ပြည်ပလိဂ်တွင် သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသည်ဟု သတင်းထွက်ပေါ်နေမှုအပေါ် ရီးယဲလ်အသင်းက ကြေညာချက်ထုတ်ပြန်ကာ ငြင်းဆန်ခဲ့သည်။
'' Mundo Deportivo သတင်းစာမှာ ယနေ့ရေးသားဖော်ပြထားတဲ့ သတင်းအချက်အလက်တွေက လုံးဝမှားယွင်းပြီး ဖြစ်နိုင်ခြေမရှိပါဘူး။ ဒါက အသင်းကို အနှောင့်အယှက်ပေးချင်ရုံသက်သက်ပါပဲ။ ရီးယဲလ်မက်ဒရစ်အနေနဲ့ လာလီဂါကနေ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်ဆိုတာ မဟုတ်ပါဘူး''ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ တီဘက်စ်ကလည်း Mundo Deportivo သတင်းစာ၏ဖော်ပြမှုမှာ အဓိပ္ပာယ်လုံးဝမရှိကြောင်း Twitter တွင် ရေးသားတုံ့ပြန်ခဲ့သည်။
ရီးယဲလ်အသင်းသည် ဥရောပစူပါလိဂ်ကျင်းပရန် ဦးဆောင်ကြိုးပမ်းသည့် ထိပ်သီးကလပ် ၁၂ သင်းအနက် တစ်သင်းအပါအဝင်ဖြစ်သလို ပီရက်ဇ်မှာလည်း စူပါလိဂ်ကျင်းပဖြစ်ပါက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရန် ရွေးချယ်ထားပြီးဖြစ်သည်။
စူပါလိဂ်မှနုတ်ထွက်ကြောင်း ကြေညာရန်ကျန်ရှိနေသည့်သုံးသင်းတွင် ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အပြင် ရီးယဲလ်အသင်းလည်း ပါဝင်နေသည်။

ထို့ပြင် ပြီးခဲ့သည့်ရက်သတ္တပတ်က လာလီဂါပြိုင်ပွဲနှင့် CVC Capital Partners ကုမ္ပဏီတို့ ထုတ်ပြန်ခဲ့သော ယူရို ၂ ဒသမ ၁ ဘီလျံတန်ဖိုးရှိသည့် သဘောတူညီမှုကို ကန့်ကွက်ခဲ့သည့် လေးသင်းမှာလည်း ရီးယဲလ်၊ ဘာစီလိုနာ၊ ဘီလ်ဘာအိုနှင့် ဆီဂန် ဒါကလပ်တစ်သင်းတို့ဖြစ်သည်။
CVC ထံ ရှယ်ယာရောင်းချမည့်ကိစ္စကို ဥပဒေကြောင်းအရ တုံ့ပြန်မည်ဖြစ်ကြောင်း ရီးယဲလ်အသင်းက ကြေညာထားသဖြင့် လာလီဂါပြိုင်ပွဲဥက္ကဋ္ဌနှင့် ဆက်ဆံရေးတင်းမာနေခြင်းဖြစ်သည်။















