကြိုးပမ်းမှုကာလကတည်းကပင် နိုင်ငံရေး Institutions ကို စတင်တည်ထောင်ကာ လိုအပ်ချက်အရ လက်နက်ကိုင်အဖွဲ့အစည်း တည်ထောင်ခဲ့ခြင်း မဟုတ်ဘဲ တပ်မတော် Institutions ကို စတင်တည်ထောင်ခဲ့သည့် နိုင်ငံဖြစ်ပါသည်။ နိုင်ငံရေး သဘောတရားအရ တင်ပြရမည်ဆိုပါလျှင် ပြောင်းပြန်ဖြစ်နေပါသည်။ အဆိုပါ ပြောင်းပြန်ဖြစ်ခဲ့မှုကြောင့်ပင် ကမ္ဘာပေါ်ရှိ ပြည်တွင်းစစ်အကြာရှည်ဆုံး နိုင်ငံများစာရင်းတွင် ပါဝင်နေပါတော့သည်။ စာရေးသူအနေဖြင့် မေးခွန်းထုတ်လိုသည်မှာ ယနေ့လွတ်လပ်ရေးရရှိပြီး နှစ်ပေါင်း ၇၃ နှစ်ကျော်ကြာမြင့်ချိန် အထက်ဖော်ပြပါအခြေအနေ၊ အကျပ်အတည်းမှ ရုန်းထွက်ရန် သို့မဟုတ် ကျော်လွှားလွန်မြောက်နိုင်ရန် မစွမ်းဆောင်နိုင်ဖြစ်နေရခြင်းမှာ မည်သည့်အချက်များကြောင့် ဖြစ်ပါသလဲ။ ချဉ်းကပ်ခဲ့ကြသည့် လုပ်ငန်းစဉ်၊ လုပ်ထုံးလုပ်နည်းများ မှားယွင်းနေပါသလား။ သို့မဟုတ် မိမိတို့နိုင်ငံသားများ သို့မဟုတ် ခေါင်းဆောင်များ၏ အသိပညာ၊ အရည်အချင်း၊ တွေးခေါ်မြော်မြင်မှု၊ လုပ်ရည်ကိုင်ရည် စသည်တို့ နိမ့်ကျညံ့ဖျင်းနေသည့် အတွက်ကြောင့်လား။ စသည်ဖြင့် မေးခွန်းပေါင်းမြောက်မြားစွာ ရရှိစေပါသည်။ ဖော်ပြပါမေးခွန်းများကို စာရေးသူအဆင့်ဖြင့် အဖြေရရှိနိုင်ရန် မဖြစ်နိုင်သော်လည်း စာရေးသူ၏ အမြင်၊ ရှုထောင့်တစ်ရပ်ကို ဖော်ထုတ်တင်ပြရန် တိုင်းပြည် နိုင်ငံတော်အကျိုးအတွက် ကြိုးပမ်းအားထုတ်ခြင်းဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မိမိတို့တိုင်းပြည်နိုင်ငံ၏ သမိုင်းကြောင်းအခြေအနေအရ မလွှဲမသွေတွေ့ကြုံနေရသည့် ပြည်တွင်းစစ် အကျပ်အတည်းကို ရုန်းထွက်ပြီး ကျော်လွှားလွန်မြောက်နိုင်စေရန်အတွက် နိုင်ငံရေးနည်းလမ်းများကို အသုံးပြုလျက်ရှိကြရာတွင် ပါတီနိုင်ငံရေးနှင့် အမျိုးသားနိုင်ငံရေးကို အခြေခံကာ ရပ်တည်ချက်များ ကွဲပြားလျက်ရှိနေကြသည်ဟု စာရေးသူ၏စိတ်တွင် ခံစားမိပါသဖြင့် နိုင်ငံရေးပညာရှင်၊ နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေးသမား တစ်ဦးမဟုတ်သော်လည်း တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ကြရာတွင် ပါတီနိုင်ငံရေးကို အခြေခံသည်ဖြစ်စေ၊ အမျိုးသားနိုင်ငံရေးကို အခြေခံသည်ဖြစ်စေ တိုင်းပြည်နိုင်ငံတော်၏ အကျိုးကိုရှေးရှုမည်ဆိုပါက ရပ်တည်ချက် ကွဲပြားခြားနားမှုများ ဖြစ်ပေါ်လာရန် အကြောင်းမရှိဟု ထင်မြင်ခံစား မိပါသည်။

သို့သော်လည်း တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ကြရန် နိုင်ငံရေးနည်းလမ်းများကို အသုံးပြုခြင်း မဟုတ်ဘဲ အာဏာရရှိစေရန် တစ်ခုတည်းအတွက်သာ နိုင်ငံရေးနည်းလမ်းများကို အသုံးပြုနေကြသည်ဆိုပါလျှင်မူ ယနေ့ကြုံတွေ့နေရသည့် ပြည်တွင်းစစ် အကျပ်အတည်းမှာ ဖြစ်ရိုးဖြစ်စဉ် အကျိုးတရားတစ်ရပ်သာဖြစ်ပါသဖြင့် အဘယ်ကြောင့်ဖြစ်ပေါ်နေရသည်ဆိုသည့် အကြောင်းတရားကို စာရေးသူ လက်လှမ်းမီသမျှ ဘောင်ကျဉ်းကျဉ်းကလေးအတွင်းမှ လေ့လာတင်ပြခြင်းဖြစ်ပါသည်။

အထက်ဖော်ပြပါအချက်များကို လေ့လာတင်ပြနိုင်ရန်မှာ နိုင်ငံရေး (Institutions) ၏ အဓိပ္ပာယ်၊ ပါတီနိုင်ငံရေး (Party Politics) ၏ အဓိပ္ပာယ်နှင့် အမျိုးသားနိုင်ငံရေး (National Politics) တို့၏ အဓိပ္ပာယ်များကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်တင်ပြနိုင်ရန် အရေးကြီးလှပါသည်။ ဖော်ထုတ်ရရှိလာသည့် အဓိပ္ပာယ်များနှင့် ယနေ့မိမိတို့ တိုင်းပြည်နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ပကတိအခြေအနေများအပေါ်တွင် ခွဲခြမ်းစိတ်ဖြာလေ့လာပြီး နိုင်ငံရေးအရ ဖြစ်သင့်ဖြစ် ထိုက်သည်များနှင့် မဖြစ်သင့်မဖြစ်ထိုက်သည်များကို ဖော်ထုတ်ကာ သင်ခန်းစာများရယူခြင်း၊ ပြောင်းလဲသင့်သည်များကို သတ္တိရှိရှိ၊ ရဲဝံ့စွာပြောင်းလဲစေခြင်း၊ ဖြုတ်ပစ်၊ ဖြတ်ပစ်၊ ထုတ်ပစ်ရမည့် ကိစ္စရပ်များကို သံယောဇဉ်ဖြတ်ပြီး ပြတ်သားစွာ ပစ်ပယ်ခြင်းများကို ပြုလုပ်ခြင်းနှင့် အသစ်တည်ဆောက်ရမည့် ကိစ္စရပ်များအတွက် စနစ်ကျစွာ အားကြိုးမာန်တက် တည်ဆောက်ခြင်းများ ပြုလုပ်ရမည်ဖြစ်ပါသည်။

ဤနေရာတွင် စာဖတ်သူများအတွက် တင်ပြလိုသည်မှာ ပညာရေးလောကတွင် အဓိကအားဖြင့် သဘာဝသိပ္ပံပညာ (Natural Science) နှင့် လူမှုရေးသိပ္ပံပညာ (Social Science) အဖြစ် အခြေခံအားဖြင့် နယ်ပယ်ကြီးနှစ်ရပ် တည်ရှိနေပါသည်။ အချက်အလက် ပြည့်စုံစွာရရှိပါက သဘာဝသိပ္ပံပညာနှင့် လူမှုရေးသိပ္ပံပညာခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် သီးခြားရေးသားတင်ပြပါမည်။

နိုင်ငံရေးသိပ္ပံပညာ (Political Science) ဘာသာရပ်သည် လူမှုရေးသိပ္ပံပညာရပ် (Social Science) နယ်ပယ်တွင် အကျုံးဝင်ပါသည်။ လူမှုရေးသိပ္ပံပညာရပ်၏နယ်ပယ်အောက်တွင် တည်ရှိနေပါသော်လည်း သိပ္ပံပညာ (Science) ဆိုသည့် စကားလုံး၊ စကားရပ်အမည်ဖြင့် ရပ်တည်လျက်ရှိကြသည့် ဘာသာရပ်တို့သည် အခြေခံအားဖြင့် ကျယ်ပြန့်၊ ကြီးမား၊ မြင့်မားလေ့ရှိကြပြီး အကျဉ်းချုပ်ဖော်ပြရန် မဖြစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ် (Political Science) တွင် တည်ရှိနေသော အကြောင်းနှင့် အကျိုးများကို ယခုဆောင်းပါးအဆင့်ဖြင့် တင်ပြနိုင်ခြင်းမရှိပါ။

ပထမဦးစွာ နိုင်ငံရေး (Politics) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တင်ပြပါမည်။ နိုင်ငံရေးနှင့် ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ သဘောတူ သတ်မှတ်ထားရှိသည့် အဓိပ္ပာယ် (Universal Defination of Politics) မရှိပါ။ ထို့ကြောင့် နိုင်ငံရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အချိန်တိုင်း၊ နေရာတိုင်းအတွက် ရှုမြင်ပုံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုး၊ ချဉ်းကပ်ပုံအမျိုးမျိုးအပေါ်တွင် မူတည်ကာ အဓိပ္ပာယ်သတ်မှတ်ချက်မှာ ကွဲပြားခြားနားနေမည် ဖြစ်ပါသည်။ နိုင်ငံရေးအဓိပ္ပာယ် ဖွင့်ဆိုချက်အပေါ်တွင် မူတည်ကာ မည်သည့်ကိစ္စရပ်များသည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်သည် သို့မဟုတ် သက်ဆိုင်သည် (Political ဖြစ်သည်)။ မည်သည့်ကိစ္စရပ်များသည် နိုင်ငံရေးနှင့် မပတ်သက်ပါ သို့မဟုတ် သက်ဆိုင်ခြင်းမရှိပါ (Non-Political ဖြစ်သည်)။ စသည်ဖြင့် ကွဲပြားခြားနားနေမည် ဖြစ်ပါသည်။ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ တိုင်းပြည်နိုင်ငံတို့သည် နိုင်ငံရေး အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လက်ခံကျင့်သုံးမှုအပေါ်တွင် မူတည်ကာ စဉ်းစားဆောင်ရွက်မည့် အကြောင်းအရာ ကိစ္စရပ်သည် နိုင်ငံရေးဖြစ်သည် သို့မဟုတ် နိုင်ငံရေး မဖြစ်ဆိုသည်ကို ဆုံးဖြတ်ကြရပါသည်။ စာရေးသူအနေဖြင့် သင့်တော်ကောင်းမွန် ပြည့်စုံမည်ဟု ယူဆရသည့် ရည်ညွှန်းချက် စာစောင်ကလေးကို အသုံးပြုပြီး နိုင်ငံရေးကို အောက်ဖော်ပြပါ ရှုထောင့်လေးမျိုးဖြင့် ရှင်းလင်းတင်ပြပါမည်။ (Reference:1).

(၁) နိုင်ငံရေးဆိုသည်မှာ အစိုးရဖွဲ့စည်းတည်ဆောက်ခြင်း အတတ်ပညာဖြစ်ပါသည်။ (Politics as the art of government)

နိုင်ငံရေး (Politics) ဆိုသည့် စကားလုံး၊ စကားရပ်သည် ဂရိစကားလုံး (Polis) မှ ဆင်းသက်လာခြင်းဖြစ်ပြီး မြို့ပြနိုင်ငံတော် (City-State) နှင့် ပတ်သက်သည့် ကိစ္စရပ်များဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ ယနေ့အချိန်အခါတွင် မြို့ပြနိုင်ငံတော် (City-State) အဆင့်အနေဖြင့် မတည်ရှိနိုင်တော့သည့်အတွက် နိုင်ငံရေးဆိုသည်မှာ နိုင်ငံတော်၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို လေ့လာခြင်းအဖြစ် အဓိပ္ပာယ်သတ်မှတ်နိုင်သကဲ့သို့ အစိုးရကို လေ့လာခြင်း အဖြစ်လည်း အဓိပ္ပာယ် သတ်မှတ်နိုင်ပါသည်။ ယခုအဓိပ္ပာယ်သတ်မှတ်ချက်အရ နိုင်ငံရေးဆိုသည်မှာ အစိုးရဌာနများ၊ ဝန်ကြီးအဖွဲ့ရုံးများနှင့် ဥပဒေရုံးများတွင်သာ တည်ရှိနေပြီး နိုင်ငံရေးသမားများ၊ အစိုးရဝန်ထမ်းများနှင့် မဲဆွယ်ပေးသူများနှင့်သာ သက်ဆိုင်နေပြီး (Political ဖြစ်နေပြီး) အခြားသော Institutions များသည် နိုင်ငံရေးနှင့် သက်ဆိုင်ခြင်းမရှိ (Non-Political) ဖြစ်နေပါမည်။

ထို့ထက်ပိုမိုပြီး အဓိပ္ပာယ်ကို ထပ်မံအသေးစိတ်ရမည်ဆိုပါလျှင် နိုင်ငံရေးသည် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများ၏ လှုပ်ရှားဆောင်ရွက်မှုများဖြင့်သာ နီးကပ်စွာ ဆက်စပ်လျက်ရှိနေပါသည်။ ယခုအဓိပ္ပာယ်ဖွင့်ဆိုချက်အရဆိုပါလျှင် နိုင်ငံရေးဆိုသည်မှာ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများသာ သက်ဆိုင်ပြီး (Political ဖြစ်နေပြီး) အစိုးရဝန်ထမ်းများသည် နိုင်ငံရေးနှင့် သက်ဆိုင်ခြင်းမရှိပါ (Non-Political ဖြစ်ပါသည်)။

(၂) နိုင်ငံရေးဆိုသည်မှာ ပြည်သူ့ရေးရာ ကိစ္စရပ်များဖြစ်ပါသည်။ (Politics as public affairs)

လူတို့သည် အလုပ်လုပ်သည့်နေရာတွင် မိမိအထက်အရာရှိနှင့် ဆက်ဆံရာတွင်သော်လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရာတွင်သော်လည်းကောင်း၊ အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ရာတွင်သော် လည်းကောင်း၊ အခြားအမျိုးမျိုးသောကိစ္စရပ်များကို ဆောင်ရွက်ရာတွင်သော်လည်းကောင်း နိုင်ငံရေးအခြေအနေကိုကြည့်ပြီး ပြုမူဆောင်ရွက်ကြရသည်ဟု ပြောလေ့ရှိကြပါသည်။ ဤနေရာတွင် အများပြည်သူ အခန်းကဏ္ဍ (The Public Sector) နှင့် ပုဂ္ဂလိက အခန်းကဏ္ဍ (The Private Sector) ဟူ၍ နှစ်ပိုင်းရှိပြီး ယခုအဓိပ္ပာယ်သတ်မှတ်ချက်အရဆိုပါလျှင် အများပြည်သူ အခန်းကဏ္ဍသည် နိုင်ငံရေးနှင့် သက်ဆိုင်ပြီး (Political ဖြစ်ပြီး) ပုဂ္ဂလိကအခန်းကဏ္ဍသည် နိုင်ငံရေးနှင့် သက်ဆိုင်ခြင်းမရှိ (Non-Political ဖြစ်သည်) ဟု သတ်မှတ်နိုင်ပါသည်။

(၃) နိုင်ငံရေးဆိုသည်မှာ သဘောထားကွဲလွဲမှု၊ အငြင်းပွားမှု၊ ၀ိရောဓိ၊ ပဋိပက္ခများကို ဖြေရှင်းခြင်းအား လေ့လာခြင်းဖြစ်ပါသည်။ (Politics as the study of conflict resolution)

နိုင်ငံရေးသိပ္ပံပညာရှင်အချို့က ၀ိရောဓိများ၊ ပဋိပက္ခများသည် နိုင်ငံရေး၏ အနှစ်သာရများဖြစ်သည်ဟု ရှုမြင်လေ့ရှိကြပါသည်။ ၀ိရောဓိများ၊ ပဋိပက္ခများသည် လူ့အဖွဲ့အစည်းတွင် မဖြစ်မနေကြုံတွေ့ရမည့်  သွင်ပြင်လက္ခဏာရပ် ဖြစ်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးသည် နောက်ခံယဉ်ကျေးမှုအခြေအနေ၊ ကြိုက်နှစ်သက်မှု၊ သဘောထားများ အပေါ်မူတည်ကာ သဘာဝအားဖြင့် ကွဲပြားခြားလျက်ရှိနေပါသည်။ လူတို့၏ လိုအင်ဆန္ဒသည် အတိုင်းအဆမရှိ ဖြစ်ပေါ်လျက် တည်ရှိနေပြီး ရရှိပိုင်ဆိုင်နိုင်မည့် အရင်းအမြစ်မှာ အကန့်အသတ်ဖြင့်သာ တည်ရှိနေပါသဖြင့် လူတိုင်း၏လိုအင်ဆန္ဒကို ပြည့်ဝစေရေး ဖြည့်ဆည်းပေးနိုင်ရန်မှာ မဖြစ်နိုင်သည့် အခြေအနေဖြစ်သဖြင့် ၀ိရောဓိများ၊ ပဋိပက္ခများသည် မလွဲမရှောင်သာ ဖြစ်ပေါ်နေပါမည်။ ၀ိရောဓိများနှင့် ပဋိပက္ခများသည် လူတစ်ဦးချင်းအကြားသာမက အဖွဲ့အစည်းများအကြား၊ နိုင်ငံများအကြားနှင့် ၎င်းတို့ (လူ၊ အဖွဲ့အစည်းနှင့် နိုင်ငံ) အချင်းချင်းများ အကြားတွင်လည်း တည်ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့်နိုင်ငံရေး ဆိုသည်မှာ လူတစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ငြိမ်းချမ်းစွာ နေထိုင်နိုင်စေရေးအတွက် အင်အားအသုံးပြု ဖြေရှင်းခြင်းမပြုဘဲ စေ့စပ်ဆွေးနွေးခြင်း၊ ရင်ကြားစေ့ခြင်း၊ အပေးအယူလုပ်ခြင်း (ညှိနှိုင်းခြင်း) တို့ ပြုလုပ်ခြင်းအားဖြင့် ၀ိရောဓိများ၊ ပဋိပက္ခများ ပပျောက်စေရန် ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။ နောက်ဆုံးအနေဖြင့်တင်ပြရပါလျှင် နိုင်ငံရေးဆိုသည်မှာ ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းပင်ဖြစ်ပါသည်။

(၄) နိုင်ငံရေးဆိုသည်မှာ အာဏာကို လေ့လာခြင်းဖြစ်ပါသည်။ (Politics as the study of power)

ဖော်ပြပါ အဓိပ္ပာယ် သတ်မှတ်ချက်အရ ဆိုပါလျှင် နိုင်ငံရေးဆိုသည်မှာ လူ့အဖွဲ့အစည်းတိုင်း၊ လူ့အဆင့်အတန်းအားလုံး၊ လူသားအားလုံးနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် နိုင်ငံရေးဆိုသည်မှာ လူသားအဖြစ် ရှင်သန်ရပ်တည်နိုင်စေရေးဆောင်ရွက်သည့် ကိစ္စရပ်မှန်သမျှအားလုံးကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ဤနေရာတွင် အာဏာ၏အနက်အဓိပ္ပာယ်ကို တိုက်ရိုက်ဖော်ပြပြီး ရှင်းလင်းတင်ပြပါမည်။

“Power is the ability to make other people do whatever you want either by threat, sanctions or through manipulation.”

ဖော်ပြထားချက်အရ “အာဏာဆိုသည်မှာ ကျွမ်းကျင်စွာ လွှမ်းမိုးထိန်းချုပ်ကိုင်တွယ်ခြင်း သို့မဟုတ် ပိတ်ဆို့အရေးယူခြင်း၊ ခြိမ်းခြောက်ခြင်း စသည့်နည်းလမ်းများကို အသုံးပြုကာ အခြားသူများအား မိမိအလိုရှိသလို လိုက်ပါဆောင်ရွက်ရန် ပြုလုပ်နိုင်သည့် စွမ်းရည်ဖြစ်ပါသည်။ “နိုင်ငံရေး ဆိုသည်မှာလည်း အာဏာ၏အနှစ်သာရဖြစ်ပါသည်။ မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ မိမိအလိုရှိသည့်ရလဒ် ထွက်ပေါ်လာစေရန် ဆောင်ရွက်နိုင်သည့် စွမ်းရည်ပင်ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံရေးဆိုသည်မှာ လူအုပ်စုများ၏ စရိုက်လက္ခဏာရပ်များ ဖြစ်ပါသည်။ နိုင်ငံရေးသည် တိုင်းပြည်နိုင်ငံတော်၏ Institutions များ အတွင်းမှာလည်း တည်ရှိနေရာယူထားသကဲ့သို့ ပုဂ္ဂလိက နယ်ပယ်အခန်းကဏ္ဍတွင်လည်း နေရာယူလျက်ရှိနေပါသည်။ လူတိုင်းသည် တစ်နည်းမဟုတ် တစ်နည်း နိုင်ငံရေးနှင့် ပါဝင်ပတ်သက်လျက် ရှိနေပါသည်။ Adrian Leftwich (၁၉၈၄) ၏ အဆိုအရ “ကျွန်ုပ်တို့အနေဖြင့် နိုင်ငံရေးကို ပါဝင်ဆောင်ရွက်သည်ဖြစ်စေ၊ မပါဝင်ဘဲ နေထိုင်သည်ဖြစ်စေ နိုင်ငံရေးကတော့ ကျွန်ုပ်တို့၏ ရှင်သန်နေထိုင်မှု အပေါ်တွင် လွှမ်းမိုးလျက် ရှိနေပါလိမ့်မည်” ဟု နိုင်ငံရေး၏ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပါသည်။ ထို့ပြင် နိုင်ငံရေးဆိုသည်မှာ အဖွဲ့အစည်းများအတွင်း၊ Institutions များအတွင်းနှင့် လူမှုအဖွဲ့အစည်းများအတွင်း လူသားအားလုံးတို့အတွက် လူမှုရေးဆောင်ရွက်ချက် အားလုံးတို့၏ အရေးအကြီးဆုံးနေရာတွင် တည်ရှိနေပါသည်။လူမှုရေး ဆောင်ရွက်ချက်များသည် တရားဝင်သည်ဖြစ်စေ၊ တရားမဝင်သည် ဖြစ်စေ၊ အများပြည်သူဆိုင်ရာ ကိစ္စရပ်ဖြစ်စေ၊ ပုဂ္ဂလိကကိစ္စရပ်ဖြစ်စေ အားလုံးတို့သည် နိုင်ငံရေးတွင် အကျုံးဝင်လျက် တည်ရှိနေပါသည်။

ယခု ပါတီနိုင်ငံရေး (Party Politics) နှင့် အမျိုးသားနိုင်ငံရေး (National Politics) ကို မိမိတို့ တိုင်းပြည်နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ပကတိအခြေအနေများဖြင့် နှိုင်းယှဉ်တင်ပြနိုင်ရန်အတွက် မိမိတို့လူ့အဖွဲ့အစည်းက လက်ခံကျင့်သုံးလျက်ရှိသည့် ထူးခြားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် သဘောသဘာဝအချို့ကို စာရေးသူတစ်ဦးတည်း၏ အမြင်ဖြင့် ထုတ်နုတ်တင်ပြပါမည်။

မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများအရ ပြည်သူပြည်သား လူအများစုသည် ဒွိစုံစနစ် သို့မဟုတ် နှစ်မျိုးအစုံစနစ် (Binary System) ကိုသာ အခြေခံကာ စိတ်ခံစားမှုအပြည့်ဖြင့် ဆုံးဖြတ်ချက် ချမှတ်လေ့ရှိပြီး အလွယ်တကူ လက်ခံကျင့်သုံးလေ့ရှိကြပါသည်။ ဥပမာအားဖြင့် ဘုရားလောင်းဆိုလျှင် ကောင်းတယ်။ ဒေဝဒတ်ဆိုလျှင် မကောင်းဘူး (အကြောင်းအရာ ရင်းမြစ်ကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားလေ့မရှိပါ။)။ မှန်တဲ့သူနှင့် မှားတဲ့သူ (ကြားနေမရှိရ)။ ဓမ္မသမားနှင့် အဓမ္မသမား (ကြားနေမရှိရ)။ အဖြူမဟုတ်လျှင် အမည်း (ကျန်သည့်အရောင်မစဉ်းစားရ) စသည်တို့ ဖြစ်ကြပါသည်။ အဓိကအကြောင်းရင်းမှာ ရိုးသားသည့် စိတ်အရင်းခံနှင့် ပျော်ပျော်နေတတ်ပြီး ရှုပ်ထွေးမှုများကို စဉ်းစားလိုစိတ်မရှိခြင်းနှင့် အလွယ်တကူသိမြင်နားလည်နိုင်သည်များကိုသာ လက်ခံကျင့်သုံးလိုစိတ်ရှိခြင်းပင် ဖြစ်ပါသည်။

အထက်ဖော်ပြပါ အားနည်းချက်များကို အသုံးပြုကာ အချို့သော နိုင်ငံရေးသမားကြီးများနှင့် အုပ်ချုပ်သူများက အရင်းရှင်ဆိုလျှင် မကောင်းဘူး။ အလုပ်လုပ်တဲ့သူတွေ အလုပ်သမား၊ လယ်သမားဆိုလျှင်ကောင်းတယ်။ ပါတီနိုင်ငံရေးဆိုလျှင် မကောင်းဘူး၊ အမျိုးသားနိုင်ငံရေးဆိုလျှင် ကောင်းတယ်။ ခေါင်းဆောင်ကြီးများပြောသမျှ အကုန်မှန်တယ်။ ကျန်တဲ့သူပြောလျှင်မမှန်ဘူး စသည်ဖြင့် အလွယ်တကူခွဲခြား ပြောဆိုပြီး သိမ်းသွင်းနိုင်ခဲ့ကြပါသည်။ အကျိုးရလဒ်အဖြစ် ပြည်သူပြည်သား လူအများ၏ စိတ်တွင် နိုင်ငံရေးဆိုသည်မှာ အာဏာရရှိရန်အတွက် ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်သည်ဟု အဓိပ္ပာယ်ဖော်ပြချက် နံပါတ် (၄) ကို အခြေခံသည့် ကျဉ်းမြောင်းသော သိမြင်၊ နားလည်သည့် အခြေအနေသို့ရောက်ရှိသွားစေကာ ယနေ့အချိန်အထိ နိုင်ငံရေးသမားကြီးများကလည်း နိုင်ငံရေးဆိုသည်မှာ မိမိနှင့် မိမိအဖွဲ့အစည်း အာဏာရရှိစေရန် ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ယုံကြည်လျက် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းများကို လွဲမှားစွာကျင့်သုံး လျှောက်လှမ်းလျက်ရှိနေပါသည်။

နိုင်ငံရေး၏ အဓိပ္ပာယ်နှင့် သဘောတရားများကို ပြည်သူပြည်သားများအား အလွယ်တကူသိမြင်၊ နားလည် သဘောပေါက်စေရေးအတွက် စနစ်တကျ ခွဲခြမ်းစိတ်ဖြာ ရှင်းလင်းတင်ပြခြင်း မပြုခဲ့ကြသည့်အတွက် ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် ပြည်သူပြည်သားများ အပေါ်တွင် ယနေ့ကျရောက်လျက်ရှိသော ဆိုးရွားသည့်အခြေအနေကို ကိုယ်တိုင်တွေ့မြင်နိုင်ပါသည်။ နိုင်ငံရေး၏ အဓိပ္ပာယ်နှင့် သဘောတရားများကို ပြောင်းလဲကျင့်သုံးရာတွင်လည်း ရုတ်တရက်၊ ချက်ချင်း ပြောင်းလဲကျင့်သုံးခဲ့ကြသဖြင့် အကျိုးသက်ရောက်မှု အခြေအနေကို ဥပမာဖြင့်ရှင်းလင်း တင်ပြပါမည်။

ဥပမာအားဖြင့် ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အချိန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ကျင့်သုံးအကောင်အထည်ဖော်သည့်ကာလတွင် အစိုးရဝန်ကြီးဌာနများရှိ ဝန်ထမ်းအားလုံးသည် နိုင်ငံရေးပါတီဝင်များဖြစ်ရမည်ဟု သတ်မှတ်ထားရှိပြီး ဝန်ထမ်းအသစ်များ ခန့်ထားရာတွင်လည်း နိုင်ငံရေးပါတီဝင်ဖြစ်ပြီးသူများကိုသာ ဦးစားပေးခန့်ထားလေ့ရှိပါသည်။ ယနေ့အချိန် အခါတွင်မူ ဝန်ကြီးဌာနများရှိ ဝန်ထမ်းအားလုံးတို့သည် နိုင်ငံရေးပါတီများနှင့် ပါဝင်ပတ်သက်ခြင်းမပြုရ၊ နိုင်ငံရေးပါတီများနှင့် ကင်းရှင်းအောင်နေကြရမည်ဟု တင်းကျပ်စွာ တားမြစ်ထားပါသည်။ အချို့သော ဝန်ထမ်းအကြီးအကဲများမှာ ပါတီကိုမဖြစ်မနေဝင်ခိုင်းတုန်းကလည်းသူ၊ ပါတီများနှင့်ပတ်သက်ခြင်းမရှိရဟု တားမြစ်နေရသည်မှာလည်း သူဖြစ်နေတတ်ပါသည်။ စာဖတ်သူများအနေဖြင့် ဝန်ထမ်းအကြီးအကဲ၏ ပြောစကားနှင့် ဂုဏ်သိက္ခာကို မှန်းဆကြည့်နိုင်ပါသည်။

ဒုတိယအနေဖြင့် ပါတီနိုင်ငံရေး (Party Politics) ၏ သဘောသဘာဝကို မိမိတို့ တိုင်းပြည်နိုင်ငံတွင် တည်ရှိနေသည့် အခြေအနေကို မူတည်ကာ တင်ပြပါမည်။ မိမိတို့ တိုင်းပြည်နိုင်ငံတွင် တည်ရှိနေသည့် နိုင်ငံရေးပါတီများအကြောင်းကို လေ့လာတင်ပြထားသည့် စာစောင်များနှင့် လက်လှမ်းမီရရှိနိုင်သည့် သတင်းအချက်အလက်များ အပေါ်တွင်အခြေခံကာ အကျဉ်းချုပ်တင်ပြပါမည်။ ယနေ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ Website တွင် ဖော်ပြထားချက်အရ တည်ဆဲနိုင်ငံရေးပါတီ ၉၃ ပါတီ ရှိနေပါသည်။

စာစောင်များတွင်ဖော်ပြထားချက်အရ ထူးခြားသည့်အခြေအနေတစ်ရပ်မှာ မိမိတို့တိုင်းပြည်နိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိသည့် ပါတီနိုင်ငံရေး (Party Politics) ကို တိုင်းရင်းသား လူမျိုးစုနိုင်ငံရေး (Ethnic Politics) အဖြစ်အသုံးပြုကြခြင်းပင် ဖြစ်ပါသည်။ နိုင်ငံရေးပါတီ အမျိုးအစားများကို ခွဲခြားဖော်ပြရာတွင်လည်း အများအားဖြင့် နိုင်ငံရေးအတွေးအခေါ်များ သို့မဟုတ် ပါတီ၏နိုင်ငံရေးရပ်တည်ချက်များအပေါ်တွင် အခြေခံခြင်းထက် တိုင်းရင်းသားလူမျိုးများ၊ လူမျိုးစုများ (Ethnicities) များအပေါ်တွင် အခြေခံထားသည်ကို တွေ့ရှိရပါသည်။

နိုင်ငံရေးပါတီများ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တင်ပြထားသည်မှာ “For almost all parties the focus is first on attaining power and then dealing with the development policies later; political goals tend to be expressed in generic term, such as ‘development’, ‘democracy’, ‘unity’, ‘rule of law’, or ‘federalism’.” (Reference: 2, pp-7)

ဖော်ပြချက်အရ “နိုင်ငံရေးပါတီအားလုံးတို့၏ ပထမဦးစားပေးရည်မှန်းချက်မှာ အာဏာရရှိရန်ပင်ဖြစ်ပါသည်။ အာဏာရရှိပြီးချိန်နောက်မှသာ မူဝါဒများကိုချမှတ်မည်ဖြစ်ပြီး နိုင်ငံရေးရည်မှန်းချက်များသည်လည်း ယေဘုယျစကားလုံးများဖြစ်ကြသည့် ‘ဖွံ့ဖြိုးမှု’ ၊ ‘ဒီမိုကရေစီ’ ၊ ‘စည်းလုံးညီညွတ်မှု’ ၊ ‘တရားဥပဒေစိုးမိုးရေး’ ၊ သို့မဟုတ် ‘ပြည်ထောင်စုစနစ်’ စသည်တို့အား ဖော်ပြထားလေ့ ရှိကြပါသည်။

အထက်ဖော်ပြပါ အချက်များအရ မိမိတို့တိုင်းပြည်နိုင်ငံတွင် တည်ရှိနေကြသည့် နိုင်ငံရေးပါတီများ၏ ပတ်ဝန်းကျင် အခြေအနေမှာ တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရာတွင် အဓိကလိုအပ်ချက်ဖြစ်သည့် အမျိုးသားအကျိုးစီးပွား (National Interest) ကို သတ်မှတ်ပြဋ္ဌာန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာ လွန်စွာဝေးကွာလျက်ရှိနေပါသည်။ အကျိုးဆက်အဖြစ် တပ်မတော် Institutions က အဆိုပြု အသုံးပြုလျက်ရှိသည့် အမျိုးသားနိုင်ငံရေး (National Politics) ဆိုသော နိုင်ငံရေးသဘောတရားအသစ်ကို ပေါက်ပွားလာစေခဲ့ပါသည်။

တတိယအနေဖြင့် မိမိတို့တိုင်းပြည်နိုင်ငံတွင် အမျိုးသားနိုင်ငံရေး (National Politics) ပေါက်ပွားလာခြင်းကို တင်ပြပါမည်။ ဤနေရာတွင် National ဆိုသော အင်္ဂလိပ်စကားလုံး၊ စကားရပ်၏ နယ်ပယ်အကျယ်အဝန်းသည် အရေးကြီးလာပါသည်။ မြန်မာဘာသာသို့ ပြန်ဆိုကြရာတွင်လည်း အသုံးပြုခဲ့ကြသည့် ဝေါဟာရများသည် စာရင်းအင်းပညာ ရှုထောင့်အရ လေ့လာပါက အငြင်းပွားဖွယ်ရာများ ဖြစ်ခဲ့ကြပါသည်။ တိုက်ရိုက်အဓိပ္ပာယ်မှာ တစ်တိုင်းပြည်လုံး၊ တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် သဘောတရားဖြစ်ပါသည်။ ယခင်အချိန်ကာလများက “တိုင်းပြည်” အဖြစ် ဘာသာပြန်ဆိုခဲ့ကြပါသည်။ ဥပမာအားဖြင့် (National Income) ကို “တိုင်းပြည်ဝင်ငွေ” ဟု တစ်ညီတစ်ညွတ်တည်း သဘောတူ အငြင်းပွားဖွယ်ရာမရှိ ဘာသာပြန်ဆိုခဲ့ကြပါသည်။

သို့သော်လည်း တစ်တိုင်းပြည်လုံး၊ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို “အမျိုးသား” အဖြစ် ဘာသာပြန်ဆိုခဲ့ကြသည်ကို စာရေးသူတွေ့ရှိခဲ့ရသည်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ကျင့်သုံးခဲ့သည့် အချိန်ကာလကတည်းကပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် အမျိုးသားစီးပွားရေး၊ အမျိုးသားအကျိုးစီးပွား စသည်တို့ ဖြစ်ကြပါသည်။ ယခုဆောင်းပါးတွင် အထက်ဖော်ပြပါ စကားလုံး၊ အသုံးအနှုန်းများဖြင့် ကိုက်ညီမှုရှိစေရန်နှင့် အသုံးပြုဆဲဖြစ်နေသည့်အတွက် (National Politics) ကို “အမျိုးသားနိုင်ငံရေး” ဟု အသုံးပြုပါမည်။ အချို့သော ဆရာကြီးများက “အမျိုးသားအရေး” သို့မဟုတ် “အမျိုးသားရေး” ဟု အသုံးပြုထားသည်ကို အောက်တွင် တွေ့ရှိနိုင်ပါသည်။

“အမျိုးသားရေးဆိုသည်မှာ တစ်မျိုးသားလုံး၏ ဦးတည်ရည်မှန်းချက်ပင် ဖြစ်သည်။ ပါတီနိုင်ငံရေးဆိုသည်မှာ ယှဉ်ပြိုင်ဘက်အများအပေါ်တွင် အနိုင်ယူပြီး ကိုယ့်ပါတီအာဏာရရှိရေးပင် ဖြစ်သည်။” (Reference: 3, pp-5).

တပ်မတော် Institutions အနေဖြင့် ၎င်း၏ပင်မတာဝန်နှင့် အခြေခံသဘောတရားများအရ အမျိုးသားအကျိုးစီးပွားအားလုံးကို တစ်ပြိုင်နက်တည်း အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အကန့်အသတ်များစွာ ရှိနေပါသည်။ တပ်မတော် Institutions တို့၏ အခြေခံသဘောတရားမှာ ရှင်းလင်းပြတ်သားလှပါသည်။ ရန်သူနှင့် မိတ်ဆွေခွဲခြားရမည်။ ရန်သူမှန်လျှင် အမြစ်ပြတ်စေရန် ချေမှုန်းရမည်။ ထို့နောက် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရမည်ဟူ၍ ဖြစ်ပါသည်။ ရန်သူအဖြစ်သတ်မှတ်ပြီး ချေမှုန်းနေရသည်နှင့် တစ်ပြိုင်နက် အမျိုးသားအကျိုးစီးပွားအားလုံးအတွက် အပြည့်အဝအကောင်အထည်ဖော်နိုင်ရန် မဖြစ်နိုင်တော့ပါ။ နိုင်ငံရေး Institutions တို့၏ သဘောသဘာဝမှာ တပ်မတော် Institutions များကဲ့သို့ ရိုးသားရှင်းလင်းသည့် အခြေအနေ မဟုတ်ပါ။ (Lord Palmerston) ဖော်ပြသကဲ့သို့ပင် ထာဝရရန်သူမရှိ၊ ထာဝရမိတ်ဆွေမရှိ၊ အမျိုးသား အကျိုးစီးပွားသာလျှင် ထာဝရဖြစ်ပါသည်။ အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းလာစေရေး ဆောင်ရွက်ရန်မှာ ကျွန်ုပ်တို့၏တာဝန် ဖြစ်သည်ဆိုသည့် သဘောတရား ဖြစ်ပါသည်။

အထက်ဖော်ပြပါ အချက်အလက်များအရ မိမိတို့တိုင်းပြည်နိုင်ငံ၏ အဓိကစိန်ခေါ်မှုများကို စာရေးသူတစ်ဦးတည်း၏ အမြင်သက်သက်ဖြင့် တင်ပြရမည်ဆိုပါက နိုင်ငံရေးပါတီများအနေဖြင့် ခိုင်မာအားကောင်းသန်မာသည့် နိုင်ငံရေး Institutions များ ဖြစ်ပေါ်လာစေရန် တည်ဆောက်ခြင်းကို ဦးစားပေးခြင်းမရှိဘဲ အာဏာရရှိရေး၊ ရာထူးနေရာရရှိရေး သက်သက်ကိုသာ ဦးစားပေးဆောင်ရွက်လျက် ရှိနေသည့်အတွက် အမျိုးသားအကျိုးစီးပွားကိုချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်မှာ အလှမ်းကွာဟလျက် ရှိနေပါသည်။ ထို့အတူ တပ်မတော်အနေဖြင့် ခိုင်မာအားကောင်းသည့် Institutions အဖြစ် ရပ်တည်နိုင်ခဲ့သည်မှာ မှန်ကန်ပါသော်လည်း ကျယ်ပြန့်ကြီးမားသည့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေရသဖြင့် မိမိ၏ပင်မတာဝန်ဖြစ်သည့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို အပြည့်အဝ ဆောင်ရွက်နိုင်ရန် စိန်ခေါ်မှုများဖြစ်ပေါ်လျက် ရှိနေပါသည်။

အထူးသဖြင့် တစ်ပြည်လုံး၊ တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် နိုင်ငံတော်လုံခြုံရေး (Physical Security) ကို အပြည့်အဝ တည်ဆောက်နိုင်ခြင်း မရှိသေးသည်မှာ မိမိတို့တိုင်းပြည်နိုင်ငံရှိ ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းများက သက်သေပြလျက်ရှိနေပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြရပါလျှင် နိုင်ငံရေးပါတီများအနေဖြင့် ခိုင်မာအားကောင်းသန်မာသည့် နိုင်ငံရေး Institutions များ တည်ရှိဖြစ်ပေါ်လာစေရန် ဆောင်ရွက်နိုင်စေပြီး တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ကြရာတွင် အမျိုးသားအကျိုးစီးပွားများကို မိမိတို့တိုင်းပြည်နိုင်ငံအတွင်းရှိ Institutions အားလုံးတို့၏ သဘောတူညီချက်ကိုရယူကာ နိုင်ငံရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို နိုင်ငံရေး Institutions များကသာ အပြည့်အဝ တာဝန်ယူဆောင်ရွက်စေပြီး နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များအတွက်မူ တပ်မတော်၏အင်အားကို အဓိကထားရှိကာ ပြည်သူပြည်သားများအားလုံး အတူတကွ ပူးပေါင်းပါဝင်လျက် တပ်မတော်ခေါင်းဆောင်ကြီးများနှင့် နိုင်ငံရေးခေါင်းဆောင်ကြီးများ အတူတကွ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference :

1. Modebadze, Valeri (2010), The Term Politics Reconsidered in the Light of Recent Theoretical Development, IBSU Scientific Journal (IBSUSJ), ISSN 1512-3731, International Black Sea University, Tbilisi, Vol. 4, Iss.1, pp. 39-44.

2. Sussane Kampel, Chan Myawe Aung Sun and Aung Tun (2015), “Myanmar Political Parties at a Time of Transition: Political Party Dynamics at the National and Local Level”, April 2015, the Pyoe Pin Programme.

3. မြဝင်း (၁၉၉၂)၊ “တပ်မတော်၏ အမျိုးသားနိုင်ငံရေး အစဉ်အလာ” ၊ သတင်းနှင် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန။