ရာစုသုံးခု၌ စူပါပါဝါသုံးနိုင်ငံ ‘တပ်လန်’ ခဲ့သော အာဖဂန်နစ္စတန်

ရာစုသုံးခု၌ စူပါပါဝါသုံးနိုင်ငံ ‘တပ်လန်’ ခဲ့သော အာဖဂန်နစ္စတန်
၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က ရိုက်ကူးထားသော ဓာတ်ပုံတွင် ကဘူးမြို့အနောက်ပိုင်း၌ အမေရိကန်စစ်သားများ ကင်းလှည့်နေသည်ကို တွေ့ရစဉ် (Photo:AP)
၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က ရိုက်ကူးထားသော ဓာတ်ပုံတွင် ကဘူးမြို့အနောက်ပိုင်း၌ အမေရိကန်စစ်သားများ ကင်းလှည့်နေသည်ကို တွေ့ရစဉ် (Photo:AP)
Published 22 August 2021
မိုးဧအောင်

“ဆောင်းဦးပေါက်ရာသီသည်  ကဘူးလ်တွင် အလှဆုံးရာသီဟု ပြောကြသည်။ နွေဦးပေါက် ရာသီလောက် မလှသည့်တိုင် ကဘူးလ်တွင်မူ အသာယာဆုံးရာသီဟု ပြောကြသည်။

ပေါ်ပလာပင်များ၊ သစ်သီးပင်များ၊ စပျစ်ပင်များ၊ သစ်ချပင်များနှင့် မိုးမခပင်များတွင် ရော်ရွက်တို့ဝေစပြုပြီ။ သစ်ရွက်ရော်နီတို့သည် နီလာတစ်ဝက်၊ သိင်္ဂီတစ်ဝက်၊ နီတစ်ဝက်၊ မောင်းတစ်ဝက်ဖြင့်။

တောင်နံရံများပေါ်တွင် နှင်းပွင့်တန်းကြီးများက အောက်သို့ ရွေ့ဆင်းလျက်။ ထောင်ပေါင်းများစွာသော ငှက်အုပ်ကြီးများသည် တောင်ဘက်ဆီသို့ ပျံသန်းနေကြသည်။

ကဘူးလ်စျေးထဲက စျေးဆိုင်များတွင် ပန်းသီး၊ သစ်တော်သီး၊ စပျစ်သီး၊ သစ်ကြားသီး၊ ငရုတ်သီးစိမ်းတို့ လှိုင်လှိုင်ပေါစပြုလေပြီ။တောင်ရိုးနိမ့်နိမ့်များနှင့် ကိုင်းတောကြီးများထဲတွင် စနိုက်တွေ၊ ငုံးတွေ၊ ခါတွေပေါဘိခြင်း။ ရာသီဥတုက တဖြည်းဖြည်း အေးလာသည်နှင့် သွေးဆူနေသောလူများ၏ စိတ်ဓာတ်သည်လည်း အေးစပြုလာတတ်သည်။

[THE FAR PAVILIONS By M.M.Kaye] - မြသန်းတင့်ပြန်ဆိုခဲ့သည့် “ရွှေပြည်တော် မျှော်တိုင်းဝေး” မှ။

အာဖဂန်နစ္စတန်

အာဖဂန်နစ္စတန်သည် ဗဟိုနှင့် တောင်အာရှဒေသကို ဖြတ်သန်းသည့် လမ်းကြောင်းပေါ်ရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်၏။ တောင်ကုန်းတောင်တန်းတို့ ထူထပ်၏။တရားဝင်အခေါ်အဝေါ်အရ အာဖဂန်နစ္စတန် အစ္စလာမ္မစ်သမ္မတနိုင်ငံ။ အိမ်နီးချင်းနိုင်ငံများမှာ အရှေ့ဘက်နှင့် တောင်ဘက်တွင် ပါကစ္စတန်၊ အနောက်ဘက်တွင် အီရန်၊ မြောက်ဘက်တွင် တာ့က်မန်နစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် တာဂျစ်ကစ္စတန်၊ နိုင်ငံ၏အရှေ့မြောက်၌ တရုတ်တို့တည်ရှိကြသည်။ ကမ္ဘာပေါ်တွင် အကျယ်အဝန်း အဆင့်အရ နံပါတ် ၄၀ မြောက်နိုင်ငံဖြစ်ပြီး ဧရိယာစတုရန်း မိုင်ပေါင်း ၂၅၂ယဝရ၂ (၆၅၂ç၈၆၄ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသည်။

တိုင်းပြည်လူဦးရေမှာ ၂၀၂၀ ပြည့်နှစ် (ခန့်မှန်း) စာရင်းအရ ၃၂.၈၉ သန်းရှိသည်။တိုင်းရင်းသား မျိုးနွယ်စုအလိုက် ပက်ရှ်တန် (ပထန်) ၄၂ ရာခိုင်နှုန်း၊ တာဂျစ်၂၇ ရာခိုင်နှုန်း၊ ဟာဇရာ ကိုးရာခိုင်နှုန်း၊ ဥဇဘက် ကိုးရာခိုင်နှုန်း၊ အိုင်မက် လေးရာခိုင်နှုန်း၊ တာ့က်မန် သုံးရာခိုင်နှုန်း၊ ဘယ်လိုခ်နှစ်ရာခိုင်နှုန်းနှင့် အခြားမျိုးစုများ လေးရာခိုင်နှုန်းရှိသည်။

တရားဝင်ဘာသာစကား အဖြစ်ပက်ရှ်တိုနှင့်ဒါရီ (ပါရှန်) ဘာသာစကားနှစ်မျိုး သတ်မှတ်ထားသည်။ နိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်းက ပက်ရှ်တိုစကားပြောကြားပြီး ၅၀ ရာခိုင်နှုန်းက ဒါရီစကား သုံးစွဲသည်။ အစိုးရကိစ္စနှင့် စီးပွားရေးလုပ်ငန်းသုံးအဖြစ် ဒါရီဘာသာစကားကို အသုံးပြုသည်။ အစ္စလာမ်သည် တရားဝင်ကိုးကွယ်သည့် နိုင်ငံတော်ဘာသာဖြစ်ပြီး လူဦးရေ၏ ၉၉.ရရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။ အာဖဂန်နစ္စတန်၌ မူဆလင်တို့ ဝတ်ပြုဆုတောင်းရာ သောကြာနေ့တွင် စျေးဆိုင်များ၊ စီးပွားရေးလုပ်ငန်းများ ပိတ်လေ့ရှိ၏။

သမိုင်းကြောင်းကိုပြန်ကြည့်လျှင် အာရှတိုက်၏ဗဟိုနှင့် တောင်ပိုင်းကို ဆက်သွယ်သည့် လမ်းကြောင်းပေါ်က နိုင်ငံဖြစ်သည့် အာဖဂန်နစ္စတန်သည် အဆက်ဆက်သော ကျူးကျော်သူတို့၏ဒဏ်ကို ခံခဲ့ရ၏။

မာယာအင်ပါရာအတွင်း ပါခဲ့ဖူးသလို အလက်ဇန္ဒားသဂရိတ်၏ ဂရိအင်ပါရာ၌ သိမ်းပိုက်ခံနိုင်ငံလည်း ဖြစ်ခဲ့၏။ ရက်ရှီဒွန်ကာလီဖိတ်များ၊ ဂင်ဂျစ်ခန်၏ မွန်ဂိုအင်ပါရာ၊ တိမူး၏အင်ပါရာ၊ ပါရှန်အင်ပါရာ၊ ဆစ်ခ်အင်ပါရာနှင့် ဗြိတိသျှအင်ပါရာစသဖြင့် အဆက်ဆက်သော အင်ပါရာပြည့်ရှင်တို့၏ လက်ထက်တော်အသီးသီး၌ အာဖဂန်နစ္စတန်ကို ပြည်ပနိုင်ငံများက ကျူးကျော်သိမ်းပိုက်ခဲ့ကြသည်။

လောလောလတ်လတ် ရာစုသုံးခုဖြစ်သော ၁၉ ရာစု၊ ၂၀ ရာစုနှင့် ၂၁ ရာစုတို့တွင် ဗြိတိသျှ၊ ဆိုဗီယက်နှင့် အမေရိကန်တည်းဟူသော ရာစုအလိုက် စူပါပါ၀ါနိုင်ငံကြီးများ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ခဲ့ကြဖူးသည်။ သို့သော် အဖြေကတော့ “တပ်လန်” ခဲ့ကြောင်း သမိုင်းက သက်သေပြလျက်ရှိပါသည်။

အာဖဂန်နစ္စတန်နှင့် ဗြိတိသျှ (၁၉ ရာစု)

၁၉ရာစုသည် ဗြိတိသျှနှင့် ရုရှားတို့အကြား အာရှ၌အင်ပါရာ ချဲ့ထွင်မှုနှင့်ပတ်သက်ပြီး သံတမန်ရေးရော စစ်ရေးပါ ဘတစ်ပြန်ကျား တစ်ပြန်ပြိုင်ဆိုင်ခဲ့သည့် ကာလဖြစ်သည်။ ဗြိတိသျှတို့အတွက် “ကစားပွဲအကြီးကြီး” ဖြစ်သလို ရုရှားတို့အတွက်လည်း “သြဇာခံမှုပြိုင်ပွဲ” ဖြစ်ခဲ့၏။

ရုရှား၏ ဇာဘုရင်မင်းဆက်အနေနှင့် ဗြိတိသျှတို့ အိန္ဒိယကို သိမ်းပိုက်ထားခြင်းအား “ရန်သူအင်အားစု” အဖြစ် ရှုမြင်ခဲ့ကြသည်။ အကြောင်းမှာ ယနေ့ကမ္ဘာ့မြေပုံပေါ်၌ ကာဇက်စတန်၊ တာ့က်မန်နစ္စတန်၊ ကာဂျစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် တာဂျစ်ကစ္စတန်နယ်များကို ဗြိတိန်တို့သိမ်းပိုက်ထားသည့် အိန္ဒိယမှတစ်ဆင့် စိုးမိုးထိပါးလာနိုင်ခြေကို တွက်ဆခဲ့သည့် အတွက်ဖြစ်ပါသည်။

၁၈၃၂ ခုနှစ်တွင်ယူနိုက်တက်ကင်းဒမ်း၌ First Reform Bill အရ ဆန္ဒမဲပေးပိုင်ခွင့်ဆိုင်ရာ လိုအပ်ချက်များကို ပြဋ္ဌာန်းခဲ့သည့်အခါ ရုရှား၏ သက်ဦးဆံပိုင် ပထမနီကိုလပ်စ်အနေနှင့် သဘောမတူနိုင်ခဲ့ဘဲ ရုရှားနှင့်ဗြိတိန်အကြား စစ်အေးတိုက်ပွဲစခဲ့သည်ဟု ဆိုရပါမည်။ ရုရှား၏ အော်တိုကရေစီနှင့် ဗြိတိသျှ၏ ဒီမိုကရေစီတို့ သဟဇာတမတည့်ခြင်းဇာတ်လမ်းအစဟု သမိုင်းပညာရှင်တို့က မှတ်တမ်းတင်ခဲ့၏။

၁၈၃၇ ခုနှစ်၌ အာဖဂန်နစ္စတန် မတည်မငြိမ်ဖြစ်လာသည့်အခါ အိန္ဒိယ၏အနောက်မြောက်ဒေသ၊ အာဆစ်ခ်ဧကရာဇ်နယ်အတွင်းသို့ အာဖဂန်နစ္စတန်မှတစ်ဆင့် ဖြတ်သန်းလျက် အိန္ဒိယအင်ပါရာထိ ရုရှားတို့ဝင်ရောက်လာမည်ကို ဗြိတိသျှတို့စိုးရိမ်ခဲ့၏။နီကိုလပ်စ်၏နိုင်ငံခြားရေးမူဝါဒမှာ အာရှကိုစိုးမိုးရေး မဟုတ်ဘဲ ဥရောပ၏ “ပိုနေမြဲကျားနေမြဲ” အခြေကို ထိန်းသိမ်းရန်ပိုအားသန်ခဲ့၏။ထိုအခြေအနေမှာ ရုရှားသည် ပရပ်ရှား၊ သြစတြီးယားတို့နှင့် ပိုမိုပူးပေါင်းပြီး ပြင်သစ်ကို အထီးကျန်ဖြစ်အောင် ထားလိုသည့် ပေါ်လစီဖြစ်၏။

၁၈၃၇ ခုနှစ် ခိုင်ဘာတောင်ကြားအနီး ဂျမ္မရဒ်တိုက်ပွဲတွင် ဆစ်ခ်ခါလဆာတပ်က အနိုင်ရပြီး အက္ကဘာခန်နှင့် အာဖဂန်စစ်တပ်တို့ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။သို့သော် ဆစ်ခ်စစ်ခေါင်းဆောင် ဟာရိဆင်းနယ်လ်ဝါကိုအာဖဂန်တို့ သတ်ဖြတ်ခဲ့သဖြင့်အာဖဂန်- ဆစ်ခ်စစ်ပွဲအဖြစ် အဆုံးသတ်ခဲ့၏။ဤအခြေအနေကအိန္ဒိယ၏ အရှေ့ဘက်တစ်လွှား၌ “ကစားပွဲအကြီးကြီး” စချင်နေသည့် ဗြိတိသျှအတွက် အကွက်ဆိုက်လာခဲ့ပေပြီ။

၁၈၃၈ ခုနှစ်တွင် ဗြိတိသျှနယ်ခြားစောင့်တပ်သည် အာဖဂန်နစ္စတန်နိုင်ငံတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ပြီး ဒို့စ်မိုဟာမက်ကို ဖမ်းဆီးကာ အိန္ဒိယသို့ ပြည်နှင်ဒဏ်ပေးခဲ့သည်။ သူ့နေရာတွင်ယခင်ဘုရင် ရှာရှုဂျာကိုနန်းပြန်တင်ခဲ့ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ ၁၈၄၂ ခုနှစ်တွင် ဗြိတိသျှတို့၏ အယ်လ်ဖင်စတုန်းတပ်ဖွဲ့ အမြစ်ပြတ်ချေမှုန်းခံခဲ့ရပြီး ကဘူးလ်မှထွက်ပြေးခဲ့ရသည်။ ပြည်နှင်ဒဏ်ပေးထားသည့် ဒို့စ်မိုဟာမက်ကို နန်းပြန်တင်ပေးပြီး အာဖဂန်နစ္စတန်မှဗြိတိသျှ-အိန္ဒိယတပ်များ ပြန်လည်ဆုတ်ခွာပေးခဲ့ရ၏။

ဒုတိယအာဖဂန် - ဗြိတိသျှစစ်သည် ၁၈၇၈ မှ ၁၈၈၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့၏။အာဖဂန်နစ္စတန်ဘက်မှ ထိခိုက်ကျဆုံးမှုကို အတိအကျ မသိရသော်လည်း ဗြိတိသျှတို့ဘက်မှ အဓိကတိုက်ပွဲများအတွင်း အသတ်ခံရသူ ၅,၀၀၀ အပါအဝင် စုစုပေါင်း ၉,၈၅၀ ကျဆုံးခဲ့၏။ ဒဏ်ရာရပြီး သေဆုံးသူ ၁,၈၅၀ ရှိပြီး စစ်မြေပြင်၌ ရောဂါကြောင့် သေဆုံးသူ ၈,၀၀၀ ကျော် ရှိခဲ့သည်။ဗြိတိသျှ - အိန္ဒိယတပ်များဆုတ်ခွာပေးပါက ဗြိတိသျှပိုင်ရပ်ဂျ်နယ်နှင့် ရုရှားအင်ပါရာတို့အကြားကြားခံ စောင့်ရှောက်နယ်မြေအဖြစ် ရပ်တည်မည်ဖြစ်ကြောင်း အာဖဂန်တို့ သဘောတူခဲ့၏။

ပထမကမ္ဘာစစ် (၁၉၁၄ -၁၈) အတွင်း အာဖဂန်နစ္စတန်တို့သည် ဗြိတိသျှ၏ ရန်သူဖြစ်သော အော်တိုမန်တူရကီတို့ဘက်မှ ကျယ်ကျယ်ပြန့်ပြန့် ကူညီခဲ့သည်။ ထိုအချိန်က အာဖဂန်ပြည့်ရှင် ဟာဘီဘူလာခန်အနေနှင့် စစ်အတွင်း တစ်ဖက်ဖက်ယိမ်းသည့်နိုင်ငံရေးပေါ်လစီမဖြစ်အောင် အထူးဂရုပြုနိုင်ခဲ့သည်။ သို့သော် ၁၉၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် သူလုပ်ကြံသတ်ဖြတ်ခံရသည့်အခါ ဗြိတိသျှဆန့်ကျင်ရေး လှုပ်ရှားမှုများ ခေါင်းထောင်လာခဲ့သည်။ နန်းမွေဆက်ခံသူ အမ္မန်နူလာခန်က သူ၏နန်းတက်အခမ်းအနား၌ ဗြိတိသျှထံမှ အလုံးစုံလွတ်လပ်ရေး ရယူလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည့်အခါ ထိုနှစ်မေလတွင် တတိယ အာဖဂန် - ဗြိတိသျှစစ်ပွဲဖြစ်ပွားလာခဲ့သည်။

ပထမကမ္ဘာစစ်ကို တိုက်ပွဲဝင်ခဲ့ရသည့်အတွက် အာဖဂန်စစ်တပ်ရော ဗြိတိသျှ - အိန္ဒိယတပ်များပါ စစ်ပန်းနေသည့်အချိန်ဖြစ်သည်။သို့သော် တိုက်ပွဲကာလ တစ်လကျော်အတွင်း အာဖဂန်တပ်များ အနိုင်ရရှိခဲ့ပြီး ၁၉၁၉ သြဂုတ် ၈ ရက်တွင် (ယခု ပါကစ္စတန်ပိုင်နက် အတွင်းရှိ) ရာဝါပင်ဒီ၌ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့ကြသည်။ ထိုစာချုပ်လက်မှတ် မထိုးရသေးမီကပင် အာဖဂန်တို့သည် အသစ်စက်စက် ဆိုဗီယက်ယူနီယံမှ ဘော်လ်ရှီဗစ်တို့နှင့် “အထူးမဟာမိတ်” ဖွဲ့ခဲ့ပြီးဖြစ်ပါသည်။

ဤဆောင်းပါးအစတွင် ကောက်နုတ်ဖော်ပြခဲ့သည့် “ရွှေပြည်တော်မျှော်တိုင်းဝေး” ဝတ္ထုရှည်မှာ အာဖဂန် - ဗြိတိသျှစစ်ပွဲ၏ ဒုတိယနှင့် တတိယကာလအတွင်းကို အခြေခံရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ၁၉ ရာစုတွင် အာဖဂန်နစ္စတန်၌ တပ်လန်ခဲ့ရသည ့် စူပါပါ၀ါဗြိတိသျှအတွက် ဤဇာတ်ဝင်ခန်းစကားများက အဖြေပေးထားပါသည်။

“အင်္ဂလိပ်တွေ အာဖဂန်ကို စစ်တိုက်ခဲ့တာတွေ သတ်ဖြတ်ခဲ့တာတွေဟာ အချည်းနှီးပါပဲ။ ကျုပ်တို့အာဖဂန်လူမျိုးဟာ အလွန်အမှတ်သညာကြီးတယ်။ နယ်စပ်တိုက်ပွဲတွေမှာ အင်ဂရေစီတွေနှင့် တိုက်ခဲ့ကြတဲ့ အာဖဂန်လူမျိုးတွေဟာ အဲဒီစစ်ပွဲတွေကိုမေ့ကြဦးမှာ မဟုတ်သေးဘူး။ နောင်လာမယ့် နှစ်ပေါင်းအတော်ကြာသည်အထိ သူတို့ဟာအင်ဂရေစီတွေကို ရန်သူလို သဘောထားနေကြဦးမှာပဲ”။

“ဒါပေမဲ့ ရုရှားတွေကိုတော့ သူတို့နှင့် စစ်မတိုက်ဖူးသေးတဲ့အတွက် သူတို့ရဲ့မဟာမိတ်လို့ အောက်မေ့နေကြမှာပဲ”။

သို့ဆိုလျှင် မဟာမိတ်ဖြစ်သော ရုရှားတို့နှင့် အာဖဂန်တို့ ရန်သူဖြစ်ဖို့ နောက်ထပ် နှစ် ၆၀ စောင့်လိုက်ရပါ၏။

အာဖဂန်နစ္စတန်နှင့် ဆိုဗီယက် (၂၀ ရာစု)

၁၉၇၈ ခုနှစ်တွင် ဆိုဗီယက် - အာဖဂန်နစ္စတန် မိတ်ဆွေရင်းချာစာချုပ် (Soviet-Afghan) ကို ချုပ်ဆိုခဲ့ကြသည်။ဤစာချုပ်အရ “နှစ်နိုင်ငံအကြား စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ အပြန်အလှန် အကူအညီပေးရန်” ဆိုသည့် စာပိုဒ်ပါဝင်သည်။ ဆိုဗီယက်တို့အနေနှင့်အာဖဂန် နယ်စပ်တစ်လျှောက် နယ်မြေများသည် အာရှတိုက်သို့ဝင်ရောက်ရန် အရေးပါသည့်ဂိတ်များအဖြစ် ရှုမြင်သည်။ ထို့ကြောင့်သူ့နိုင်ငံ၏ အကျိုးစီးပွားကိုရာစုနှစ်ချီအောင် တည်တ့ံစေရေးအတွက် အာဖဂန်နှင့် နှစ်ရှည်လများမိတ်ဆွေဖြစ်မှုကို သေချာသည်ထက်ပိုသေချာစေရန် ရုရှားကအလိုရှိခဲ့သည်။

၁၉၇၈ ခုနှစ်၌တစ်ပါတီစနစ်ကို ကျင့်သုံးသော အာဖဂန်နစ္စတန်တွင် ကွန်မြူနစ်ပါတီ ခေါင်းဆောင်အဖြစ် နူးရ်မိုဟာမက် တာရာကီက တာဝန်ယူဆောင်ရွက်ခဲ့သော်လည်း အာဖဂန်ပြည်သူများအကြား လူထုထောက်ခံမှု အကြီးအကျယ် ကျဆင်းနေခဲ့၏။ ၁၉၇၉ စက်တင်ဘာလအတွင်း တာရာကီကို အာဖဂန်ကွန်မြူနစ်ပါတီအတွင်းမှ “သူ့လူများ” က သုတ်သင်လိုက်သည့်အခါ ဆိုဗီယက်အနေနှင့် စာချုပ်ကို အကြောင်းပြအသုံးချရန် အကွက်ပေါ်သွားခဲ့၏။

၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ဆိုဗီယက်ယူနီယံတပ်များ အာဖဂန်နစ္စတန်ကို ဝင်ရောက်သိမ်းပိုက်ခဲ့ကြ၏။ ဆိုဗီယက်ခေါင်းဆောင် လီယိုနစ်ဘရက်ဇညက်က ထောက်ပို့လေယာဉ်၂၈၀၊ တပ်မတစ်ခုလျှင် စစ်သည်အင်အား ၈,၅၀၀ ပါဝင်သော ဒီဝီဇံတပ်မကြီးသုံးခုတို့ကို စေလွှတ်ခဲ့ရာခုခံမှုများ ပြင်းထန်သော်လည်း ဇာတ်လမ်းမရှည်ခဲ့ဘဲ ရက်ပိုင်းအတွင်း တဂျ်ဘာ့ဂ်နန်းတော်နှင့် ကဘူးကို ထိန်းချုပ်နိုင်ခဲ့သည်။ အာဖဂန်နစ္စတန် မာ့က်စ်ပြည်သူ့ဒီမိုကရက်တစ်ပါတီ (Marxist People’s Democratic Party of Afghanistan - PDPA) မှ ဘာဘရက်ကာမဲလ်ကို ခေါင်းဆောင်တင်မြှောက်ပြီး သူတို့အလိုကျ အစိုးရအဖြစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်တွင် အာဖဂန်မြောက်ပိုင်းမှ ဆိုဗီယက်ခြေလျင်တပ်များလည်း ဝင်ရောက်လာနိုင်ခဲ့၏။

အချိန်မဆိုင်းဆိုသလိုပင် ဆိုဗီယက်ကျူးကျော်မှုကို ပုန်ကန်သည့်အုပ်စုများ နိုင်ငံတစ်လွှား ပေါ်ထွက်လာခဲ့သည်။ ယင်းတို့ကို စုစည်းနိုင်သူမှာ မူဂျာဟီဒင်များ ဖြစ်၏။  မူဂျာဟီဒင်ဆိုသည်မှာ အာရေဘစ်အသုံးအနှုန်းဖြစ်ပြီး “ဂျီဟဒ်စစ်ပွဲကို ယုံကြည်ဆင်နွှဲသူ” ဟု အဓိပ္ပါယ်ရသည်။ သူတို့ပေါင်းစည်းသွားမိခြင်း၏ အဓိကအချက်မှာ ကျူးကျော်သူ ဆိုဗီယက်တို့သည် ဘာသာမဲ့များဖြစ်သဖြင့် အာဖဂန်တို့ကိုးကွယ်သော အစ္စလာမ်ဘာသာနှင့် ယဉ်ကျေးမှုထုံးဓလေ့များအတွက် အဟန့်အတားဖြစ်စေသည်ဆိုသည့် ဘုံအယူအဆရေးရာ တူညီချက်ဖြစ်၏။ အဆိုပါအုပ်စုများတွင် ဘာသာရေးအခြေပြု၊ လူမျိုးစုအခြေပြုသမားများ ရောယှက်နေသလို တစ်ချိန်ကအာဖဂန်စစ်တပ်တွင် အမှုထမ်းခဲ့သည့် စစ်မှုထမ်းဟောင်းများ ပါဝင်သည်။ သူတို့ကိုလွတ်မြောက်ရေးတိုက်ပွဲ ဝင်နေသူများဟု အနောက်အုပ်စုက ချီးမြှောက်ခဲ့ပြီး အမေရိကန်နှင့် ပါကစ္စတန်တို့က ကျောထောက် နောက်ခံပြုလျက် ရန်ပုံငွေပ့ံပိုးခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် အမေရိကန်သမ္မတ ဂျင်မီကာတာက ပါကစ္စတန်ထောက်လှမ်းရေးမှ တစ်ဆင့် မူဂျာဟီဒင်များထံ လက်နက်ပ့ံပိုးခဲ့သလို ဆော်ဒီအာရေဗျကပါ ငွေကြေးထည့်ဝင်ခဲ့သည်။ စီးဝင်လာသည့် ငွေကြေးနှင့် လက်နက်များကို ပါကစ္စတန်က ကမကထပြုခွဲဝေရာ၌ မည်သည့်မူဂျာဟီဒင်အုပ်စုကို မည်မျှထောက်ပ့ံသင့်ကြောင်း ရွေးချယ်ဆုံးဖြတ်ရာတွင် အများအားဖြင့် အစွန်းရောက်အုပ်စုများကသာ ခွဲတမ်းပိုမိုရရှိသွားကြသည်။ မူဂျာဟီဒင်တို့သည် ကျေးလက်နယ်မြေရှိ အာဖဂန်ပြည်သူများကို ကောင်းစွာစည်းရုံးနိုင်ခဲ့၏။

၁၉၈၁ ခုနှစ်တွင်အမေရိကန်သည် ပါကစ္စတန်ကို အာဖဂန်ပြည်တွင်းစစ်အတွက် စီးပွားရေးရော စစ်ရေးပါ အကူအညီပေးရန် မီးစိမ်းပြခဲ့ပြီး သမ္မတရော်နယ်ရေဂင် လက်ထက်ပ့ံပိုးမှုများ တိုးမြင့်လာခဲ့၏။ ဆိုင်ကလုန်းစစ်ဆင်ရေး (Operation Cyclone) ဆိုသည့် နာမည်ကျော်ပူးတွဲချိတ်ဆက် လေ့ကျင့်ရေးအတွက် အမေရိကန် ဒေါ်လာသုံးဘီလျံ အကုန်အကျခံခဲ့သည်။

၁၉၈၇ ခုနှစ် ရောက်သည့်အခါ ပခုံးထမ်း၍ပစ်ခတ်နိုင်သော အဆိပ်စွယ် (Stingers) ဟု အမည်ပေးထားသည့် လေယာဉ်ပစ် ဒုံးကျည်များကို အမေရိကန်က ထောက်ပ့ံခဲ့ရာ မူဂျာဟီဒင်တို့က ဆိုဗီယက်လေယာဉ်နှင့် ဟယ်လီကော့ပတာများကို ဤလက်နက်သုံး၍ ပစ်ချခဲ့ကြလေသည်။ Stingers သည် တိုက်ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့ပြီး မူဂျာဟီဒင်တို့နိုင်ငံ၏နယ်မြေများစွာကို ထိန်းချုပ်လာနိုင်ခဲ့သည်။

ထိုသို့အခြေမလှဖြစ်လာသည့်အတွက် ဆိုဗီယက်သြဇာခံအစိုးရအနေနှင့် တစ်ပါတီစနစ်ကို နိဂုံးချုပ်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပေး မည်ဖြစ်ကြောင်း ကြေညာခဲ့ရသည်။

၁၉၈၈ ခုနှစ်အတွင်း ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဘာချက်ကလည်း စစ်သားများ စတင်ဆုတ်ခွာစေခဲ့သည်။ ဧပြီလအတွင်း ရွေးကောက်ပွဲကျင်းပ၍ ညွန့်ပေါင်း အစိုးရဖွဲ့စည်းကာ ကြားဖြတ်ကာလ ခေါင်းဆောင်အဖြစ် မိုဟာမက်နာဂျီဘူလာကို တင်မြှောက်ခဲ့ပြီး မူဂျာဟီဒင်များ လက်နက်စွန့်ပါက ဝင်ရောက်လာနိုင်ရန် ပါလီမန်နေရာ ၅၀ ကို လစ်လပ်ထားရှိပေးခဲ့၏။

တကယ်တော့ ထိုနှစ်အတွင်းမှာပင် အာဖဂန်သို့ ဝင်ရောက်လာလတ္တံ့သော နောက်ထပ်စူပါပါ၀ါအတွက် သမိုင်းကြီးကြီး အခြေတည်ခဲ့ပါပြီ။

၁၉၈၈ ခုနှစ်  သြဂုတ် ၁၁ ရက်နေ့၌ ဆိုဗီယက်-အာဖဂန်စစ်ပွဲအတွင်း အိုစမာဘင်လာဒင်၊ အဗ္ဗဒူလာအဇ္ဇမ်နှင့် အခြားအဖွဲ့များ ပူးပေါင်းလျက် လက်နက်ကိုင် ဆွန်နီအစ္စလာမ်မစ်အုပ်စုဖြစ်သည့် အယ်လ်ကေဒါကို အောင်မြင်စွာ ဖွဲ့စည်းခဲ့ကြသည်။ ပါကစ္စတန်ကို အခြေပြုလှုပ်ရှားခဲ့သည့် ဘင်လာဒင်သည် ၁၉၈၀ ပြည့်လွန် ကာလများအတွင်းက မူဂျာဟီဒင်အတွက် အဓိကငွေကြေးပ့ံပိုးသူဖြစ်သည်။သူသည်ပြည်ပမှ တိုက်ပွဲဝင်လိုသည့် မူဆလင်များကိုလည်း လေ့ကျင့်ပေးခဲ့၏။

၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင်  အာဖဂန်နယ်စပ်မှနောက်ဆုံး ဆိုဗီယက်စစ်သား ဆုတ်ခွာသွားခဲ့၏။

မူဂျာဟီဒင်များကတော့ ၀ါရှင်တန်နှင့်အစ္စလာမ်မာဘတ်မှ ငွေကြေးပ့ံပိုးမှုများ ဆက်လက်ရယူရင်း မော်စကိုကျောထောက်နောက်ခံပြု နာဂျီဘူလာအစိုးရကို ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။

၉ နှစ် ၁ လ ၃ ပတ်နှင့် ၁ ရက် ကြာခဲ့သည့် အာဖဂန်-ဆိုဗီယက်စစ်ပွဲတွင် ဆိုဗီယက်ဘက်မှ တိုက်ပွဲများတွင်ရော၊ ဒဏ်ရာကြောင့်ပါ သေဆုံးသူ ၁၄,၄၅၃ ယောက်၊ ဒဏ်ရာရသူ ၅၃,၇၅၃၊ ပျောက်ဆုံးသူ ၂၆၄ ဦးရှိပြီး ဆိုဗီယက် ထောက်ခံသည့် အာဖဂန်တပ်များဘက်က ၁၈,၀၀၀ ကျော် အသတ်ခံခဲ့ရသည်။မူဂျာဟီဒင်တို့ဘက်မှ အနည်းဆုံး ၉၀,၀၀၀ ကျော် သေဆုံးခဲ့၏။ ပူးတွဲတိုက်ပွဲဝင်ခဲ့သူ ပါကစ္စတန်အနေနှင့် ၅,၇၇၅ သေဆုံးပြီး ၆,၈၀၄ ဒဏ်ရာရခဲ့၏။

၂၀ ရာစုအတွင်း စူပါပါ၀ါ ဆိုဗီယက်ယူနီယံ၏ ဆယ်နှစ်နီးပါး ဆင်နွှဲခဲ့သည့် အာဖဂန်နစ္စတန် ကျူးကျော်မှုက တပ်ဖွဲ့ဝင်တို့၏အသက်၊ ငွေကြေးတို့ ပုံအောကုန်ကျခဲ့သည့်တိုင် ဆုတ်ခွာခြင်းနှင့်သာ အဆုံးသတ်ခဲ့ရုံမျှမက အကြမ်းဖက်မှုနှင့် အစွန်းရောက်အုပ်စုများကိုပါ မွေးဖွားပေးခဲ့လေသည်။

အာဖဂန်နစ္စတန်နှင့် အမေရိကန် (၂၁ ရာစု)

၉ လ ပိုင်း ၁၁ ရက်၂၀၀၁ ခုနှစ် - အင်္ဂါနေ့

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ မင်ဟက်တန်ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မျှော်စင်ညီနောင်ကို အယ်လ်ကေဒါ ကျောထောက်နောက်ခံပေးထားသည့် ၀ါဟပ်ဗီအစ္စလာမ်မစ် အကြမ်းဖက်အုပ်စု (Wahhabi Islamist Terrorist) က တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၂,၉၉၆ ဦး သေဆုံးခဲ့ရ၏။ လေယာဉ်များကို အပိုင်စီးကာ သက်ရှိဗုံးအဖြစ် တိုက်ခိုက်သွားသည့်ပုံစံဖြစ်ပြီး အဖွဲ့ဝင် ၁၉ ယောက်ပါဝင်ကာ ပင်တဂွန်စစ်ဌာနချုပ်နှင့် အမေရိကန်လွှတ်တော် သို့မဟုတ် သမ္မတအိမ်ဖြူတော်ကိုပါ တစ်ချိန်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်သည် အယ်လ်ကေဒါတို့ အခြေပြုရာ တိုင်းပြည်ဖြစ်သော်လည်း လေယာဉ်အပိုင်စီး၍ အကြမ်းဖက်တိုက်ပွဲဝင်သူ ၁၉ ယောက်တွင် အာဖဂန်နိုင်ငံသား တစ်ယောက်မှ မပါဝင်ခဲ့ပါ။ ထိုအချိန်ကအမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က “အကြမ်းဖက်ဝါဒကို ဆန့်ကျင်သည့်စစ်ပွဲဆင်နွှဲရမည်” ဟု ကြွေးကြော်ကာ အာဖဂန်နိုင်ငံတွင်းရှိ အိုစမာဘင်လာဒင်နှင့် အယ်လ်ကေဒါအဖွဲ့ကို ပစ်မှတ်အဖြစ် ကြေညာခဲ့၏။

ဤသို့ဖြင့် ၂၀၀၁ ခုနှစ် အောက်တိုဘာ ၇ ရက်မှသည် ၂၀၂၁ ခုနှစ် သြဂုတ် ၁၅ ရက်အထိ၊ ၁၉ နှစ် ၁၀ လ ၁ ပတ်နှင့် ၁ ရက်ကြာ အာဖဂန်နစ္စတန် - အမေရိကန်စစ်ပွဲကြီး စတင်ခဲ့ပါတော့သည်။ သမိုင်းမှတ်တမ်းတင်သူတို့ အလိုအရ စစ်ပွဲစတင်ချိန်မှ ၂၀၁၄ ခုနှစ်ကုန်ထိ ပထမပိုင်း၊၂၀၁၅ နှစ်ဆန်းမှ ယခု ၂၀၂၁ သြဂုတ်လလယ်အထိ ဒုတိယပိုင်းဟု သတ်မှတ်လိုကြ၏။

အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့သည့်စစ်ပွဲကို “လွတ်မြောက်မှု အဓွန့်ရှည်စစ်ဆင်ရေး” (Operation Enduring Freedom)ဟုအမည်ပေးခဲ့ပြီး တာလီဘန်တပ်ဖွဲ့များအပေါ်ဗုံးကြဲစစ်ဆင်ရေးဖြင့် အစပြုခဲ့သည်။ ဗြိတိသျှ၊ ကနေဒါ၊ ဂျာမနီနှင့် ပြင်သစ်တို့ ပူးတွဲတိုက်ပွဲဝင်ခဲ့ပြီး တာလီဘန်နှင့် အယ်လ်ကေဒါများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ အမေရိကန်အထူးတပ်ဖွဲ့ဝင် ၁၀၀၀ သည် မြောက်ပိုင်းမဟာမိတ်များ၊ တာလီဘန်ကို ဆန့်ကျင်သည့် ပထန်မျိုးနွယ်စုများနှင့်အတူ ထိုးစစ်ဆင်ခဲ့၏။ လေကြောင်းစစ်ဆင်ပြီး ၁၂ ရက်အကြာမှသာ မြေပြင်တိုက်ပွဲ စတင်နိုင်ခဲ့သည်။

၂၀၀၁ ခုနှစ် နိုဝင်ဘာလအတွင်း တာလီဘန်အစိုးရသည် ပြိုကွဲစပြုလာပြီး တယ်လိုကန်၊ ဘာမီယန်၊ ဟီစတ်၊ ကဘူး၊ ဂျလာလာဘတ် စသည့်မြို့ကြီးများကို လက်လွှတ်ခဲ့ရ၏။ နိုဝင်ဘာ ၁၄ ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၁၃၇၈ အရ အကူးအပြောင်းကာလ စီမံအုပ်ချုပ်ရေး ထူထောင်ဖွဲ့စည်းရန်၊ နိုင်ငံတွင်းတည်ငြိမ်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများမှ ငြိမ်းချမ်းရေးတပ်ဖွဲ့များ စေလွှတ်ပေးရန်နှင့် လိုအပ်သည့် အထောက်အပ့ံများ ကူညီကြရန် ဖော်ပြခဲ့သည်။

ထောက်လှမ်းရေးများ၊ ခေတ်မီနည်းနာများနှင့် မည်သို့ခြေရာခံခဲ့သည်ဖြစ်စေ အယ်လ်ကေဒါ ခေါင်းဆောင် ဘင်လာဒင်ကတော့ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလအတွင်း အာဖဂန်နစ္စတန်မှ လွတ်ထွက်သွားခဲ့သည်။ကဘူးမြို့ အရှေ့တောင်ဘက်ရှိ တိုရာဘိုရာတောင်စဉ် တောင်တန်းများအကြား ဂူတစ်လုံးဆီမှ “မြင်းကလေးစီး၍” ထွက်ခွာသွားနိုင်ခဲ့၏။

တာလီဘန်တို့လက်မှ ကဘူးကျဆုံးပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂကကြီးမှူး၍ အာဖဂန်နိုင်ငံတွင်း အုပ်စုများကို ဖိတ်ခေါ်လျက် ဂျာမနီနိုင်ငံ ဘွန်းမြို့တွင် ညီလာခံတစ်ရပ် ကျင်းပပေးခဲ့ရာ ဒီဇင်ဘာ ၅ ရက်၌ ဘွန်းသဘောတူညီချက်ကို အုပ်စုအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့၏။ ဟာမစ်ကာဇိုင်း ဦးဆောင်သည့်ကြားဖြတ်ကောင်စီကို တင်ပေးပြီး ကမ္ဘာ့ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက် ၁၃၈၆ အရ လုံခြုံရေးအထောက်အကူပြု နိုင်ငံတကာတပ်ဖွဲ့ (International Security Assistance Force - ISAF) ကို ဖွဲ့စည်းတည်ထောင်ခဲ့၏။

၂၀၀၂ ဇွန်လတွင် အာဖဂန်နစ္စတန်၏ခရိုင် ၃၆၄ ခုမှ ကိုယ်စားလှယ် ၁,၅၅၀ တက်ရောက်ခဲ့သည့် အရေးပေါ်ညီလာခံက ဟာမစ်ကာဇိုင်းကို ကြားဖြတ်အစိုးရ အကြီးအကဲအဖြစ် တင်မြှောက်ခဲ့၏။ထိုနှစ်နိုဝင်ဘာလမှအစပြု၍ မြို့ပြအုပ်ချုပ်ရေးနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများပါ ပူးပေါင်းလျက် ဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ခဲ့သည်။ ၂၀၀၃ မေလတွင် အဓိက စစ်ဆင်ရေးပြီးဆုံးပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဒေါ်နယ်ရမ်းစ်ဖဲလ်က ကြေညာခဲ့၏။

၂၀၀၄ ခုနှစ် ဇန်နဝါရီလတွင် ၅၀၂ ဦးသော အာဖဂန်ကိုယ်စားလှယ်များက သမ္မတစနစ်ကို အခြေပြုသည့် အာဖဂန်နစ္စတန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောတူခဲ့ကြသည်။ ရွေးကောက်ပွဲကျင်းပပြီးနောက် ထိုနှစ်အောက်တိုဘာလတွင် ကာဇိုင်းမှာ ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ခံရသည့် ပထမဆုံးသမ္မတဖြစ်လာ၏။ အာဖဂန်နစ္စတန်တွင် ၁၉၆၉ ခုနှစ် နောက်ပိုင်း ယခုလိုတစ်ကြိမ်မှမဲမပေးခဲ့ရဖူးပါ။

၂၀၀၅ ခုနှစ် မေလအတွင်း အမေရိကန် သမ္မတအိမ်ဖြူတော်၌ သမ္မတဘုရှ်နှင့် အာဖဂန်သမ္မတ ကာဇိုင်းတို့တွေ့ဆုံကာ “နိုင်ငံတကာ အကြမ်းဖက်မှုနှင့် အစွန်းရောက် လှုပ်ရှားမှုများကို တန်ပြန်တိုက်ခိုက်ရန်အတွက်” အာဖဂန်နစ္စတန်သို့ စစ်ရေးဆိုင်ရာ ထူထောင်ဖွဲ့စည်းမှုများ ထောက်ပ့ံကူညီသွားမည်ဟု ကြေငြာခဲ့သည်။ထိုကြေငြာချက်အရ အာဖဂန်စစ်တပ်ကို ဖွဲ့စည်းခြင်း၊ လေ့ကျင့်သင်ကြားခြင်း၊ လက်နက်တပ်ဆင်ခြင်းနှင့် စွမ်းရည်မြှင့်တင်ခြင်းတို့ ပါဝင်သည်။

တစ်ဖက်တွင်လည်း ၂၀၀၆ ခုနှစ်အတွင်း အသေခံဗုံးခွဲမှုများမှာ ယခင်နှစ်ကထက် ၅ ဆတက်လာသည်။ ၂၀၀၅ ခုနှစ်တွင် ၂၇ ခု သာရှိသော်လည်း ၂၀၀၆ ၌ ၁၃၉ ကြိမ် ထိရှိလာခဲ့သည်။ တစ်ဖန် အဝေးထိန်းစနစ်နှင့် ချိန်ကိုက်ဗုံးခွဲမှုများမှာ ၁၆၇၇ ကြိမ်သို့ ရောက်ရှိလာခဲ့၏။ ထိုသို့ သောင်းကျန်းမှုများ မြင့်တက်လာလေလေ၊ အုပ်ချုပ်ရေး စနစ်ထူထောင်မှုကို ထိခိုက်လာလေလေ ဖြစ်နေတော့သည်။ ရဲတပ်ဖွဲ့အနေနှင့်ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်ရန်ခက်ခဲလာခဲ့၏။

၂၀၀၇ ခုနှစ်အတွင်း အာဖဂန် - အမေရိကန်နှင့် NATO ပူးတွဲ စစ်ဆင်ရေး၌ တာလီဘန် စစ်ခေါင်းဆောင် မူလာဒါဒူလာ အသတ်ခံခဲ့ရ၏။ထို့ထက်ပို၍ဆိုးဝါးသည့်အဖြစ်မှာ၂၀၀၈ ခုနှစ် သြဂုတ်၂၂ ရက်၊ အနောက် ဟီရတ်ဒေသ၊ ရှင်ဒန်းခရိုင်တွင် အမေရိကန်တပ်များ၏ မှားယွင်းဗုံးချမှုကြောင့် အာဖဂန်အရပ်သား ၁၄၀ ကျော်သေဆုံးခဲ့ရခြင်းဖြစ်သည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း သမ္မတအိုဘားမား လက်ထက်တွင် အာဖဂန်စစ်မြေပြင်သို့ အမေရိကန်တပ်သား ၁၇,၀၀ ထပ်မံစေလွှတ်ရန် ကတိပြုခဲ့၏။ သူ့အချိန်ဇယားအရ အမေရိကန်တပ်ဖွဲ့များ အီရတ်မှ၂၀၁၁ နှစ်ကုန်တွင် ဆုတ်ခွာမည်ဖြစ်ပြီး အာဖဂန်၌ အားဖြည့်ကြမည်ဖြစ်သည်။ ထိုအချိန်က ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်ကတော့ ဤအစီအစဉ်သည် “ကျယ်ပြန့်လွန်းသည်” ဟု မှတ်ချက်ပြုခဲ့၏။

၂၀၀၉ မှ ၂၀၁၁ခုနှစ်အတွင်း အမေရိကန်တပ်ဖွဲ့ဝင်အင်အား အာဖဂန်၌ တစ်ဟုန်တိုးတိုးချဲ့ခဲ့ရာ စုစုပေါင်း ၁၄၀,၀၀၀ အထိ ရှိလာခဲ့ သည်။ NATO ခေါင်းဆောင်များအနေနှင့် အာဖဂန်နစ္စတန်မှာ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာရေးအတွက်၂၀၁၂ ခုနှစ်အတွင်း တဖွဖွပြောလာသည့်အခါ အမေရိကန်က အဓိကမြေပြင်စစ်ရေးလှုပ်ရှားမှုမှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ၌ အဆုံးသတ်မည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့၏။ ဆိုခဲ့သည့်အတိုင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာ၂၈ရက်တွင် NATO သည်လုံခြုံရေး အထောက်အကူပြု နိုင်ငံတကာတပ်ဖွဲ့ (International Security Assistance Force - ISAF) ၏ အခန်းကဏ္ဍကို ရပ်တန့်လျက် အာဖဂန်နစ္စတန် အစိုးရထံလုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာ တာဝန်အားလုံးလွှဲအပ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နှင့် တာလီဘန်တို့ ငြိမ်းချမ်းရေးဆွေးနွေးကာ ဒိုဟာသဘောတူညီချက် ရခဲ့ကြသည်။ အမေရိကန်တို့ အာဖဂန်မှ ၁၄ အတွင်း ဆုတ်ခွာရန်နှင့် တာလီဘန်တို့အနေနှင့်လည်း “အယ်လ်ကေဒါအပါအဝင် အမေရိကန်နှင့် မဟာမိတ်များ၏ လုံခြုံရေးကို ထိပါးလာမည့် မည်သည့်အကြမ်းဖက်အုပ်စု၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကိုမှ အာဖဂန်နစ္စတန်တွင် ရပ်တည်ခွင့်မပြုရန်” သဘောတူခဲ့ကြသည်။

ဤသဘောတူညီချက်အရ ၂၀၂၁ ခုနှစ်တွင် အမေရိကန် သမ္မတသစ်ဂျိုးဘိုင်ဒန် တက်လာသည့်အခါ နဂိုသဘောတူခဲ့သည့် အချိန်ဇယားအရ အမေရိကန်တို့ဆုတ်ခွာမည့်အချိန် မေ ၁ ရက်နေ့အစား စက်တင်ဘာ ၁၁ ရက်၊ နောက်ပိုင်းတွင် သြဂုတ် ၃၁ ရက်သို့ နောက်ဆုတ်ခဲ့သည်။ ထိုရွှေ့ဆိုင်းချက်အပေါ် တာလီဘန်တို့က အလေးမထားခဲ့ဘဲ မူလသဘောတူခဲ့သည့် မေ ၁ ရက်ကျော်သည်နှင့် တိုက်ပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲခဲ့ရာ သြဂုတ် ၁၅ ရက်တွင် မြို့တော်ကဘူးကို သိမ်းပိုက်သွားနိုင်ခဲ့၏။ ထိုနေ့၌ပင် အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ရက်ဖ်ဂါနီ တိုင်းပြည်မှထွက်ပြေးခဲ့၏။တာလီဘန်တို့အောင်ပွဲခံကာ စစ်ပွဲပြီးဆုံးပြီဖြစ်ကြောင်း ကြေညာခဲ့ကြသည်။

သြဂုတ် ၁၆ ရက်တွင် အမေရိကန်သမ္မတ ဘိုင်ဒန်ကတာလီဘန်တို့ အာဖဂန်နစ္စတန်ကိုပြန်လည် ဦးဆောင်သွားနိုင်ပြီဖြစ်ကြောင်းနှင့်လက်ကျန် အမေရိကန်တပ်များလည်း အပြီးသတ်ဆုတ်ခွာတော့ မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။

ဤကား၂၁ ရာစု၏စူပါပါ၀ါ အမေရိကန်တို့ အာဖဂန်နစ္စတန်မှ တပ်လန်ခဲ့သည့် ပစ္စက္ခပုံရိပ်များ ဖြစ်ပါသည်။

တက်ကြွားကြွကြွ လျှောကျနောက်ဆုံး

သမိုင်းတို့သည်ရေအလျဉ် ပမာမပြတ်စီးလျက်သာရှိ၏။ ဖြစ်ထွန်း တိုးတက်မှုတို့ကို ဆောင်ကြဉ်းလာသလို ဆုတ်ယုတ်ပျက်ယွင်းမှုများလည်း ဆောင်ယူလာတတ်၏။လက်နက်ဆန်းသစ်မှု၊ နည်းပညာ၊ လူသူအင်အားအသာစီးရတိုင်း ထာဝရအနိုင်ယူ၍ မရကြောင်းကိုတော့ စူပါပါ၀ါ၃နိုင်ငံ၏ ရာစုသုံးခုအတွင်း အာဖဂန်နစ္စတန်မှ တပ်လန်လာခဲ့ခြင်းက သက်သေပြလျက်ရှိသည်။ အကြောင်းကတော့ သမိုင်းဟူသည် သက်မဲ့ရုပ်ဝတ္ထုတို့ကို စေစားမောင်းနှင်ရာလူတို့၏ အခန်းကဏ္ဍကိုပစ်ပယ်၍ မဖြစ်သော ဖတ်စာအုပ်စစ်စစ်ဖြစ်နေသည့်အတွက် . . .။

အာဖဂန်နစ္စတန်၏ အနာဂတ် ကျန်းမာပကတိ ချမ်းသာစွာရှိပါစေ။                                    

Reference ;

https://www.britannica.com/event/Anglo-Afghan-Wars

https://inews.co.uk/news/world/russia-afghanistan-why-invade-soviet-union-invansion-1979-timeline-what-happened-1156206

https://en.m.wikipedia.org/wiki/Soviet%E2%80%93Afghan_War

https://en.m.wikipedia.org/wiki/September_11_attacks

https://www.cfr.org/timeline/us-war-afghanistan

https://en.m.wikipedia.org/wiki/War_in_Afghanistan_(2001%E2%80%932021)

https://thefactfile.org/Afghanistan-facts/